ဘိလပ်က မြန်မာဆရာဝန် အံ့ထွန်းမောင် အမှုကို ကျနော်တို့ဆီက စာနယ်ဇင်းတွေ ဖော်ပြကြရင် မဆိုင်တဲ့ ဇနီးမယား အိမ်ထောင် အမည်ကို မဖော်ပြကြရင် ကောင်းပါမယ်။ ဇနီးက မြန်မာပြည်မှာ နာမည်ကြီးသူမို့ ဆိုပြီး အကြောင်းပြချင်လို့ မသင့်တော်ဘူး ထင်ပါတယ်။
ဖြစ်စဉ်ကိုလည်း ဂဃနဏ မသိနိုင်ဘဲ ဝေဖန်သုံးသပ် မလုပ်ကောင်းပါဘူး။ စာနယ်ဇင်းမှာ ထပ်ဆင့် သတင်းဖော်ပြရုံပဲ ဖြစ်ရပါမယ်။ မျက်မြင်သက်သေ ဆရာဝန်က သူရင်သားကို ကိုင်တွယ်ခဲ့တာဟာ ရောဂါအတွက် လိုအပ်လို့စမ်းသပ်တာလို့ထွက်ဆိုခဲ့ပေမယ့် တရားရုံး အဆုံးအဖြတ် နှစ်ခုမှာ တခုက လွတ်တယ်၊ တခုက ပြစ်မှုထင်ရှားတယ်လို့ အဆုံးအဖြတ်ခံရတယ်။ အချက်အလက် နောက်ခံ အပြည့်အစုံ မသိရတော့ ဒီလောက်ပဲ ရေးကြ၊ ပြောကြရင် ကောင်းမယ်။
ဒီကိစ္စမှာ မြန်မာပြည်အနေနဲ့ တကယ် အလေးအနက်ထား ပြောဆိုဆွေးနွေးရမှာက ဒါမျိုး အလားတူ ဖြစ်စဉ်တွေ တိုင်းပြည်မှာ ဘယ်လောက်များများ ရေငုံ နှုတ်ပိတ် အမျိုးသမီးငယ်လေးတွေ ခံနေရသလဲ ဆိုတာကိုပါ။ လူ့အဖွဲ့အစည်းမှာ ယဉ်ကျေးမှု ဓလေ့လို အမြစ်တွယ်နေပြီ ဖြစ်တဲ့ ရိုသေလေးစားမှုကို တရားလွန် အခြေခံရတဲ့ ပြန်မပြောရဲ၊ မဆိုရဲ၊ အထွန့်မတက်ရဲတဲ့ ဆရာဝန်-လူနာ၊ ဆရာ-တပည့်၊ ရုံး အထက်လူကြီး-ဝန်ထမ်း၊ ဘာသာရေးခေါင်းဆောင်-နောက်လိုက် ဆက်ဆံမှုတွေကြားမှာ လိင်ပိုင်း အမြတ်ထုတ်မှုတွေ ဘယ်လောက် ဖြစ်နေနိုင်သလဲ ဆိုတာကို ဘက်မလိုက်တဲ့ ဆွေးနွေးသုံးသပ်မှုတွေ၊ ဖော်ထုတ်မှုတွေ ပြုလုပ်ဖို့ မရှိမဖြစ် လိုအပ်နေပါတယ်။
ဆေးပညာ ဆက်စပ် စာနယ်ဇင်းများကလည်း ဒီသဘော လေ့လာစုံစမ်းမှုတွေ လုပ်သင့်တယ် ထင်ပါတယ်။ ပုဂ္ဂိုလ်ရေး အခြေမခံဘဲ ဆရာဝန်-လူနာ ဆက်ဆံရေး နောက်ခံမြင်ကွင်းကျယ်နဲ့ နှစ်ဘက်စလုံးရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ၊ အမြင်တွေကို စနစ်တကျ မေးမြန်း မှတ်တမ်းတင် ဖော်ထုတ်မှုတွေ လုပ်နိုင်ရင် လူသားအခွင့်အရေးတွေကို အပြည့်အဝ ပိုမို အာမခံတဲ့ လူ့အဖွဲ့အစည်း တခု အနာဂတ်မှာ တည်ဆောက်နိုင်ဖို့အတွက် အများကြီး အကျိုးရှိပါမယ်။
သမားတော်ကျင့်ဝတ် ကျွမ်းကျင်သူ ဆေးပညာရှင်များနဲ့ မြန်မာနိုင်ငံဆရာဝန် အသင်း၊ ဆေးပညာရှင်များကောင်စီလို သက်ဆိုင်ရာ နယ်ပယ်က အဖွဲ့အစည်းတွေကလည်း ဒါမျိုး ဆေးကုသရေး မှာ လိင်စော်ကားမှု ဖြစ်စဉ်တွေ ဘယ်လောက် အထိ ရှိနိုင်သလဲ၊ ဆရာဝန်-လူနာ နှစ်ဘက်စလုံးကို ဘယ်လို အသိ၊ သတိ မြှင့်တင်မလဲ ဆိုတာတွေ ဆွေးနွေးပွဲတွေ လုပ်တာ၊ သုတေသန စာတမ်းထုတ်တာမျိုး လုပ်ရပါမယ်။
