ဒေါ်အောင်ဆန်းစုကြည်၏ မိခင်သည် ဖခင် ဖြစ်သူလောက် လူသိမများပါ။ သို့သော်လည်း ဒေါ်အောင်ဆန်း စုကြည် ဘဝတွင် သူ၏ လွှမ်းမိုးမှုကို ပစ်ပယ်၍ မထားသင့်ပါ။ ဒေါ်အောင်ဆန်းစုကြည်က သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ အသွင်အပြင်၊ အသိဉာဏ်ပညာနှင့် အတွေးအမြင်များကို အမွေဆက်ခံနိုင်ခဲ့ ခြင်းမှာ သူ့ဘဝကို မြှင့်တင်ပေးခဲ့သည့် တာဝန်ကျေပွန်သော စိတ်ထား ဖြောင့်မှန် သော မိခင် ဖြစ်သူ ဒေါ်ခင်ကြည်ကြောင့် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံး တွေ့ဆုံ မေးမြန်းခဲ့သည့် အချိန်တွင် သူ၏ မိခင်ဖြစ်သူ အကြောင်း ကျမက ရည်ရွယ်ချက်ရှိရှိဖြင့် အကြိမ် ကြိမ် မေးမြန်းခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သော ရေးသား မှုများ အမြောက်အမြား ရှိခဲ့ပြီးဖြစ်သော်လည်း ဒေါ်ခင်ကြည်၏ အကြောင်းက အနည်းငယ်မျှသာ ရှိသည်။ မိခင်ဖြစ်သူထံမှ မည်သည့်အရာများသင်ယူ နိုင်ခဲ့ပါသလဲဟု မေးသည့်အခါ “တာဝန်သိမူ” ဟု ချက်ချင်းဖြေပါသည်။ ခဏမျှ စဉ်းစားပြီးသောအခါ “စည်းကမ်း၊ သတ္တိ၊ စိတ်ဓာတ်ကြံ့ခိုင်မှု အဲဒီအရည် အသွေးတွေ အားလုံးကို ကျမရဲ့ မိဘ ၂ ဦးလုံးဆီက ရရှိခဲ့တယ်လို့ ကျမထင်တယ်” ဟု သူက ထပ်ပြော သည်။
သူ၏မိခင်က ထူးခြားသည့် အမျိုးသမီး တယောက်၊ အလွန်ခွန်အားရှိသူ၊ အလွန်စည်းကမ်း ကြီးသူဟု သူကပြောသည်။ “ကျမရဲ့အဖေက ဖြစ် ချင်ခဲ့မယ်လို့ သူထင်ခဲ့တဲ့အတိုင်း ကျမကို ဦးဆောင် လမ်းပြခဲ့တယ်။ သူ့ရဲ့ အင်အားက သာမန်ထက် ပိုပါတယ်။ တခါတလေကျရင် သူက ပင်ကိုအား ဖြင့် ကျမအဖေထက် ပိုပြီး သတ္တိကောင်းသလားလို့ တောင် ထင်မိတယ်။ ကျမ အဖေလည်း ကျမလိုပဲ ရဲရင့်ဖို့အတွက် သင်ယူခဲ့ရတယ်လို့ ထင်တယ်။ ကျမ အမေကတော့ ဘာကိုမှ မကြောက်ဘူး”
ဒေါ်ခင်ကြည်၏ ဘဝဇာတ်ကြောင်းက ဧရာဝတီ မြစ်ဝကျွန်းပေါ်တောင်ပိုင်းမှ ဆန်စပါးနှင့် ငါးလုပ် ငန်းများ ထွန်းကားရာဒေသဖြစ်သည့် မြောင်းမြတွင် အစပြုခဲ့သည်။ မွေးချင်း ၁၀ ယောက်တွင် ၈ ယောက် မြောက်ဖြစ်သော ဒေါ်ခင်ကြည်ကို မိသားစုက ချစ်စနိုးဖြင့် “ဘေဘီ” ဟု ခေါ်ကြသည်။ အစပိုင်းက မြောင်းမြတွင်သာ ကျောင်းတက်ခဲ့သော်လည်း သူ၏ မိသားစုက ပိုမိုကောင်းမွန်စွာ ပညာသင်ကြားနိုင်ရေး အတွက် ရည်ရွယ်ပြီး ရန်ကုန်မြို့ရှိ ABM မိန်းကလေး အထက်တန်းကျောင်း (ယခု အထက (၁) ကြည့်မြင် တိုင်) သို့ စေလွှတ်ခဲ့သည်။
