စစ်ကိုင်းတိုင်း မုံရွာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းပဋိပက္ခတွင် ဒေါ်ခင်ဝင်း သေဆုံးရသည့် အကြောင်းအရင်းသည် ဦးခေါင်း ခွံအား သေနတ် ထိမှန်၍ ဦးခွံကွဲအက်၊ ပွင့်ထွက် သေဆုံးရခြင်း ဖြစ်သည်ဟု ယနေ့တွင် ဆားလင်းကြီးမြို့နယ် တရားသူကြီး ဦးရွှေမြင့်မောင်က စီရင်ချက် ချမှတ်ခဲ့ကြောင်း သိရသည်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းပဋိပက္ခတွင် ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် မိုးကြိုးပြင် အလယ်ကျေးရွာမှ ဒေါ်ခင်ဝင်း သေဆုံးခဲ့ရခြင်း ဖြစ်သည်။
ယခု စီရင်ချက်သည် သေမှု သေခင်းနှင့် ပတ်သက်ပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေကြောင်းအရ သေဆုံးရသည့် အကြောင်းရင်း ကို တရားသူကြီးက စီရင်ချက်ချခြင်း ဖြစ်ကြောင်း၊ အမှုအနေနှင့် ဆက်လက် ဆောင်ရွက်ရဦးမည် ဖြစ်ကြောင်း အဆိုပါ အမှုကို လိုက်ပါကူညီ ဆောင်ရွက်ပေးနေသည့် အထက်မြန်မာပြည် ရှေ့နေကွန်ရက်မှ ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။
“ရဲတွေဘက်က ကျောက်ခဲထိမှန်ပြီး သေတယ်လို့ ပြောခဲ့သေးတာ။ ဒါတွေ အားလုံးပြီးရင်တော့ ဒေါ်ခင်ဝင်း ကိစ္စကို ကျနော်တို့ ရှေ့ဆက် လုပ်ဆောင်ဖို့တွေ ရှိတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆောင်ရွက်နေသည့် တရုတ်ဝမ်ပေါင် ကုမ္ပဏီက လျော်ကြေးရယူထားခြင်း မရှိသည့် စစ်ကိုင်း၊ ဆားလင်းကြီးမြို့နယ်၊ တုံရွာနဲ့ မိုးကြိုးပြင် အလယ်ကျေးရွာမှ လယ်ယာမြေများကို အဓမ္မဝင်ရောက် သိမ်းယူပြီး ခြံစည်းရိုး ကာရံခဲ့တဲ့အတွက် ရာပေါင်းများစွာသော ဒေသခံများက ဆန့်ကျင်ကန့်ကွက်ကြရာမှ ဝမ်ပေါင်ကုမ္ပဏီကို လုံခြုံရေးယူပေးထား သည့် ရဲတပ်ဖွဲ့၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒေါ်ခင်ဝင်း သေဆုံးခဲ့မှုအပေါ် ကျန်ရစ်သူ မိသားစုက အမှုမှန် ပေါ်ပေါက်ရေးအတွက် တိုင်ကြားခဲ့ခြင်းဖြစ်သည်။