ပညာရပ်ဆိုင်ရာ လေ့လာမှုတွေ လုပ်ပြီးသားတွေ ရှိရင်လည်း ဆရာဝန် အခွင့်အရေး၊ လူနာ အခွင့်အရေး ဘယ်လို ဘယ် အတိုင်းအတာ၊ ဆရာဝန် ကျင့်ဝတ်၊ လူနာ အခွင့်အရေး၊ ဘီလူးစည်း လူ့စည်း ဘယ်ပုံ ရှိကြောင်းတွေကို လူထု လူအများကြား ပြန့်နှံ့အောင် အသိပေးနှိုးဆော် ပညာပေးရေး အစီအစဉ်တွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့လိုနေပါသေးတယ်။
တရားရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ ရဲ အပါအဝင် ဥပဒေဘက်တော်သားတွေဘက်ကလည်း လိင်စော်ကားမှု ဖြစ်စဉ်တွေအတွက် ကာကွယ်ရေး၊ အသိပေးရေး၊ အရေးယူရေး အစီအစဉ် စီမံချက်တွေကို စာနယ်ဇင်းမှာ ချပြ လူထု လူအများ၊ အထူးသဖြင့် ကလေးသူငယ်များကို လူ့ အခွင့်အရေးနဲ့ အသိ တိုးပွားအောင် ဦးဆောင် ဆောင်ရွက်ရပါမယ်။
နိုင်ငံရေးသမား လွတ်တော် ကိုယ်စားလှယ်များကလည်း ဒါမျိုး လိင်ပိုင်းဆိုင်ရာ ဆက်စပ် အမှုတွေ အတွက်၊ ဘယ်လို ဖြောင့်မတ်မှန်ကန်၊ တရားနည်းလမ်းကျ ဥပဒေ အကာအကွယ်ပေးမှု၊ အရေးယူမှု၊ ပြဋ္ဌာန်းမှုတွေ ရှိသလဲ၊ အားနည်းချက်၊ ချို့ယွင်းမှုတွေ ရှိသလား ဆွေးနွေးမှုတွေ လုပ်ရပါမယ်။
တကယ်တော့ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ဆက်စပ်က နေရာတိုင်းမှာ ပုံစံမျိုးစုံနဲ့ ဖြစ်နေနိုင်ပါတယ်။ လုပ်ငန်းခွင်မှာ၊ စာသင်ခန်းမှာ၊ ဘာသာရေး အဖွဲ့အစည်း၊ လူမှုရေး အဖွဲ့အစည်းတွေမှာ၊ စစ်တပ်၊ ရဲ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ အမြဲမပြတ် ဖြစ်နေတတ်ပါတယ်။ နိုင်ငံတကာမှာလည်း အတူတူပါပဲ။
ဒါပေမယ့် မြန်မာ့လူမှု အသိုင်းအဝန်း အနေအထားက တကယ် သားမယား ပြုကျင့်ခံရမှု အဆင့်ရောက်တာမျိုးမှသာ တရားဝင် အရေးယူနိုင်၊ စာနယ်ဇင်းပါ၊ လူသိ ဖြစ်ရတာ များတယ်။ ဒါတောင် သြဇာ အင်အား အာဏာရှိတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ ဆိုရင် ခံရသူ မိန်းကလေး၊ ယောက်ျားကလေးငယ်များဟာ ဘာမှ ပြန်လည် ပြောဆို တိုင်ကြားခွင့် မရ၊ အရေးမယူနိုင် ဖြစ်ကာ ကာမမုဆိုး (Sexual Predator) အများအပြား လွတ်လမ်းသာ၊ မကောင်းမှုတွေကို လွတ်လွတ်လပ်လပ် ဆက်လက်ကျူးလွန်ခွင့် သာနေတာမျိုးတွေ ရှိနေသေးတယ် ဆိုရပါမယ်။ စာနယ်ဇင်း လွတ်လပ်ခွင့် အထိုက်အလျောက် တိုးရလာတဲ့ ဒီဘက်ခေတ်မှသာ ဒီလို အမှုမျိုးတွေ ထင်ထင်ရှားရှား ဖြစ်လာရတယ်။ အများစုက သိုသိုသိပ်သိပ် ပြီးရ၊ ကြိတ်မှိတ်ခံရတာ များတဲ့ သဘော ဖြစ်နေတယ်။