ထိုကျောင်းတွင် ဒေါ်ခင်ကြည်စာကောင်းကောင်း လိုက်နိုင်ခဲ့သော်လည်း ရန်ကုန်တက္ကသိုလ်သို့ဝင် ရောက်ခွင့် မရရှိခဲ့ပါ။ ကောလိပ် ပညာရေးကို သင် ကြားရန် စိတ်ဆုံးဖြတ်ထားသည့် ဒေါ်ခင်ကြည်က ဆက်လက် ကြိုးစားခဲ့သည့်အတွက် မော်လမြိုင်မြို့ရှိ တခြား နှစ်ခြင်းသာသနာပြုကျောင်း တခုဖြစ်သည့်Morton Lane ဆရာအတတ်သင် ကောလိပ်သို့ ဝင်ရောက်ခွင့် ရှိခဲ့သည်။
ဇာတိမြို့သို့ ဒေါ်ခင်ကြည် ပြန်ရောက်သည့် အခါ အစိုးရကျောင်း တကျောင်းတွင် အလုပ်ဝင်ခဲ့ သည်။ သို့သော်လည်း တိတ်ဆိတ်ငြိမ်သက်သော ခရိုင်မြို့ကလေးတွင် ငြီးငွေ့လာသည်။ သူ၏ အစ်မ ၂ ယောက်က သူနာပြုဆရာမများ ဖြစ်နေပြီ ဖြစ် သည်။ ထို့ကြောင့် ရန်ကုန်သို့သွားပြီး ဆေးရုံကြီးတွင် သူနာပြုသင်တန်း တက်ရောက်ခဲ့သည်။
ဒေါ်ခင်ကြည်က လျင်လျင်မြန်မြန်ပင် လေ့လာ၊ တတ်မြောက်ခဲ့ပြီး ကျွမ်းကျင်၍ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသော သူနာပြုဆရာမ တယောက်အဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရသည်။
သူ၏ သူနာပြုဘဝ အစောပိုင်းကာလများအတွင်း တွင်ပင် ဒေါ်ခင်ကြည်က အမျိုးသမီးတို့၏ အခွင့် အရေးကို မြှင့်တင် ပေးနေသည့် အမျိုးသမီးများ လွတ်လပ်ရေးအဖွဲ့ချုပ် (Women’s Freedom League) သို့ ဝင်ရောက်ခဲ့သည်။ သားဖွားဆေးရုံ သို့လည်း ခေတ္တပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ပြီး သားဖွားပညာနှင့် ပတ်သက်၍ ပိုမိုနားလည်အောင် လေ့လာခဲ့သည်။ ခွဲစိတ်ခန်းအတွင်းတွင် အကူအညီ ပေးရာတွင် အလွန်အားကိုး ရသည့်အတွက် သူ့ကို ရန်ကုန်ဆေးရုံကြီးသို့ ၁၉၄၁ ခုနှစ်တွင် ပြန်လည်ခေါ် ယူခြင်း ခံခဲ့ရသည်။ ထိုနှစ်တွင်ပင် စစ်ပွဲများ စတင် ဖြစ်ပွားခဲ့သည်။
အလုပ်များသည့် နေ့တနေ့တွင် ဗိုလ်ချုပ် အောင်ဆန်းအမည်ရှိ ဒေါသကြီးသော လူနာ တယောက် ဆေးရုံလာတက်သည်။ ပင်ပန်းနွမ်းနယ် နေသော ဗိုလ်ချုပ်သည် မြန်မာနိုင်ငံကို ပြန်လည် သိမ်းယူရန် ဂျပန်တပ်များကို ကူညီနေချိန်တွင် ငှက် ဖျားရောဂါလည်း ခံစားနေရသည်။ ထိုအချိန်တွင် အသက် ၂၇ နှစ်သာ ရှိသေးသော်လည်း သူသည် သူရဲကောင်းတဦးအဖြစ် အများ၏ လေးစားမှုကို ရရှိထားသူဖြစ်ပြီး ကာကွယ်ရေးဝန်ကြီး တာဝန်ယူ ထားရသူဖြစ်သည်။ ဆေးရုံကြီးမှ သူနာပြုအကြီး အကဲက ဗိုလ်ချုပ်အောင်ဆန်း ကဲ့သို့သော လူနာမျိုးကို ပြုစုရန်အတွက် သင်တန်းသူတယောက်ကို တာဝန် ချထားပေးရန် မသင့်လျော်ဟု ယူဆခဲ့သည့်အတွက် အရည်အချင်းရှိ သူနာပြုဆရာမများထဲက တယောက် ဖြစ်သည့် ဒေါ်ခင်ကြည်ကို တာဝန်ချ ထားပေးခဲ့ သည်။
