မြန်မာ့ရိုးရာ အတာသင်္ကြန်ရက်အတွင်း နေပြည်တော်က ACE မဏ္ဍာပ်မှာ သီဆိုဖျော်ဖြေခဲ့တဲ့ ရက်ဂေး ဂီတ သမား အဆိုတော် စောဖိုးခွားက မဏ္ဍာပ်ကို လာရောက်လည်ပတ်တဲ့ အစိုးရ ခေါင်းဆောင်တွေကို ဂါရဝပြုဖို့ လျစ်လျူ ရှုခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သင်္ကြန်အကျနေ့က သူသီဆိုနေတဲ့ ACE မဏ္ဍာပ်ကို အစိုးရထိပ်ပိုင်း ခေါင်းဆောင်အချို့ လာရောက် လည်ပတ်မှာဖြစ်တဲ့အတွက် အနုပညာရှင်တွေအနေနဲ့ ဂါရဝပြု ကြိုဆိုဖို့ အကြောင်းကြားခဲ့ကြပေမယ့် သူ ကတော့ မကြိုဆိုဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ အဆိုတော် စောဖိုးခွားက ပြောပါတယ်။
“ဘယ်သမ္မတပဲ လာလာ ကျနော်မကြိုဘူး။ ဒါ ကျနော်ရဲ့ Right ပဲ။ ကျနော်ခံယူချက်အရ သူတို့ဟာ ဂါရဝပြုထိုက်သူတွေ မဟုတ်ဘူး။ သူတို့ကို ကြိုမယ့် အစား ယုံကြည့်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပညာရေးအတွက် သပိတ်မှောက် ကျောင်းသားတွေကို ကြိုမယ်လို့” စောဖိုးခွားက ဧရာဝတီကို ပြောပါတယ်။
သင်္ကြန်အကျနေ့ က ACE မဏ္ဍာပ်ကို ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ ဒုတိယ ဝန်ကြီးတွေ ပါဝင်တဲ့ အဖွဲ့တွေ လာရောက် လည်ပတ်ခဲ့ရာ တေးသံရှင်တွေနဲ့ ယိမ်းအဖွဲ့တွေက ကြိုဆိုခဲ့ကြောင်း၊ အဆိုတော် စောဖိုးခွားကတော့ အစိုးရ အဖွဲ့တွေ ပြန်သွားမှ မဏ္ဍာပ်ကို ရောက်ရှိလာတယ်လို့ သိရပါတယ်။
လက်ရှိအစိုးရဟာ ပြည်သူလူထုတွေအတွက် စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်တဲ့ အပြင် ယုံကြည် ချက်ကြောင့် လှုပ်ရှား နေတဲ့ နိုင်ငံရေးသမားတွေ၊ လယ်ယာမြေပြန်လည်ရရှိရေး လှုပ်ရှားတဲ့ တောင်သူလယ် သမားတွေနဲ့ အမျိုးသားပညာရေး ပြင်ဆင်ဖို့ တောင်းဆိုတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ဖမ်းဆီးချုပ် နှောင်မှုလုပ်နေတဲ့ အတွက် ဂါရဝ ပြုထိုက်သူတွေ မဟုတ်ဘူးလို့ မှတ်ယူကြောင်း စောဖိုးခွားက ပြောပါတယ်။
ဒါ့အပြင် ပြည်သူလူထု အပေါ်မှာ နှစ်ရှည်လများ ဖိနှိပ်မှုတွေ၊ လိမ်လည်မှုတွေဆက်တိုက် ကျူးလွန်နေတဲ့ အစိုးရကို ရေလိုက် ငါးလိုက်ဆက်ဆံပြီး အသိအမှတ် ပြုတဲ့ ပုံစံမျိုး မလုပ်သင့်ကြောင်း၊ အမှန်တရားအတွက် လူ့အခွင့်အရေး ချိုးဖောက်ခံနေရသူတွေအတွက် တိုက်ပွဲဝင်သင့်တယ်လို့ ဆိုပါတယ်။
“ကျနော်ရဲ့ ဒီလိုလုပ်ဆောင်ချက်ဟာ ကျနော့်တယောက်တည်းရဲ့ ခံယူချက်သာဖြစ်တယ်။ တခြား အနုပညာ ရှင်တွေကိုလည်း မထိခိုက်စေချင်ပါဘူး။ ဒီလိုအချိန်မျိုးမှာ ဘယ်သမ္မတပဲဖြစ်ဖြစ်၊ ဘယ်ဝန်ကြီးပဲဖြစ်ဖြစ် ရေလိုက်ငါးလိုက်တောင် မဆက်ဆံသင့်ဘူးလို့ထင်ပါတယ်” လို့ စောဖိုးခွားက ပြောပါတယ်။
ရက်ဂေးအဆိုတော် စောဖိုးခွားဟာ ငြိမ်းချမ်းရေး၊ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှုကို ထောက်ခံသူဖြစ်ပြီး ငြိမ်း ချမ်းရေး လှုပ်ရှားမှုတွေမှာ တေးသီးချင်းတွေနဲ့ ဖျော်ဖြေခဲ့သလို လက်ပံတန်းမြို့မှာ ရပ်နားနေတဲ့ ဆန္ဒပြ ကျောင်းသား အဖွဲ့ကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲမှု မပြုခင်ကလည်း သပိတ်မှောက်ကျောင်းသားတွေ ကို သွားရောက် ဖျော်ဖြေခဲ့ပါသေးတယ်။