ဟိုး နှစ်များတုန်းက နာမည်ကြီး အကယ်ဒမီ ရုပ်ရှင်မင်းသမီး တယောက်သာ သတ္တိရှိရှိနဲ့ ခရိုနီ သူဌေးတယောက်ရဲ့ လူလည်လုပ်မှုကို လက်ထပ်မယ်ဆိုပြီး ကာမ လိမ်လည်ယူမှု အဖြစ် လူသိရှင်ကြား ရှားရှားပါးပါး တရားစွဲဝံ့ခဲ့တာ သတိထားမိခဲ့တယ်။ သမားရိုးကျ အစဉ်အလာ ထုံးစံတွေကို ဆန့်ကျင် လူမေးငေါ့ခံ၊ Vitcim-Blaming ခံရသူကို ဖိနင်း အပြစ်တင်ချင်ကြတဲ့ လူမှုအသိုင်းအဝန်းမှာ တံတွေးကွက် ပက်လက် အမျောခံပြီး ဒါမျိုး လိင်ဆက်စပ်အမှုတွေကို ခံရသူ အမျိုးသမီးငယ်များဘက်က အသံထွက် ပြန်ပြောတာမျိုးဟာ တိုင်းပြည်မှာ အင်မတန် ရှားနေပါသေးတယ်။
လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု၊ စော်ကားမှု၊ အရှက်တကွဲ ဖြစ်စေမှု၊ မလျော်မကန် ပြုလုပ်မှုတွေ ဖြစ်တဲ့ Sexual Assault လို၊ Sexual Abuse လို၊ Sexual Harassment လို၊ Sexual Misconduct လိုမျိုး အဓမ္မ ကာမလုယူမှု Rape အဆင့် လုံးလုံး မရောက်ပေမယ့် ပြင်းထန်တဲ့၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်တဲ့ လိင်ဆက်စပ်အမှုတွေဆိုရင် အဓိပ္ပာယ် ဖွင့်ဆိုဖို့ ခက်ခဲ၊ သာမန် လူပြိန်းအသိနဲ့ ခွဲခြား နားလည်ဖို့ ခက်ခဲလှပါတယ်။ ဗမာပြည်လို လိင်ကိစ္စဆိုရင် ကျန်းမာရေးအရတောင် ခပ်ကျယ်ကျယ် ပါးစပ် မဟ၊ မပြောဝံ့၊ ရှက်စရာလို့ သတ်မှတ် ပုံဖော်ခံထားရတဲ့ နောက်ခံယဉ်ကျေးမှုနဲ့ တိုင်းပြည်မျိုးမှာ ကျား၊ မ လူငယ်၊ လူရွယ် အထူးသဖြင့် ကလေးသူငယ် လူမမည်များ အများအပြား ဒီလို လိင်ဆက်စပ် အမှုတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဒုက္ခ၊ သုက္ခတွေ ခံစားနေရမှာ အမှန် ဖြစ်ပါတယ်။ လူမသိ၊ သူမသိ စိတ်ဒဏ်ရာ အနာရွတ်များစွာနဲ့ ကလေးသူငယ်များ အမြောက်အမြား ရှိနေနိုင်ပါတယ်။