နေ့စဉ် ခေါင်းပေါ်တွင် ပန်းတပွင့် ပန်ထားလေ့ ရှိသည့် ဒေါ်ခင်ကြည်အတွက် အရေးကြီးသော တာဝန်တရပ်လည်း ဖြစ်ပါသည်။ ခေါင်းမာသော ဗိုလ်ချုပ်ကို သူ၏ တာဝန်ဝတ္တရားများကို ထမ်းဆောင် နိုင်လောက်အောင် ပြန်လည်ကျန်းမာလိုပါက ဆရာဝန် များ၏ ညွှန်ကြားချက်အတိုင်း လိုက်နာပေးရန်လည်း တဖွဖွ တိုက်တွန်းပြောဆိုရသည်။ ဒါကပဲ ဗိုလ်ချုပ် အောင်ဆန်း လိုအပ်နေသော ချစ်ခြင်းမေတ္တာမျိုး ဖြစ်သည်။ ရောဂါဝေဒနာ သက်သာသွားရုံသာမက အချစ်ကိုပါ ခံစားနိုင်သွားခဲ့သည်။ သူ့အတွက် ရှားရှားပါးပါး လမ်းကြောင်းပြောင်းလဲမှုလည်းဖြစ်ပါ သည်။ အမှန်တကယ် မျိုးချစ်သူများသည် သူတို့ လုပ်ဆောင်ရမည့်တာဝန်ကို အတားအဆီး ဖြစ်စေ မည့် အန္တရာယ်ကြီးသော စိတ်ကူးယဉ်ကိစ္စများတွင် ပါဝင်မည့်အစား နွားထီးများကဲ့သို့ သင်းကွပ်ပစ်သည် က ပိုကောင်းလိမ့်မည်ဟု သူ၏ ရဲဘော်ရဲဘက်များကို မကြာသေးမီကမှ သူပြောခဲ့သေးသည်။ အခုအချိန် မှာတော့ သူ့ကိုယ်သူ ပြန်၍တားဆီးမိလေပြီ။
လက်ထပ်မင်္ဂလာ
သူတို့ မင်္ဂလာပွဲက ကျင်းပခါနီး အချိန်တွင် ဖျက်သိမ်းလုနီးနီး ဖြစ်ခဲ့ရသည်။ နှစ်ပေါင်းများစွာ အသောက်အစား အပျော်အပါးကို ရှောင်ရှားခဲ့သော ဗိုလ်ချုပ်အောင်ဆန်းကို ဂျပန်အရာရှိများက လူပျိုည ပါတီပွဲတခု ညလုံးပေါက်ကျင်းပပေးခဲ့သည်။ မင်္ဂလာ ဆောင်နေ့မတိုင်မီ နံနက်ခင်းတွင် အရက်သောက် ထားသော ဗိုလ်ချုပ်အောင်ဆန်းက အိမ်သို့ ဒယီး ဒယိုင်ဖြင့် ပြန်လည်ရောက်ရှိလာသည်။ အရက် သေစာကို လုံးဝရှောင်ကြဉ်သည့် နှစ်ခြင်းခရစ်ယာန် ဘာသာဝင် တယောက်ဖြစ်သော ဒေါ်ခင်ကြည် အတွက် ဒေါသဖြစ်စရာ၊ စိတ်မချမ်းမြေ့စရာ ဖြစ်ခဲ့ရ သည်။ မင်္ဂလာပွဲကို ဖျက်သိမ်းပေးရန် တောင်းဆိုကြောင်း ဒေါ်ခင်ကြည်က ဗိုလ်ချုပ်အောင်ဆန်းကို ပြောခဲ့သည်။ နောက် သူဘယ်တော့မှ အရက် မသောက်တော့ပါဟု ဗိုလ်ချုပ်အောင်ဆန်းက ကျိန်ဆို ကတိပေးခဲ့သည်။ သူ၏ ကတိစကားကို ဒေါ်ခင်ကြည်က လက်ခံပြီး ခွင့်လွှတ်ခဲ့သည်။ ၁၉၄၂ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် သူတို့ လက်ထပ်ခဲ့ကြသည်။ သူ၏ကတိကိုလည်း စောင့်ထိန်း ခဲ့သည်။
