နေပြည်တော် သမ္မတ အိမ်တော်တွင် ယနေ့ နေ့လယ် ၂ နာရီက ပြုလုပ်ခဲ့သည့် ခြောက်ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးမှုသည် တိကျသည့် အဖြေမထွက်သော ယေဘုယျဆန်သည့် တွေ့ဆုံမှုမျိုးသာ ဖြစ်သော်လည်း နောက်ပိုင်းတွင် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက် ပြုလုပ်မည် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ယင်း တွေ့ဆုံမှုတွင် သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွွှတ်တော် နာယက သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်တို့ ပါဝင်ခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အပါအဝင် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။
“သမ္မတကြီးတို့ ဘက်ကလည်း ဒီအခင်းအကျင်းကို ပြည်ထောင်စု လွှတ်တော်ဘက်က အဆိုပြုလို့ ပေါ်ပေါက်လာတာ ဖြစ်သလို ဆွေးနွေးမယ့် အကြောင်းအရောတွေကိုလည်း သူ့ဘက်က အသေးစိတ် မပြင်ဆင်ထားဘူး။ အဲဒါကြောင့် သူ့ဘက်က မူသဘော ဆွေးနွေးတယ်။ အဲဒီတော့ ထပ်ပြီးတော့ အသေးစိတ် ဆွေးနွေးမယ် ဆိုရင် ပြည်ထောင်စု လွှတ်တော်ဘက်က အသေးစိတ်အချက်အလက်တွေကို ပြင်ဆင်ပေးပါ” ဟု သမ္မတက ပြောကြားခဲ့ကြောင်း ဒေါက်တာအေးမောင်က ဆိုသည်။
ယနေ့ တွေ့ဆုံမှုတွင် မူအားဖြင့် ဆွေးနွေးခဲ့ကြသော်လည်း လာမည့် မေလ ၁၁ ရက်နေ့ မတိုင်မီ အတွင်း တကြိမ် သို့မဟုတ် တကြိမ် မကသော တွေ့ဆုံမှုများ ထပ်မံ ဖြစ်ပေါ်လာဖွယ် ရှိနေကြောင်း ၎င်းက ပြောသည်။ ဒေါက်တာ အေးမောင်သည် ၆ ပွင့်ဆိုင် ဆွေးနွေးပွဲသို့ တိုင်းရင်းသားများ ကိုယ်စားပြု တက်ရောက်သည့် ကိုယ်စားလှယ် တဦး ဖြစ်သည်။
“သင်္ကြန် အပြီး ဧပြီလ ၂၂ ရက်နေ့နဲ့ မေလ ၁၁ ကြားမှာ ထပ်မံတွေ့ဆုံဖို့ ရှိနေသေးတယ်။ အဲဒီအခါကျရင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြင်လိုတဲ့ ပုဒ်မတွေကို အသေးစိတ် ဆွေးနွေးကြမယ်” ဟု ဒေါက်တာ အေးမောင်က ပြောသည်။
ယင်းသို့ တွေ့ဆုံမှု၌ တွေ့ဆုံဆွေးနွေးသည့် ပုဂ္ဂိုလ် ၆ ဦးသည် ၃ ပေကျော်ခန့် ကွာသည့် စားပွဲ တလုံးစီတွင် ထိုင်ကာ ဆွေးနွေးမှုသည် အသွင်သဏ္ဌာန် အရပင်လျှင် တဦးနှင့် တဦး ဝေးကွာမှုကို ပြသနေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ကလည်း ယင်းအခြေအနေနဲ့ ပတ်သက်ပြီး လာမည့် တွေ့ဆုံမှုများတွင် ပွင့်လင်း ရင်းနှီးသည့် တွေ့ဆုံမှုမျိုးကို မျှော်လင့်ကြောင်း ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း “နောက်တကြိမ် တွေ့ဆုံဖို့ ထပ်ဆွေးနွေးဖို့ လိုတယ်။ အခုလို ဝေးဝေးကြီး ဆွေးနွေးရတာ မကောင်းဘူး။ ပိုပြီး နီးနီး ကပ်ကပ်လေး တစားပွဲတည်းမှာ စကားပြောရင် မိုက်ကရိုဖုန်း မပါဘဲနဲ့ ကြားနိုင်မယ့် နေရာမျိုးမှာ ပိုပြီး ရင်းရင်းနှီးနှီး ပြောချင်တယ်”ဟု ပြောဆိုကြောင်း ဒေါက်တာ အေးမောင်က ဧရာဝတီသို့ ပြောသည်။
အဆိုပါ တွေ့ဆုံမှုနှင့် ပတ်သက်၍ နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် သတင်းထောက်များ သွာေးရာက် စောင့် ဆိုင်းသော်လည်း တွေ့ဆုံဖြေကြားခြင်း မရှိခဲ့ပေ။
ယင်း တွေ့ဆုံဆွေးနွေးမှုတွင် ဖွဲ့စည်းပုံပြင်ဆင်ရေး တပ်မတော်၏ သဘောထားနှင့် ပတ်သက်၍ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “၂၀၀၈ ဖွဲ့စည်းပုံ ရေးဆွဲထားတာ မကြာသေးဘူး။ အခြေခံမူ ၁၀၄ ချက်ကို အခြေခံတယ်။ အခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေက လက်ရှိ အသုံးတည့်နေပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ တည်ငြိမ်အေးချမ်းမှုကို ပေးနေပါတယ်။ ပြောင်းလဲ သင့်တဲ့ ဟာတွေကို ပြုပြင်ပြောင်းလဲ စေချင်ပါတယ်။ တည်ငြိမ်တဲ့ ပတ်ဝန်းကျင်ကို မတည်မငြိမ် မဖြစ်စေချင် ပါဘူး”ဟု ပြောဆိုကြောင်း ဒေါက်တာ အေးမောင်က ပြောပြသည်။
သမ္မတ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းရာတွင် သမ္မတ အိမ်တော်တွင် ၂ နာရီခန့်ကြာ ကျင်းပသည့် ၆ ပွင့်ဆိုင် ဆွေးနွေးပွဲတွင် အချက် ၃ ချက်ကို အဓိက ဆွေးနွေးခဲ့ကြောင်း၊ ပထမ အချက်မှာ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မြောက် ရေး၊ ရွေးကောက်ပွဲအလွန်ကာလ တည်ငြိမ်ရေး စသည့် ဆွေးနွေးပွဲ အခြေခံမူဘောင်များကို ဆွေးနွေးခဲ့ကြကြောင်း၊ ဒုတိယအချက်မှာ ၆ ပွင့်ဆိုင်ဆွေးနွေးပွဲ ဆွေးနွေးသည့် ပုံစံ အခင်းအကျင်းကို ဆွေးနွေးခြင်း ဖြစ်ကြောင်းနှင့် နံပါတ်သုံး အချက်မှာ နောက်တကြိမ် ၆ ပွင့်ဆိုင် ပြန်လည် တွေ့ဆုံမည့် အချိန်ကာလ သတ်မှတ်ရန်တို့ကို ဆွေးနွေးခဲ့ကြကြောင်း ပြောကြားသည်။