ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့ရှိ ကမ္ဘာလှည့် ခရီးသည်များ သွားရောက် လည်ပတ်လေ့ရှိသည့် အင်းလေးကန် ရေခန်းခြောက်မှုသည် ယခင်နှစ်များထက် အချိန်ပိုစောလာသည်ကို တွေ့ရသည်။
အင်းလေးကန်သည် ယခင်နှစ်များက မေလပိုင်းတွင် စတင် ခန်းခြောက်သော်လည်း ယခုနှစ်တွင် မတ်လလယ်တွင် စတင် ခန်းခြောက်လာကြောင်း၊ ယခုနှစ် ရေခန်းခြောက်မှုကြောင့် အင်းလေးကန်အတွင်း နေထိုင်ကြသည့် ဒေသခံများ အတွက် သောက်သုံးရေ များ ခက်ခဲနေကြောင်း အင်း စာပေနှင့် ယဉ်ကျေးမှုအသင်း အဖွဲ့ဝင် ဦးသာဂတိုးက ဧရာဝတီကို ပြောသည်။
“အခုက အင်းလေး တပြင်လုံး ခန်းတာပါ။ အရင်နှစ်က ၆ ပေ၊ ၈ ပေ ရှိတဲ့ နေရာမှာ ဒီနှစ်ကျတော့ ၄ ပေ လောက်ပဲ ရှိတော့တယ်။ သောက်သုံးရေက ရေသန့်တွေဝယ်ပြီး သုံးနေရတယ်။ ခရီးသွားတွေ အတွက်လည်း ထိခိုက်မှုတွေ ရှိလာနိုင်တယ်။ အင်းလေးကန်က အင်းသားတွေနဲ့ပဲ ဆိုင်တာ မဟုတ်ဘူး။ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ အတွက် ထိထိရောက်ရောက် လုပ်သင့်ပါတယ် ” ဟု ၎င်းက ဆိုသည်။
အင်းလေးကန် ပတ်ဝန်းကျင်တွင် သစ်ပင်များ လျော့နည်းလာကြောင်း၊ တောင်ပေါ်တွင် သစ်ပင်များ မရှိသဖြင့် မိုးရွာချသည့်အခါ မြေဆီလွှာ ထိန်းသိမ်းမှု နည်းပါးကာ ကန်ထဲသို့ နုန်းမြေများ အဖြစ် ရောက်ရှိသွားကြောင်း၊ ထိုနုန်းမြေများကို အင်းလေးကန် ပြင်ပသို့ ဆွဲထုတ်နိုင်မှသာ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။
“အင်းလေးကန်က ရှမ်းပြည်ရဲ့ အဓိက နေရာ၊ ဧည့်သည်တွေ အဓိကလာတဲ့ နေရာပါ။ ဘာပဲဖြစ်ဖြစ် ဧည့်လမ်းညွန် အတွက်လည်း ထိခိုက်တယ်။ ဈေးသည်တွေ အတွက်လည်း ထိခိုက်တယ်။ ဧည့်သည်တွေလည်း ထိခိုက်ပါတယ်”ဟု တောင်ကြီးမြို့တွင် နေထိုင် သည့် ဧည့်လမ်းညွှန် တဦးက ဧရာဝတီကို ပြောသည်။
အင်းလေးကန် ရေခမ်းမှုနှင့် ပတ်သက်ပြီး ဆည်မြောင်း ဦးစီးဌာနက ဆောင်ရွက်မှုများ ရှိနေသော်လည်း ထိထိရောက်ရောက် တူးဖော်မှု မရှိခြင်း၊ ရေထိန်း ရေလွှဲမှုများကို စနစ်တကျ မပြုလုပ်ခဲ့သည့်အတွက် ရေခန်းခြောက်မှုများ စောလျင်စွာ ဖြစ်ပေါ်လာခြင်း ဖြစ်သည်ဟု ဒေသခံများကလည်း ပြောဆိုသည်။