အိမ်ထောင်သည်ဘဝ၏ ပထမဆုံး နှစ်များ အတွင်းတွင် ဗိုလ်ချုပ်အောင်ဆန်းအတွက် ကြီးမား သောဖိအားများကို ခံစားခဲ့ရသည်။ တရားဝင်အား ဖြင့် ဂျပန်အာဏာပိုင်များအတွက် ကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသော်လည်း နောက်ကွယ်တွင်မူ ဂျပန်လက်အောက်မှ လွတ် မြောက်ရေးအတွက် နည်းလမ်းတခုကို ရှာဖွေနေခဲ့ သည်။ မြန်မာ့လွတ်လပ်ရေးအတွက် မျှော်လင့်ချက် များကို ဆက်လက်ထိန်းသိမ်းထားရန် သူဆုံးဖြတ်ခဲ့ သည်။ ဗိုလ်ချုပ်အောင်ဆန်းက ဗြိတိသျှတို့နှင့် တွေ့ဆုံမှုများ စတင်ပြုလုပ်လာခဲ့သည်။ အကယ်၍ သူ၏အားထုတ်မှုများသာ ပေါ်ပေါက်သွားခဲ့လျှင် ဂျပန်များကို သစ္စာဖောက်သည့်အတွက် အန္တရာယ် နှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။ ထိုအချိန်တွင် သူ၏ဇနီးသည်က ယုံကြည်စိတ်ချရသူ၊ ဖြေသိမ့်ပေး နိုင်သူ ဖြစ်လာသည်။
စစ်ကြီးပြီးသွားသည့်အခါ သူတို့မိသားစုသည် အမှတ် ၂၅ တာဝါလိန်းလမ်းမှ အိပ်ခန်း ၂ ခန်း ပါသည့်အိမ်တွင် အခြေချနေထိုင်ခဲ့ကြသည်။
သစ်သားများဖြင့် လှပစွာဆင်ယင်ထားသည့် ဧည့်ကြိုခန်းတခုက အောက်ထပ်မှာရှိပြီး ဗိုလ်ချုပ် အောင်ဆန်းက အရေးကြီးသည့် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံသောနေရာ ဖြစ်သည်။ သူ့အိမ်တံခါးကို ဧည့်သည်များအတွက် အမြဲတမ်း ဖွင့်ထားပေးသည်။ အချိန်မရွေး သူ့ထံသို့လာရောက်ပြီး စကားပြော နိုင်ကြသည်။
ဒေါ်ခင်ကြည်နှင့် ကလေးများကို တွေ့ရန် အတွက် နေ့လယ်စာစားချိန်တွင် အိမ်သို့ပြန်လာရ သည်ကို ဗိုလ်ချုပ်အောင်ဆန်း သဘောကျသည်။ အစိုးရ လုပ်ငန်းတာဝန်များကြောင့် မကြာခဏ အဝေးသို့ ရောက်နေရသော်လည်း အိမ်မှာရှိနေသည့် အချိန်တွင် သူတို့လင်မယားက ညနေခင်းကို ပုံမှန် အိမ်ထောင်သည်များအတိုင်း နေထိုင်ကြသည်။ ဒေါ်ခင်ကြည်က အဝတ်များချုပ်သည်။ ပန်းထိုးသည်။ ဗိုလ်ချုပ်အောင်ဆန်းက စာဖတ်သည်။ သူက ဇနီးဖြစ်သူနှင့်ပတ်သက်၍ တော်တော်လေး ကျေနပ် စိတ်တိုင်းကျသည်။ ဒေါ်ခင်ကြည်က သူ့ကို လူသား ဆန်စေ၏။
တခါတရံ ဗိုလ်ချုပ်အောင်ဆန်း ခရီးသွားသည့် အခါ ဇနီးသည်ကို ခေါ်သွားလေ့ရှိသည်။ မိမိရှိနေ ခြင်းက ဗိုလ်ချုပ်အောင်ဆန်းကို သူခံစားနေရသည့် ဖိအားများမှ သက်သာရာ ရရှိစေကြောင်း ဒေါ် ခင်ကြည် သိခဲ့သည်။
ကြေကွဲစရာများ