တကယ်တော့ အမျိုးသမီးငယ်များ၊ အထူးသဖြင့် အရွယ်မရောက်သေးသူ ကလေးငယ်များ၊ ဆယ်ကျော်သက်များ လိင်ပိုင်းဆိုင်ရာ ဆက်စပ် စိတ်ကသိကအောက်ဖြစ်ရမှု၊ ကာယိန္ဒြေ ပျက်ရမှုဟာ နိစ္စဓူဝ မြင်တွေ့နေရတဲ့ အသားကျ လူမှုဓလေ့ ထုံးတွေမှာကို တွေ့နိုင်ပါတယ်။ ဥပမာ – သွေးမတော် သားမစပ် ကလေးသူငယ်များကို ကာယကံရှင် (ကလေး) ကြိုက်မှန်းမသိ၊ မကြိုက်မှန်းမသိ ပွေ့ဖက် နမ်းရှုပ်ကျီစယ် ကလူ ပြုတာ မျိုးတွေဟာ ကလေးသူငယ်ဘက်က စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်ဖြစ်မှုတွေ ဖြစ်နိုင်ပါတယ်။
လုပ်ငန်းခွင်မှာ၊ လူမှုဆက်ဆံရေးမှာ ကျား-မ၊ ကျား-ကျား၊ မ-မ၊ လိင်တူ၊ လိင်ကွဲ ထိတွေ့ဆက်ဆံမှု မျိုးစုံမှာလည်း လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု အကျုံးဝင်တဲ့ အပြောအဆို၊ အနေအထိုင်တွေ အများကြီး ရှိနေပါတယ်။ အသားချင်း အသားယူ ထိကိုင်မှုကအစ၊ အပြောအဆို စကားလုံး ရွေးချယ် သုံးနှုန်းမှုတချို့ဟာ တကယ် စစ်စစ်ပေါက်ပေါက် လေ့လာသုံးသပ်ကြည့်ရင်၊ နိုင်ငံတကာက စံနှုန်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ချိန်ထိုးရင် လိင်ပိုင်းဆိုင် မသင့်မလျော် ပြုလုပ်ခြင်းခေါင်းစဉ်အောက်မှာ ဝင်နေနိုင်တာမျိုးတွေ နေရာတိုင်းမှာ တွေ့နိုင်ပါတယ်။
ဒါမျိုးတွေ အတွက် ကျား-မ၊ လူငယ်-လူကြီး မှန်ကန်တဲ့ အသိပညာပေးမှုတွေ လိုနေပါတယ်။ မြန်မာပြည်က မဟာဖိုဝါဒီ ကျားကြီး ပုရိသသူတောင်ကောင်းအပေါင်း လမ်းသွားလမ်းလာ မိန်းကလေးငယ်များကို လေချွန် အသံပြု စနောက်တာ၊ မိန်းမလျာများကို သရော် နှောက်ယှက်တာမျိုးက အစ၊ မိန်းမဆိုရင် စိတ်ထဲက အဝတ်ခွာ တဏှာခိုးတွေ ထ၊ နှာခေါင်း မီးတောက် မျက်စိက မရိုသေ့စကား သုတ်ရည်ထွက်တဲ့ အထိ စူးစူးရဲရဲ ကြည့်တာမျိုး အလယ်ကနေ၊ နင်ပဲငဆ ညစ်တီးညစ်ပတ် ပြောတာမျိုး အဆုံး အားလုံးဟာ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားမှု ဖြစ်တယ်၊ ထောင်ဒဏ် နှစ်ရှည်ကျခံရမယ့် ရာဇဝတ်မှု အကြီးမျိုး မြောက်တယ် ဆိုတဲ့ ဗဟုသုတ အမြင်၊ အသိ၊ အတွေးအခေါ်၊ ခံယူချက်မျိုး ဖြစ်အောင် ကျား၊ မ နှစ်ဘက်စလုံးကို ပညာပေးရပါမယ်။ ကလေးသူငယ် အရွယ်ကတည်းက မိမိရဲ့ လိင်ပိုင်းဆိုရာ ဂုဏ်သိက္ခာနဲ့ အခွင့်အရေးကို ကာကွယ်တတ်အောင် လေ့ကျင့်ပြုစု ပျိုးထောင် သင်ကြားပေးရပါမယ်။
