ရှမ်းပြည်နယ် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်တွင် အစိုးရတပ်နှင့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာ မိတ် တပ်မတော်(MNDAA) ကိုးကန့်တပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် ဧပြီလ ၂၃ ရက် တိုက်ပွဲကြောင့် အစိုးရတပ်မှ ကျဆုံးဒဏ်ရာ ရရှိမှု အများအပြား ရှိကြောင်း MNDAA က ဧရာဝတီသို့ ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင်မြို့နှင့် ၅ မိုင်ခန့်အကွာ ရှောက်လူချန်း၊ ရှီကော်လင်၊ ရှီတုန့်ရွှေနှင့် ရှီရူရာခုတ် ကျေးရွာများအနီးရှိ MNDAA တပ်များ တည်ရှိရာ နေရာ ၃ ခုသို့ အစိုးရတပ်က ဝင်ရောက်ထိုးစစ်ဆင်သည့် တိုက်ပွဲ၌ အစိုးရတပ်မှ ၉၀ ကျော်သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာ ရရှိကြောင်း၊ MNDAA ဘက်မှလည်း ၂ ဦးကျဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိကြောင်း MNDAA ၏ ပြောခွင့် ရပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းက ပြောပြသည်။
ဦးထွန်းမြတ်လင်းက“ကျနော်တို့ကို မနက် ၃ နာရီ လောက်ကတည်းက လက်နက်ကြီးမျိုးစုံနဲ့ အရင်တိုက်တာ။ မနက် ၉ နာရီမှာ မြေပြင် စစ်ကြောင်းတွေနဲ့ တက်ပြီး ထိုးစစ်ဆင်တာ ညသန်းခေါင်အထိပဲ။ ကျနော်တို့က ခုခံစစ်ဆိုတော့ သူတို့ အကျအဆုံး များသွားတာ။ ခုခံစစ်နဲ့ ထိုးစစ်မှာ ဒါဟာ ဖြစ်လေ့ ဖြစ်ထပဲ”ဟုလည်း ဧရာဝတီသို့ ပြောသည်။
နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားရာတွင် အစိုးရဘက်မှ တပ်မတော်သား အလောင်းတချို့အပြင် စက်သေနတ် ၈ လက်၊ သေနတ် အလက် ၅၀ ကျော်နှင့် ကျည်ဆန်များလည်း ရရှိထားကြောင်း MNDAA ဘက်က ဆက်ပြောသည်။
ယင်းတိုက်ပွဲ ဖြစ်ပွားမှုနှင့်ပတ်သက်၍ အတည်ပြုချက်ရရှိနိုင်ရန် တပ်မတော်ဘက်သို့ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ပြန် လည် ဖြေကြားခြင်း မရှိပေ။
သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကမူ တပ်မတော်အနေဖြင့် တိုက်ပွဲ အကျအဆုံး စာရင်းကို ချက်ချင်းထုတ်ပြန်လေ့ မရှိဘဲ နောက်ပိုင်းတွင် အစိုးရပိုင် သတင်းစာတချို့မှ ထုတ်ပြန်ပေးလိမ့်မည် ဖြစ်ကြောင်း၊ ကိုးကန့်ဒေသ တိုက်ပွဲများ စတင်သည့် အချိန်မှစ၍ ယနေ့အချိန်အထိ တပ်မတော်ဘက်မှ ၁၀၀ ကျော် ကျဆုံးခဲ့သည်ဟု သိရှိထားကြောင်း ပြော ဆိုသည်။
MNDAA တပ်ဖွဲ့သည် ယခင်က အစိုးရ တပ်မတော်နှင့် အထူးမိတ်ဆွေများ ဖြစ်ခဲ့ကြပြီး အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်း ရေးကို MNDAA က လက်မခံသည့်နောက်ပိုင်း ၂၀၀၉ ခုနှစ်တွင် တရားမဝင်မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ လက်နက်ထုတ်လုပ်မှုများ ပြုလုပ်သည်ဟူသော အကြောင်းပြချက်ဖြင့် အစိုးရ တပ်က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အဖွဲ့ ခေါင်းဆောင် ဦးဖုန်ကြားရှင်နှင့် ခေါင်းဆောင် တချို့ကို ဖမ်းဝရမ်းထုတ်ခဲ့သည်။
ကိုးကန့်ဒေသတွင် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်မှ စတင်ပြီး ဦးဖုန်ကြားရှင် ဦးဆောင်သည့် MNDAA အဖွဲ့နှင့် အစိုးရ တပ်များကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ နှစ်ဖက်တပ်များ ထိခိုက်ကျဆုံးမှု ရှိခဲ့ပြီး ဒေသခံ ပြည်သူများသည်လည်း နီးစပ်ရာ တရုတ် နယ်စပ် တလျှောက်နှင့် ပြည်တွင်းသို့ ဝင်ရောက်၍ စစ်ဘေးခိုလှုံနေကြရသည်။