အလုပ်သမားများ ကိုယ့်ဂုဏ်သိက္ခာနှင့် နေထိုင်စားသောက်နိုင်ရန် အတွက် ထိုက်သင့်သည့်ဝင်ငွေရရှိရန် လိုအပ်သည်ဟု ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောဆိုကြောင်း သိရသည်။
အနည်းဆုံး လုပ်ခလစာ အမြန်ဆုံးသတ်မှတ်နိုင်ရေးနှင့် အလုပ်ရှင် အလုပ်သမား ရေးရာကိစ္စများ တွေ့ဆုံဆွေးနွေးရန်အတွက် လှိုင် သာယာ စက်မှုဇုန်ရှိ ကနောင်ခန်းမ၌ ယနေ့ ပြုလုပ်သည့် အစိုးရအဖွဲ့၊ အလုပ်ရှင် အလုပ်သမား ကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲတွင် သူရဦးရွှေမန်းက ပြောဆိုခြင်း ဖြစ်သည်။
“အလုပ်သမားများ ကိုယ့်ဂုဏ်သိက္ခာနဲ့ နေထိုင်စားသောက်နိုင်ဖို့ နိုင်ငံဝန်ထမ်းများ အပါအဝင် အခြားသော အလုပ်သမားများလည်း ထိုက်သင့်တဲ့ ဝင်ငွေရရှိဖို့ လိုပါတယ်။ စားဖို့၊ ဝတ်ဖို့၊ နေဖို့ အပြင် အလုပ်သမားများကို မှီခိုနေရတဲ့ ကလေးသူငယ်၊ သက်ကြီးရွယ်အို များရဲ့ စားဝတ်နေရေးအတွက်လည်း လိုအပ်တယ်။ ဒီလိုပဲ စဉ်းစားရမှာ ဖြစ်ပါတယ်”ဟု သူရဦးရွှေမန်းက ပြောဆိုသည်။
သူရဦးရွှေမန်းနှင့် အစိုးရ တာဝန်ရှိသူများသည် အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ ၎င်းတို့ ကြုံတွေ့နေရ သည့် အခက်အခဲ အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး ထိုသို့ တွေ့ဆုံမှုသည် ဒုတိယ အကြိမ်မြောက် ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ အတွင်းက ပထမအကြိမ် တွေ့ဆုံခဲ့ကြကြောင်း အလုပ်သမား ကိုယ်စားလှယ်များက ပြောသည်။
အလုပ်သမားများ၏ အနည်းဆုံး လုပ်ခလစာငွေ ဥပဒေကို ၂၀၁၃ ခုနှစ် ဇွန် ၄ ရက်က ပြည်ထောင်စု လွှတ်တော်မှ အတည်ပြု သတ်မှတ် ပြဌာန်းခဲ့ပြီး ဖြစ်သော်လည်း ယနေ့အချိန်ထိ စစ်တမ်း ကောက်ယူခြင်းနှင့် ဆွေးနွေးပွဲများသာ ပြုလုပ်နေပြီး လာမည့် မေ လတွင် အပြီးသတ်နိုင်ဖွယ်ရှိကြောင်း အစိုးရပိုင်းက ပြောဆိုထားသည်ဟုလည်း ၎င်းတို့က ပြောပြသည်။
အလုပ်သမားများ၏ အနည်းဆုံး လုပ်ခလစာကို မေလကုန်တွင် အကြမ်းဖျင်း သတ်မှတ်နိုင်ရန် အလုပ်ရှင် ကိုယ်စားလှယ်များ၊ အလုပ်သမား ကိုယ်စားလှယ်များနှင့် သီးခြားတွေ့ဆုံ ဆွေးနွေး မေးမြန်းမှုများကို ဧပြီ ၂၅ နှင့် ၂၆ ရက်တို့တွင် ပြုလုပ်သွားရန် ရှိသည် ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက အဆိုပါ တွေ့ဆုံပွဲတွင် ပြော ဆိုသည်။