သူ့ကို လုပ်ကြံသတ်ဖြတ်ကြမည့်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်းက ကလေးများကို ပွေ့ဖက်နှုတ်ဆက်ပြီး အလုပ်ရှိရာကို ထွက်သွားခဲ့သည်။ အန္တရာယ်ရှိ ကြောင်း သတိပေးမှုများ ရှိနေသော်လည်း သူက လုပ်ဆောင်ရမည့် အစီအစဉ်များကို မပယ်ဖျက်ခဲ့ပါ။ လွန်ခဲ့သော ၃ ရက်ကပင် သူ့ကိုလုပ်ကြံရန် လျှို့ဝှက် စီစဉ်မှုတခုရှိနေကြောင်း ဗိုလ်ချုပ်အောင်ဆန်း ကြား သိခဲ့ရသည်။ သို့သော်လည်း သူက ကလေးများကို အပြုံးနှင့် နှုတ်ဆက်၍ အိမ်မှထွက်သွားခဲ့သည်။ နောက်ထပ် နာရီအနည်းငယ်ကြာသည့်အခါ ဒဏ်ရာ အမြောက်အမြားနှင့် သူ၏ရုပ်အလောင်းကို ရန်ကုန် ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြသည်။
လုပ်ကြံခံရသည့်အကြောင်းကို ဒေါ်ခင်ကြည် ကြားရသည့်အချိန်တွင် ရန်ကုန်ဆေးရုံကြီးသို့ အပြေးအလွှား သွားရောက်ခဲ့သည်။ သို့သော်လည်း သူ့ခင်ပွန်းကိုကူညီဖို့ အလွန်နောက်ကျခဲ့ပြီဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဦးခေါင်းကို သူ့ရင်ခွင်ထဲတွင် ညင်သာစွာ ပွေ့ပိုက်ထားချိန်တွင် ဒဏ်ရာများမှသွေး များ တစိမ့်စိမ့် ထွက်နေဆဲဖြစ်သည်ဟု သတင်းများ ကဆိုသည်။
ဒေါ်ခင်ကြည် တိတ်ဆိတ်စွာဖြင့် အကြာကြီး ထိုင်နေခဲ့သည်။ ငိုေြွကးဖို့ပင် မတတ်နိုင်အောင် ဖြစ်ခဲ့သည်။ ထို့နောက် ကျွမ်းကျင်သော သူနာပြု ဆရာမ တယောက်အဖြစ်သို့ သူပြန်ရောက်သွား သည်။ ခင်ပွန်းသည်၏ ရုပ်အလောင်းကို အသုဘရှု လာသူများ ကြည့်၍အဆင်ပြေစေရန်အတွက် သွေး များကို ညင်သာစွာ ဖယ်ရှားပေးပြီး ဒဏ်ရာများကို သန့်ရှင်းအောင် ပြုလုပ်ပေးခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်း၏ ရုပ်အလောင်းကို စင်မြင့်ပေါ်တွင် တင်ထားသည်ကို မှတ်တမ်းတင်ထားသည့် ဓာတ်ပုံ များတွင်ခင်ပွန်းသည်၏ အခေါင်းဘေးတွင်သစ်သား ကုလားထိုင် တလုံးဖြင့် ထိုင်နေသော ဒေါ်ခင်ကြည် ကို မြင်တွေ့ရသည်။
ရှေ့ဆက်ရသည့် ခရီး
ဒေါ်ခင်ကြည်က သူ၏ ကျန်ရှိသောဘဝအချိန် များတွင် အတိတ်ကို ပြန်လည်တမ်းတနေခြင်းဖြင့် မကုန်ဆုံးခဲ့ပါ။ ကလေးငယ် ၃ ယောက်ကို ပြုစု စောင့်ရှောက်ရမည့် ကြီးလေးသည့် တာဝန်များလည်း ရှိနေသည်။ အစိုးရသစ်ကလုပ်ကြံခံခဲ့ရသည့် ဝန်ကြီး များ၏ ဇနီးသည်များကို ထောက်ပံ့ကြေးငွေ အနည်း ငယ်ပေးသော်လည်း ထိုပမာဏက တိုး လာနေသည့် ကုန်ကျစရိတ်များနှင့် ကလေးငယ်များ၏ ပညာရေး အတွက် လုံလောက်မှုမရှိပါ။ ထို့ကြောင့် ဒေါ်ခင် ကြည်က သူနာပြုဆရာမအလုပ်ကို ပြန်လည်ရရှိ နိုင်ရေးအတွက် ရန်ကုန်ဆေးရုံကြီးသို့ တိတ်တဆိတ် ဆက်သွယ်ခဲ့သည်။
