အမေရိကန်နိုင်ငံ၊ နယူးယောက် အခြေစိုက် ဂျာနယ်လစ်များ ကာကွယ်ရေး ကော်မတီ (Committee to Protect Journalists – CPJ) ၏ ဧပြီလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော မီဒီယာလွတ်လပ်ခွင့် ညွှန်းကိန်း၌ မြန်မာနိုင်ငံက ကမ္ဘာပေါ်တွင် ဆင်ဆာတင်းကြပ်မှု အများဆုံး နိုင်ငံများထဲတွင် အဆင့် ၉ နေရာ၌ ရှိနေသည်ဟု သိရသည်။
CPJ ၏ ဆင်ဆာတင်းကြပ်မှု အများဆုံး ထိပ်တန်း ၁၀ နိုင်ငံတွင် အာဖရိကတိုက်မှ အီရစ်ထရီယာ နှင့် မြောက်ကိုရီးယားက အဆင့် ၁ နှင့် ၂ တွင်ရှိနေပြီး မြန်မာက အဆင့် ၉ နှင့် ကျူးဘားက အဆင့် ၁၀ တွင် အသီးသီးရှိနေကြသည်။ တခြားသော အာရှနိုင်ငံများ ဖြစ်သည့် ဗီယက်နမ်က အဆင့် ၆ နှင့် တရုတ်က အဆင့် ၈ တွင် ရှိနေသည်။
“ဆယ်စုနှစ် ၄ ခုကျော် အသုံးပြုခဲ့တဲ့ ထုတ်ဝေဖြန့်ချိခြင်းမပြုမီ ကြိုတင်စိစစ်တဲ့ စနစ်ကို ၂၀၁၂ ခုနှစ်မှာ ရပ်ဆိုင်းလိုက်ပေမယ့် မြန်မာနိုင်ငံမှာ မီဒီယာကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတုန်းပါပဲ” ဟု CPJ အဖွဲ့က ပြောသည်။
“၂၀၁၄ ခုနှစ် မတ်လမှာ ပြဋ္ဌာန်းခဲ့တဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေက ဘာသာရေးအရ စော်ကားမှု၊ တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေမှု၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပျက်ပြားစေမှု မြောက်တယ်လို့ ယူဆနိုင်တဲ့ သတင်းတွေကို တားမြစ် ပိတ်ပင်ထားပါတယ်” ဟု အစိုးရက မြန်မာမီဒီယာများကို ထိန်းချုပ်ရန် အားထုတ်မှုအဖြစ် ယူဆနိုင်သည့် ဥပဒေများထဲမှ တခုကို CPJ က ကောက်နုတ်ပြသည်။
“ထုတ်ဝေဖြန့်ချိမှုတွေကို ဥပဒေအရ မှတ်ပုံတင်ရပါမယ်။ သတ်မှတ်ထားတဲ့ ဥပဒေတွေကို ချိုးဖောက်တယ်လို့ တွေ့ရှိရတယ် ဆိုရင် မှတ်ပုံတင်ထားတာ ပယ်ဖျက်ခံရနိုင်ပါတယ်” ဟုလည်း ဖော်ပြထားသည်။
“ထိရှလွယ်တဲ့ စစ်ရေးဆိုင်ရာ ကိစ္စတွေကိုရေးသားတဲ့ စာနယ်ဇင်းသမားတွေကို ခြိမ်းခြောက်ဖို့နဲ့ ထောင်ချဖို့အတွက် ကိုလိုနီခေတ်က ပြဋ္ဌာန်းခဲ့တဲ့ ၁၉၂၃ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ အပါအဝင် အမျိုးသား လုံခြုံရေးနဲ့ဆိုင်တဲ့ ဥပဒေတွေကို အသုံးပြုပါတယ်” ဟု CPJ က မီဒီယာကို ထိန်းချုပ်ကန့်သတ်သော တခြား ဥပဒေများနှင့် ပတ်သက်၍ ရေးသားထားသည်။
၂၀၁၁ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရ အာဏာရရှိခဲ့ပြီးနောက် ကြိုတင်စိစစ်ရေး စနစ်နှင့် နေ့စဉ်သတင်းစာများကို တားမြစ်ပိတ်ပင်ထားခြင်း ကဲ့သို့သော စစ်အစိုးရလက်ထက်က ပြည်တွင်းမီဒီယာများကို ကန့်သတ်ထားခြင်းများကို ဖယ်ရှားပေးခဲ့သည်။ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကဲ့သို့သော ဥပဒေ အသစ်များကို စတင် မိတ်ဆက်ခဲ့ရာတွင် တုန့်ပြန်မှု အမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ရသည်။
ပြီးခဲ့သည့် နှစ်အတွင်းမှစ၍ မြန်မာနိုင်ငံ၏ စာနယ်ဇင်းလွတ်လပ်ခွင့် ဆုံးရှုံးမှုများကို သိသိသာသာ တွေ့လာရသည်။ ၂၀၁၃ ခုနှစ်မှ စ၍ အနည်းဆုံး စာနယ်ဇင်းသမား ၂၀ ခန့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး လက်ရှိတွင် မီဒီယာသမား ၁၂ ဦး ထောင်ထဲတွင် ရှိနေသည်။
ပြီးခဲ့သည့် အောက်တိုဘာလ အစောပိုင်းက အလွတ်တန်း သတင်းထောက် ကိုပါကြီး အစိုးရတပ်များ၏ လက်တွင်းတွင် အသတ်ခံခဲ့ရခြင်း၊ ဇူလိုင်လအတွင်းက စစ်ဘက်ဆိုင်ရာ လျှို့ဝှက် စက်ရုံတခု အကြောင်းကို သတင်းရေးသားခဲ့သဖြင့် စာနယ်ဇင်းသမား ၅ ဦးကို ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ခြင်း နှင့် မှားယွင်းသော ထုတ်ပြန်ကြေညာချက်တခုကို သတင်း ဖော်ပြမိခဲ့သော ဘိုင်မွန်းတည့်နေ ဂျာနယ်မှ သတင်းထောက် ၃ ဦးနှင့် ထုတ်ဝေသူ ၂ဦးကို ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ခြင်း များကိုလည်း CPJ က ထောက်ပြထားသည်။