ထိုဥပဒေ ပေါ်ပေါက်လာခြင်း မရှိသေးသည့်အတွက် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး အလုပ် သမားများက လုပ်ခလစာ နည်းပါးမှု၊ အလုပ်သမား အခွင့်အရေး အပြည့်အဝ မရရှိမှုနှင့် ဖိနှိပ်ချုပ်ချယ်မှုများ ပြုလုပ်ခံရ သည်ဟု ဆိုကာ အလုပ်ရှင်များ အနေဖြင့် ဥပဒေများကို လိုက်နာရေးနှင့် အနည်းဆုံး လုပ်ခလစာ အမြန်ဆုံး သတ်မှတ်နိုင်ရေးတို့ကို မကြာခဏ တောင်းဆိုမှုများ၊ ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပေါ်နေဆဲပင် ဖြစ်သည်။
အလုပ်သမား ကိုယ်စားလှယ်များက အလုပ်သမား အဖွဲ့ချုပ် ဖွဲ့စည်းရေး၊ အလုပ်သမား သမဂ္ဂဝင်များကို အလုပ်ရှင်များက ဖိနှိပ်မှုမပြုရေး၊ အလုပ်သမား သမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပေးရေး၊ ဆန္ဒပြမှုများတွင် စနစ်တကျ ဖြေရှင်းတတ်စေရန် သင်တန်းများ ပေးရေး၊ နိုင်ငံတကာသို့ လေ့လာရေးများ ပို့ဆောင်ပေးရေး၊ လူမှုဖူလုံရေး အစီအစဉ်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ ရွှေ့ပြောင်း အလုပ်သမားရေးရာ၊ အနည်းဆုံး အခကြေးငွေ ဥပဒေနှင့် အလုပ်သမား ဥပဒေများပါ ပုဒ်မတချို့ကို ပယ်ဖျက်ရေးနှင့် ပြင်ဆင်ရေး ကိစ္စများကိုပါ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
“အလုပ်သမားတွေ ထိခိုက်၊ သေဆုံးတဲ့ အခါမှာ ထိုက်သင့်တဲ့ လျော်ကြေးငွေ ခံစားခွင့် မရှိသေးတာကြောင့် ဥပဒေ ပေါ်ပေါက်သင့် တယ်။ အလုပ်ရှင်တွေက လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်မှု အပိုင်းမှာ အားနည်းနေတယ်။ ဒါကြောင့် ကော် မတီတွေ ဖွဲ့စည်း ဆောင်ရွက်သင့်တယ်”ဟု လှိုှု်င်သာယာ စက်မှုဇုန်နယ်မြေ East Growth အထည်ချုပ်စက်ရုံ အခြေခံ အလုပ် သမား သမဂ္ဂမှ ကိုပြည့်ဖြိုးဝင်းက ပြောဆိုသည်။
အလုပ်ရှင် ကိုယ်စားလှယ်များက အလုပ်သမားများ နေထိုင်ရန် အိမ်ရာများ၊ ပြည်ပပို့ကုန် ပစ္စည်းများကို အခွန်ကင်းလွတ်ခွင့်အား အချိန်အတိုင်းအတာဖြင့် ပေးရန်၊ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သယ်ယူပို့ဆောင်ရေး စရိတ်များ စသည့်အကြောင်းအရာများကို ရှင်းပြဆွေးနွေး ခဲ့ကြသည်ဟု ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာ မျိုးလွင်က ပြော သည်။
အနည်းဆုံး လုပ်ခလစာ သတ်မှတ်လိုက်ပါက ၎င်းတို့၏ စားဝတ်နေရေးတွင် အနည်းနှင့်အများ ပြေလည်သွားနိုင်ပြီး အလုပ်ရှင်နှင့် အငြင်းပွားမှု ကိစ္စများလည်း လျော့နည်းသွားနိုင်ရန် မျှော်လင့်ကြသည်ဟု အလုပ်သမားများက ပြောဆိုကြသည်။