သို့သော်လည်း ထိုအချိန်က ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်နေသူဦးနုက ကျဆုံးသွားခဲ့သော တိုင်း ပြည်ခေါင်းဆောင်၏ ဇနီးသည်အတွက် ပိုမိုဂုဏ် သိက္ခာရှိသော ရာထူးအဆင့်အတန်းတခုရှိသင့်သည် ဟု ယူဆခဲ့သည်။ ထို့ကြောင့် ဒေါ်ခင်ကြည်ကို မိခင် နှင့်ကလေး စောင့်ရှောက်ရေးဘုတ်အဖွဲ့ ညွှန်ကြား ရေးဝန်အဖြစ် ခန့်အပ်ခဲ့သည်။
သားဖွားဆရာမဟောင်း ဖြစ်သည့်အတွက် ဒေါ်ခင်ကြည်က မြန်မာနိုင်ငံမှ အမျိုးသမီးများ ရင်ဆိုင်နေကြရသည့် အခက်အခဲများကို ကောင်းစွာ နားလည်ကျွမ်းကျင်ပြီး ၎င်းတို့ကို ကူညီနိုင်မည့် နည်းလမ်းများကို သိရှိသူလည်းဖြစ်သည်။ လွတ်လပ် ပြီးခေတ် ပထမဆုံး ပါလီမန်တွင်လည်း အမျိုးသမီး အမတ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။ ၁၉၅၃ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော လူမှုဝန်ထမ်း ဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ဒေါ်ခင်ကြည် ကို ကျွမ်းကျင်သည့် အုပ်ချုပ်ရေးမှူး တယောက်အဖြစ် သိလာကြသလို သူ၏ စည်းကမ်း ပြည့်ဝသော စီမံခန့်ခွဲမှု စွမ်းရည်ကြောင့်လည်း ချီးကျူးဂုဏ်ပြု ခံခဲ့ရသည်။ သူ၏ မီးဖိုချောင်စားပွဲ သည် နိုင်ငံရေးစကားများ ဆွေးနွေးပြောဆိုကြသည့် နေရာတခု ပြန်ဖြစ်လာခဲ့သည်။ ယခုတကြိမ်တွင်မူ သူက ဦးဆောင်ပြောဆိုသူ ဖြစ်ပါသည်။
ခင်ပွန်းသည် ကွယ်လွန်သွားပြီးနောက်တွင် သားသမီးများ၏ဘဝကို ပုံမှန်အတိုင်း ပျိုးထောင်ပေး နိုင်ရန် ဒေါ်ခင်ကြည်က ကြိုးစားခဲ့ပါသည်။ သူတို့၏ ဖခင်ကို လေးစား အမှတ်ရနေစေရန်နှင့် ဗိုလ်ချုပ် အောင်ဆန်း၏ သား၊ သမီးများအနေဖြင့် သူတို့ တာဝန်သိစွာ နေထိုင်ရမည့် တာဝန်တို့ကို နားလည် စေရန် အားထုတ်ခဲ့သည်။
နောက်ထပ် ဝမ်းနည်းစရာ ကိစ္စတခု ၁၉၅၃ ခုနှစ် ဇန်နဝါရီလတွင် ပေါ်ပေါက်လာသည်။ ဒုတိယ သားဖြစ်သူ အောင်ဆန်းလင်း (ဒေါ်အောင်ဆန်း စုကြည်နှင့် အနီးကပ်ဆုံး ကစားဖော်ဖြစ်ခဲ့သူ) သည် တာဝါလိန်းလမ်းနေအိမ် ခြံဝန်းအတွင်းမှ ရေကန် တွင် မတော်တဆ ရေနစ်ရာမှ သေဆုံးခဲ့ရသည်။
