နီပေါနိုင်ငံတွင် ဧပြီလ ၂၅ ရက်နေ့ လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် လူပေါင်း ၄၀၀၀ နီးပါးသေဆုံးပြီး လူထောင်ပေါင်း များစွာ အတိဒုက္ခများကြုံတွေ့ခံစားနေရရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း(MRCS) က ငွေကြေးထောက်ပံ့လှူဒါန်းမှုများ ပြုလုပ် မည့်အပြင် နီပေါနိုင်ငံသို့ သွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုတွင်လည်း ပါဝင်ရန် ရှိ ကြောင်း သတင်းရရှိသည်။
MRCS အနေဖြင့် နီပေါငလျင်ဒဏ်သင့် ပြည်သူများကို ထောက်ပံ့ကူညီရာတွင် ကူညီကယ်ဆယ်ရေး ပစ္စည်းများ ပေးပို့ရန် အခက်အခဲများစွာရှိနေသဖြင့် ငွေကြေးကိုသာ အဓိက လှူဒါန်းသွားမည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ လခြမ်းနီ အသင်းများ ဖက်ဒရေးရှင်း (IFRC) အဖွဲ့မှ တဆင့် ငွေလွှဲပေးပို့သွားမည် ဖြစ်ကြောင်း၊ နီပေါနိုင်ငံသို့ ငွေကြေးများ ပေးပို့ လှူဒါန်းရာတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ရန်ပုံငွေများအပြင် စေတနာရှင်များက ထည့်ဝင်လှူဒါန်းသည့် အလှူငွေ များကိုလည်း လှူဒါန်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဘေးဒုက္ခ စီမံခန့်ခွဲရေးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်ခင်က ဧရာဝတီကို ပြောသည်။
အလှူငွေများ လှူဒါန်းမည့်အပြင် MRCSက သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေး အတွက် လေ့ကျင့်သင်တန်း ပေးထားသည့် ကြက်ခြေနီ အရာထမ်းများကိုလည်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန် နီပေါနိုင်ငံသို့ စေလွှတ်ရန်ရှိကြောင်း ဦးမောင်မောင်ခင်က ဆက်လက်ပြောဆိုသည်။
“အရေအတွက် မသိရသေးဘူး။ ဒါကလည်း ဖက်ဒရေးရှင်းရဲ့ Regional Ethic လေးတွေ ရှိတယ်။ အထူးပြု ဘာသာရပ် အလိုက် လေ့ကျင့်ထားတယ်ဆိုတော့ ခေါင်းဆောင်နဲ့ နည်းပညာအရ အကူအညီ ပေးမှာပေါ့။ ဟိုက volunteer တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားမယ်” ဟု ၎င်းက ဆိုသည်။
နီပေါနိုင်ငံရှိ မြေငလျင်ဒဏ် ခံခဲ့ရသူများအတွက် အလှူငွေများ ထည့်ဝင်လှူဒါန်း လိုပါက မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ ပေးပို့လှူဒါန်းနိုင်ပြီး မြန်မာကျပ်ငွေ သာမက နိုင်ငံခြား ငွေများလည်း ထည့်ဝင်လှူဒါန်းနိုင်ကြောင်း၊ နီပေါနိုင်ငံသို့ ပေးပို့ လှူဒါန်း မည့် အလှူငွေ စာရင်းနှင့် ပမာဏများကို မကြာခင် တရားဝင် ထုတ်ပြန်ကြေညာပေးမည် ဖြစ်ကြောင်း သိရသည်။
ဧပြီလ ၂၅ ရက်က နီပေါနိုင်ငံရှိ ဟိမဝန္တာတောင်ကြောပေါ်နှင့် နီပေါနိုင်ငံမြို့တော် ခတ္တမန္တူမြို့ အနီးတဝိုက်ကို ဗဟိုပြုပြီး ရစ်ချတာစကေး ၇ ဒသမ ၉ အဆင့်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ပြီး လတ်တလော ငလျင်ကြောင့် ဒဏ်ရာရရှိသူ ၇၀၀၀ ကျော်နှင့် သေဆုံးသူပေါင်း ၄၁၀၀ ကျော် အထိ မြင့်တက်လာကြောင်း၊ ကယ်ဆယ်ရေးလုပ်သားများသည် နီပေါ နိုင်ငံရှိ ကျေးရွာများသို့ သွားရောက်ကူညီရန် ခက်ခဲနေကြောင်း နီပေါနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန ပြောဆိုချက်ကို ကိုးကား ၍ နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားသည်။