ထိုင်းနိုင်ငံတွင် ဆင်စွယ် ၃ တန်ကျော် ဖမ်းမိခဲ့ပြီးနောက် ဆင်စွယ်များ တရားမဝင် ရောင်းဝယ်ကုန်သွယ်မှုတွင် ပါဝင်နေသူများကို စုံစမ်းရှာဖွေဖော်ထုတ်နိုင်ရန် အဖွဲ့အစည်းပေါင်းစုံပါဝင်သော အဖွဲ့ဖွဲ့မည်ဖြစ်ကြောင်း ယနေ့ ထိုင်းအာဏာပိုင်များ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထိုင်းနိုင်ငံ သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ဝန်ကြီး Dapong Rattanasuwan က အမျိုးသား ရဲတပ်ဖွဲ့၏ ဒုတိယ အကြီးအကဲ Chalermkiat Srivorakhan ကို အကောက်ခွန်ဌာန၊ အမျိုးသားဥယျာဉ်၊ တောရိုင်းနှင့် သစ်တောဌာန (DNP)၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ထိုင်းရဲတပ်ဖွဲ့၊ နိုင်ငံတကာ ရာဇဝတ်မှုရဲတပ်ဖွဲ့ စသည့် အဖွဲ့အစည်းများပါဝင်သော လုပ်ငန်းအဖွဲ့တခု ဖွဲ့စည်းရန် ညွှန်ကြားခဲ့သည်။
ထိုင်းဘတ်ငွေ သန်း ၂၀၀ တန်သော ၃ ဒသမ ၁ တန် အလေးချိန်ရှိ ဆင်စွယ် ၅၁၁ ချောင်းကို ချုံဘူရီဒေသ၊ Laem Chabang ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော PHL Felicitas ကုန်တင်သင်္ဘောပေါ်ရှိ ကုန်သေတ္တာ အတွင်းတွင် ဧပြီလ ၂၅ ရက်နေ့က ဖမ်းဆီးရမိခဲ့သည်။
ကွန်တင်နာအတွင်းမှ ဆင်စွယ်များကို အလေးချိန် ၁၁ တန်ရှိသော လဖက်ခြောက်များအဖြစ် ပြောင်းလဲစာရင်းသွင်း ဖော်ပြထားခဲ့သည်။ ထိုကုန်သေတ္တာသည် ကင်ညာနိုင်ငံမှ ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး လာအိုသို့ ဆက်လက်ပေးပို့ရန် စီစဉ်ထားသည်။
ယခု ပြုလုပ်မည့် ဆွေးနွေးပွဲတွင် တရားမဝင် ဆင်စွယ်ရောင်းဝယ်မှု၏ မူလစတင်သောနေရာနှင့် ခရီးဆုံးနေရာ ကြားတွင် ဆက်သွယ်ပါဝင်ခဲ့သူများကို စဉ်းစားသွားမည် ဖြစ်သည်ဟု ရဲဗိုလ်ချုပ်ကြီး Chalermkiat က ပြောသည်။ ကင်ညာနိုင်ငံနှင့် လာအိုနိုင်ငံတို့ကိုလည်း အဆိုပါ ကိစ္စနှင့်ပတ်သက်၍ သတင်းအချက်အလက်များ ဝေမျှပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းထုတ်ပြန်ချက်များအရ သယ်ယူပ့ိုဆောင်ရေး ကုမ္ပဏီတခုက လာအို အခြေစိုက် Soupha Song Import-Export ကုမ္ပဏီက တင်သွင်းကြောင်း ဖော်ပြထားသော ကွန်တင်နာ၏ မှားယွင်းနေသော ကုန်တင် စာရွက်စာတမ်း တခုကို ရှာတွေ့ခဲ့ပြီး သက်ဆိုင်ရာ အာဏာပိုင်များကို အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။ ထို့နောက် စုံစမ်းစစ်ဆေးသူများက နည်းပညာ အကူအညီဖြင့် ခြေရာခံ၍ ကွန်တင်နာ၏ လမ်းကြောင်းကို ရှာဖွေခဲ့သည်။
ထိုကုန်သေတ္တာကို မတ်လ ၂၄ ရက်နေ့တွင် ကင်ညာနိုင်ငံမှ တင်ပို့ခဲ့ခြင်းဖြစ်ပြီး သီရိလင်္ကာနှင့် မလေးရှား ဆိပ်ကမ်းများကို ဖြတ်ကျော်၍ ဧပြီလ ၁၉ ရက်နေ့တွင် စင်ကာပူဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။ ဧပြီလ ၂၁ ရက်နေ့တွင် စင်ကာပူမှ ထွက်ခွာခဲ့ပြီး Laem Chabang ဆိပ်ကမ်းသို့ ဧပြီလ ၂၅ ရက်နေ့တွင် ရောက်ရှိခဲ့သည်။
Ref: Bangkok Post