အောင်ဆန်းလင်း သေဆုံးသွားပြီးနောက်တွင် ဝန်ကြီးချုပ် ဦးနုက သူတို့မိသားစုကို ရင်နာစရာ အမှတ်တရများနှင့် ရောယှက်နေသည့် တာဝါလိန်း လမ်းအိမ်မှ ပြောင်းရွှေ့နိုင်အောင် စီစဉ်ပေးခဲ့သည်။ သူတို့ပြောင်းရွှေ့နေထိုင်ခဲ့သော အိမ်မှာ နောက်ပိုင်း တွင် အလွန်ထင်ရှား လူသိများခဲ့သော အမှတ် (၅၄) တက္ကသိုလ်ရိပ်သာလမ်းရှိ အိမ်ဖြစ်သည်။
ဒေါ်ခင်ကြည်၏အိမ်သို့ ထင်ရှားသူ၊ ထူးချွန်သူ များလည်း မှန်မှန်ရောက်လာကြသည်။ သူတို့တွေက ကလေးငယ်တွေ ကြီးပြင်းလာသည့် အချိန်မှာ လွှမ်းမိုးမှုရှိခဲ့ကြသူတွေ ဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည် ငယ်စဉ်က အမေး အမြန်းထူသည့် သဘာဝ ရှိ သည်ဟုဆိုသည်။ အလုပ်ကပြန်လာသည့် မိခင် ကို မေးခွန်းတွေ အမျိုးမျိုးမေးပြီး နားပူနားဆာလုပ် လေ့ရှိသည်။ ဒေါ်ခင်ကြည်က မေးလာသော မေးခွန်း တိုင်းကိုဖြေပေးပြီး သမီးဆန္ဒအား ဖြည့်ဆည်းပေး ခဲ့မည်ကို သံသယဖြစ်စရာ မလိုပါ။ “အမေ အရမ်း ပင်ပန်းနေပြီ။ အမေ့ကို ဒီမေးခွန်းတွေ လာမမေးနဲ့လို့ ဘယ်တုန်းကမှ သူမပြောခဲ့ဖူးဘူး” ဟု ဒေါ်အောင် ဆန်းစုကြည်က နောက်ပိုင်းတွင် ပြန်ပြောပြသည်။
သူ၏ မိခင်က အလွန်တင်းကျပ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် လက်ခံပါသည်။ အလွန် အကျွံပင် ဖြစ်ကောင်းဖြစ်ခဲ့နိုင်ပါသည်။ သို့သော် လည်း ထိုသို့ စည်းကမ်းထားခဲ့ခြင်းကြောင့် ဘဝတွင် စိတ်မချမ်းမြေ့ဖွယ်ရာများနှင့် ကြိုတင်မသိနိုင်သည့် အလှည့်အပြောင်းများ အမြောက်အမြား ကြုံလာရ သည့်အချိန်တွင် ကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည် ဟု ဒေါ်အောင်ဆန်းစုကြည်က အသိအမှတ်ပြု နားလည်ခဲ့ပါသည်။
(ဒေါ်ခင်ကြည်သည် ၁၉၆၀ ခုနှစ်တွင် အိန္ဒိယ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ်ခြင်း ခံခဲ့ရသည်။ မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီး သံအမတ်ကြီးဖြစ်သည်။ သူတို့မိသားစုလည်း နယူး ဒေလီမြို့သို့ ပြောင်းရွှေ့ခဲ့ကြသည်။ ၁၉၆၇ ခုနှစ်တွင် တာဝန်မှ အနားယူ၍ ရန်ကုန်သို့ ပြန်လာကာ အေးချမ်းစွာနေထိုင်ရင်း ၁၉၈၈ ခုနှစ်တွင် ကွယ်လွန် ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၇၆ နှစ် ရှိပြီ ဖြစ်သည်။)
(မတ်လထုတ် The Irrawaddy မဂ္ဂဇင်းတွင် ဖော်ပြထားသော Rena Pederson ၏ Daw Khin Kyi’s Abiding Impact ကို နိုင်မင်းသွင် ဘာသာပြန်ဆိုသည်)