၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာ ပန်ဆန်းမြို့တွင် မကြာမီ ကျင်းပ တိုင်းရင်းသားညီလာခံတွင် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ပဏာမမူကြမ်းကို သုံးသပ်ဆွေးနွေးကြမည်ဖြစ်ပြီး အစိုးရတပ်နှင့် တိုက်ပွဲ ဆက်လက်ဖြစ်နေသော အဖွဲ့များလည်း ပါဝင်တက်ရောက်ရန် ရှိနေသည်။
UWSA ၏ ဌာနချုပ်ရှိရာ မြန်မာ တရုတ်နယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆန်းမြို့တွင် မေလ ၁ ရက်မှ ၃ရက်နေ့အထိ ကျင်းပမည့် အစည်းအဝေးပွဲသို့ တိုင်းရင်းသားအဖွဲ့ ၁၂ ဖွဲ့ တက်ရောက်မည်ဟု မျှော်လင့်ကြောင်း ၀ ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ပြောသည်။
UWSA ၏ ဖိတ်ကြားခြင်း ခံရသည့် တိုင်းရင်းသား အဖွဲ့များတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၊ ကရင်အမျိုးသား အစည်းအရုံး ( KNU) ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ၊ မွန်ပြည်သစ် ပါတီ (NMSP ) ၊ အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော်- မိုင်းလားတပ်ဖွဲ့ (NDAA) ၊ ရှမ်းပြည် တိုးတက်ရေး ပါတီ ( SSPP/ SSA) ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA) ၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ တအောင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ရက္ခိုင့်တပ်မတော် (AA) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO ) တို့ကို ဖိတ်ကြားထားသည်ကို သိရှိရသည်။
ညီလာခံ၏ ပန်းတိုင်မှာ တိုင်းရင်းသား အဖွဲ့များနှင့် အစိုးရအကြား အပစ်အခတ် ရပ်စဲရေးမူကြမ်း ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည်များကို အဓိက ဆွေးနွေးရန်ဖြစ်ကြောင်း ကချင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KIA) ၏ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်က ပြောသည်။
ထိုအစည်းအဝေးတွင် မကြာသေးမီက အစိုးရနှင့် သဘောတူထားသော တနိုင်ငံလုံး အပစ်အခတ်ရပ်ရေး စာချုပ်မူကြမ်း (NCA-Draft) နှင့် ပတ်သက်ပြီး လက်မှတ်ထိုးရေး မထိုးရေးကို အဓိကထား ဆွေးနွေးကြမည် ဖြစ်သော်လည်း တက်ရောက်လာကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက သဘောတူ လက်မှတ်ရေးထိုးခြင်း ပြုမပြုကို မမျှော်မှန်းနိုင်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ပြောဆိုသည်။
ထို့ပြင် တိုင်းရင်းသား ညီလာခံသို့ တက်ရောက်ရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အားလုံးကို ဖိတ်ကြားခြင်း မရှိသည့်အတွက် ဖိတ်ကြားခံထားရသည့် တိုင်းရင်းသား အဖွဲ့များအကြား ညီလာခံ တက်ရောက်ရေး မတက်ရောက်ရေးကို ဆွေးနွေး နေကြသည်ဟု ဆိုသည်။
ညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားခြင်း ခံထားရသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ( RCSS)မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလှက “ ညီလာခံကို သွားဖို့ မသွားဖို့က ကျနော်တို့အဖွဲ့ ဗဟိုအလုပ်မှုဆောင် ကော်မတီ အစည်းအဝေးလုပ်ပြီး အများသဘော ခံယူရမယ်၊ သူတို့ စုပြီး သွားမယ်၊ မသွားဘူး အဖြေထွက်ပါမယ်” ဟု ပြောသည်။
ညီလာခံသို့ ဖိတ်ကြားခြင်း မခံရသည့် ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်းက “ အခုထိ ကျနော်တို့ တရားဝင် ဖိတ်စာ မရသေးဘူး၊ သူတို့ (UWSA) လုပ်နေတာက ကျနော်တို့ NCCT သွားနေတဲ့ လမ်းစဉ် မဟုတ်ဘူး၊ တိုင်းရင်းသားတွေ အပြည့်အစုံ ဘာလို့ မခေါ်လဲ၊ သူတို့ အစီအစဉ်နဲ့ သူတို့ ဘာ့ကြောင့်သွားလဲ။ အခုလို အရမ်းအရေးကြီးနေတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး လိုအပ်နေတဲ့ အချိန်မှာ ဒီလိုမလုပ်သင့်ဘူး” ဟု ဧရာဝတီကို ပြောသည်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ NCCT တွင် တွင် ပါဝင်သည့် တိုင်းရင်းသားအဖွဲ့ ၁၆ ဖွဲ့ ရှိပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း စုစုပေါင်း ၂၁ ဖွဲ့ ရှိသည်။ NCCT တွင် ပါဝင်သည့် တိုင်းရင်းသားအဖွဲ့ ၁၆ ဖွဲ့သည် အစိုးရနှင့် အပစ်ရပ်စာချုပ် မူကြမ်း ရရှိထားပြီး ဖြစ်ပြီး ထိုအဖွဲ့များနှင့်သာ အစိုးရက လက်မှတ်ရေးထိုးရန် ရည်ရွယ်ထားသည်။
အစိုးရနှင့် တိုက်ပွဲ အကြီးအကျယ် ဆက်ဖြစ်နေသော ကိုးကန့်တပ်ဖွဲ့ (MNDAA) ညီလာခံသို့ တက်ရောက်မည်ကို အစိုးရဘက်မှ ကန့်ကွက်မှုများ ရှိနေကြောင်းလည်း သိရသည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက“ တိုက်ပွဲ ဖြစ်နေပေမယ့် အစည်းအဝေးထိုင် သေချာစီစဉ်ပြီး ညီလာခံကို ကျနော်တို့ သွားမယ် ” ဟု ဧရာဝတီကို ပြောသည်။
UWSA က တိုင်းရင်းသား အဖွဲ့အားလုံးကို ဖိတ်ခေါ်ခြင်း မပြုဘဲ သီးခြားသွားနေသဖြင့် NCCT မှ တိုင်းရင်းသား အဖွဲ့အားလုံးကို ပြန်လည်ခေါ်ဆိုကာ တိုင်းရင်းသား ထိပ်သီးညီလာခံကို မေလအတွင်း ထပ်မံပြုလုပ်ရန် စီစဉ်နေသည်ကို သိရကြောင်း ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်းက ဆိုသည်။
ဖိတ်ကြားခြင်း မခံရသည့် NCCT အဖွဲ့ဝင်များမှာ ချင်းအမျိုးသားတပ်ဦး (CNF) ၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) ၊ “ဝ” အမျိုးသား အဖွဲ့ချုပ် (WNO) ၊ ရခိုင်အမျိုးသား ကောင်စီ (ANC) အပါအဝင် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA- PC) ၊ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ- ကပ်ပလန် (NSCN-K) ၊ ရခိုင် လွတ်မြောက်ရေး ပါတီ (ALP) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ ဖြစ်ကြသည်။