ထို့အပြင် အင်းလေးကန်နှင့် သက်ဆိုင်သော မြို့နယ်ပေါင်း ၈ မြို့နယ်မှ သစ်တောများ ပြုန်းတီးမှု များပြားလာသဖြင့် မြေလွှာတိုက် စားမှုသည် မိုးရာသီအတွင်း နုန်းမြေ တန်ချိန်ပေါင်း ၇ သိန်းကျော် အင်းလေးကန်ထဲသို့ ပို့ချနေသည်ကို တွေ့ရကြောင်း ဦးသာဂတိုး က ပြောသည်။
“ဒီအတိုင်းသာ ပစ်ထားမယ် ဆိုရင် မကြာမတင် ကာလမှာ အင်းလေးက ချိုင့်ဝှမ်း ဖြစ်သွားမယ်။ လာမယ့်နှစ်ဆိုရင် ဖေဖော်ဝါရီ လောက်မှာ စခန်းလာမယ်။ တနှစ်ထက်တနှစ် ရေခန်းခြောက်မှု စောလာမယ်။ နှစ်စဉ် ရေခန်းခြောက်မှုဒဏ်ကို ခံရင်းခံရင်းက မြေ ယာတွေ တိုးပွားလာပြီး ကန်ဧရိယာက ဒီထက် ပိုကျဉ်းသွားမယ်”ဟုလည်း ၎င်းက ပြောသည်။
အင်းလေးကန် ရေခန်းခြောက်မှု ဖြစ်ပွားသည့် နေရာများသည် ဖောင်တော်ဦးဘုရား အနီးရှိ အင်ပေါခုံ ကျေးရွာ (ရက်ကန်းရက်သည့် နေရာ)၊ နန်းပန် ကျေးရွာ၊ ဟဲယာရွာမ တို့တွင် အဓိက ဖြစ်ပေါ်နေသည်ဟု ဒေသခံများက ပြောသည်။
ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နေသည့် အင်းလေးကန်သည် ရေခန်းခြောက်မှုကြောင့် စက်လှေများသွားရန် ခက်ခဲနေသဖြင့် ခရီးသွားများ လာရောက်လည်ပတ်မှု ကျဆင်းလာနိုင်ကြောင်း အင်းလေးကန်အတွင်း စက်လှေမောင်းနှင်နေသူ ဦးကိုဦးက လည်း ဧရာဝတီကို ပြောသည်။
“အင်းလေးကန် ရေခန်းတော့ စက်လှေသမားတွေအတွက် အခက်ကြုံနေရတယ်။ ဧည့်သည်တွေကို ရေရှိတဲ့နေရာကို ပတ်ပြီးသွားနေရတယ်။ မိုးကျမှပဲ သွားလာဖို့ ရတော့မယ့် အနေအထားပါ။ ရွှေညောင်ကနေ အင်းအထွက်တောင် ရေအနက်က ၂ ပေ ထက် ပိုမရှိဘူး။ ဖောင်တော်ဦးဘုရားကနေ ရွာထဲသွားဖို့ဆိုရင် လမ်းလျှောက်သွားရတဲ့ အခြေအနေပါ”ဟုလည်း ဦးကိုဦးက ဆိုသည်။
သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုနှင့် သစ်တောပြုန်းတီးမှုများ တနှစ်ထက်တနှစ် ပိုမိုဆိုးရွားလာသဖြင့် ယခုနှစ်၌ ယခင်နှစ်များထက် အပူချိန် မြင့်မားလာကာ မြန်မာနိုင်ငံ အနှံ့အပြားတွင် တွင်းထွက်ရေနှင့် သဘာဝ ရေထွက်များ ခန်းခြောက်မှု ပိုမြန်လာသည်ဟု သဘာဝ ပတ်ဝန်းကျင် လေ့လာစောင့်ကြည့်သူများက ပြောဆိုကြသည်။