လိင်ကိစ္စမို့ မပြောအပ်၊ မဆိုအပ်ဆိုပြီး လူ့အဖွဲ့အစည်းရဲ့ နောက်ဖေးချောင်ကို ပို့ထားရင် လိင်ပိုင်းဆိုင်ရာ ဆက်စပ် ရာဇဝတ်မှု၊ ကျန်းမာရေး ယိုယွင်းမှု၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက် ခံစား ပျက်ယွင်းမှုတွေ၊ အကျင့်စာရိတ္တ ပျက်စီးမှုတွေဟာ နောက်ကွယ်မှာ တိုးပွား အမြစ်တွယ်နေမှာသာ ဖြစ်တယ်။ အိုင်းအနာ ပြည်ပုပ်ကို အအောင်းမခံဘဲ ဖောက်ထုတ်မှသာ တိုင်းပြည်မှာ လူသားဂုဏ်ရည်မြင့်၊ အကျင့်စာရိတ္တ မြင့်မာ အမှန်တကယ် ကာယ၊ စိတ္တ ကျန်းမာ၊ ချမ်းသာ တိုးတက်ကြီးပွားနိုင်ပါမယ်။
အပေါ်ယံ သနပ်ခါးလိမ်း ပေါင်သေးစီးကြောင်းကို ဖုံး၊ မကောင်းတာမှန်သမျှ ဖျာအောက်ထိုးသိပ် ဝှက်ထားချင်တဲ့ အကျင့်တွေ ကျနော်တို့ ပြင်သင့်ပါပြီ။ ကာမ ဆက်ဆံရေး၊ လိင်ပညာရေး၊ လိင်ကျန်းမာရေး ဆက်စပ် အစီအစဉ်တွေကို မူလတန်း၊ အလယ်တန်း အရွယ် ကျောင်းပညာရေးမှာကို စနစ်တကျ ထည့်သွင်း သင်ကြားပြသသင့်နေပါပြီ။ အလားတူပဲ လိင်ဆက်စပ် ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေး ဂုဏ်သိက္ခာ ရပိုင်ခွင့် စံချိန် စံညွှန်း အကြောင်းတွေလည်း ကျောင်းသား အရွယ်ကတည်းက နည်းစနစ်တကျ သင်ယူနိုင်ဖို့ လိုနေပါတယ်။ သန်စွမ်းကျန်းမာ၊ သီလ စင်ကြယ် သိက္ခာမြင့်မား၊ ကိုယ့်အခွင့်အရေး နဲ့ ရပိုင်ခွင့်ကိုသိ၊ ကိုယ် စောင့်ထိန်းရမယ့် တာဝန်နဲ့ ကျင့်ဝတ်ကို နားလည် အလေးထားတဲ့ မျိုးဆက်သစ်များနဲ့ ကောင်းမွန်တဲ့ တိုင်းပြည် အနာဂတ်ကို လက်တွေ့တည်ဆောက် လိုရင် ရှေးရိုစွဲ အမြင် အတွေးအခေါ်တွေကို စွန့်သင့်၊ ခေါက်ရိုးကျိုး စိတ်ဓာတ်တွေကို ပြုပြင်ပြောင်းလဲသင့်ပါပြီ။
နိဂုံးချုပ်ရရင် ကိုယ့်တိုင်းပြည်က ပညာတတ် လူတယောက်ရဲ့ စိတ်တဒင်္ဂ မှောင့်မှား မှုကြောင့် ဖြစ်စေ၊ မှားယွင်း အစွပ်စွဲ ခံရလို့ ဖြစ်စေ နိုင်ငံတကာမှာ ဖြစ်ပွားခဲ့တဲ့ လိင်ဆက်စပ်အမှုကို ပုဂ္ဂိုလ်ရေးထိခိုက်မှုတွေ မပြုလုပ် ဇောင်းမပေးဘဲ အဆိုးထဲက အကောင်းယူ ကိုယ့် လူ့အဖွဲ့အစည်းမှာ ပြောဆိုဆွေးနွေး ထုတ်ဖော်ဖို့ အများကြီးလိုနေသေးတဲ့ လိင်အမှုတွေကို သက်ဆိုင်ရာ လူမှု၊ ကျန်းမာ၊ စိတ်ပညာ၊ ဥပဒေရေးရာနဲ့ နိုင်ငံရေးသမားမကျန် ကျယ်ကျယ်လောင်လောင် ဖော်ထုတ် ဆွေးနွေး လူထုကို အသိရေချိန်မြှင်ပေးကြဖို့ တိုက်တွန်းနှိုးဆော်ပါရစေ ခင်ဗျား။
(ငြိမ်းချမ်းအေးသည် အွန်လိုင်း၊ ပုံနှိပ် စာနယ်ဇင်း များတွင် မျက်မှောက် ရေးရာနှင့် အထွေအထွေ အာဘော် ဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်။ ဆောင်းပါး ပါ အာဘော် ကို ဝေဖန်ရန် [email protected] သို့ စာရေး နိုင်သည်။)