ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်း၌ အစိုးရတပ်မတော်က ဖမ်းဆီးစစ်ဆေးနေသည့် ဒေသခံများကို ဥပဒေမဲ့ လုပ်ဆောင် မှုမျိုး မပြုလုပ်ရန် ရခိုင်အမျိုးသားပါတီ (ANP) က တောင်းဆိုကြောင်း သိရသည်။
ANP ပါတီ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစောငြိမ်းနှင့် အဖွဲ့က ကျောက်တော်မြို့နယ် အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ) – ၉ ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင့်သူထံ ဧပြီ ၂၈ ရက်က သွားရောက်တွေ့ဆုံပြီး ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“မသင်္ကာတဲ့ လူတွေကို သူတို့ (တပ်မတော်)က စစ်ရေးအရ ဖမ်းဆီးထားတာတွေ ရှိတယ်။ အဲဒီလူတွေကို ဥပဒေအရ စစ်တာ ဆေး တာ တော့ လုပ်ပါ။ ကျနော်တို့က စစ်ရေးအရ ဝင်စွက်ဖက်တာ မဟုတ်ဘူး။ လွတ်ကင်းတယ် ဆိုလို့ရှိရင် မြန်မြန်ဆန်ဆန် လွှတ်ပေး ဖို့အကြောင်း ကျနော်တို့ ဆွေးနွေးတာ ဖြစ်ပါတယ်”ဟု ဦးစောငြိမ်းက ဧရာဝတီကို ပြောသည်။
မကြာခင် ရက်ပိုင်းက အစိုးရတပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သော ရက္ခိုင့်တပ်မတော် (AA) နှင့် ဆက်နွယ်မှုရှိကြောင်း သံသယဖြင့် ကျောက်တော် ဒေသခံ တချို့အား ဖမ်းဆီးစစ်ဆေးမှုများ ရှိနေသည့်အပေါ် ANP က တောင်းဆိုခြင်း ဖြစ်သည်။
“သဘောတူညီမှုတွေကတော့ ဥပဒေအတိုင်း ဆောင်ရွက်ပါမယ်။ အခုဟာလည်း ဖမ်းဆီးထားတာ မဟုတ်ပါဘူး။ စစ်ဆေးမေးမြန်း တာပဲ ရှိပါတယ်ဆိုတဲ့ အကြောင်းကို ဗိုလ်မှူးကြီး ဝင့်သူက ပြောပါတယ်” ဟု ဦးစောငြိမ်းက ပြန်လည် ပြောဆိုသည်။
လတ်တလော၌ သံသယရှိသူ ဒေသခံ တချို့ကို ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေခြင်း ဖြစ်သော်လည်း ယင်းသို့ လုပ်ဆောင်ရာတွင် ဥပဒေမဲ့ လုပ်ဆောင်မှုမျိုး မရှိသေးကြောင်း၊ တွေ့ဆုံ ဆွေးနွေးရာတွင် သဘောတူညီမှုတချို့ ရရှိခဲ့ကြောင်း သိရသည်။
ကျောက်တော် ဒေသခံများနှင့် ရခိုင်လူမှုကူညီရေး အဖွဲ့များ၏ ပြောဆိုချက်များအရ ဖမ်းဆီးခံထားရသူ ၆၀ ကျော် ရှိနေပြီဟု ပြောဆို နေသော်လည်း ANP ပါတီ ရရှိထားသော စစ်တမ်းများအရ လတ်တလောတွင် ၁၁ ဦးကိုသာ အတည်ပြုနိုင်ကြောင်း ဦးစောငြိမ်းက ဆိုသည်။
ANP ဗဟိုအလုပ်မှုဆောင် ကော်မတီက ယနေ့ရက်စွဲဖြင့် သဘောထားကြေညာချက် ထုတ်ပြန်ရာတွင် အစိုးရ တပ်မတော်က အပြစ် မဲ့ ပြည်သူများကို သံသယနှင့် ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းများ ရှိနေသဖြင့် ဒေသခံပြည်သူများ အထူးပင် စိုးရိမ်နေကြရကြောင်း၊ ဒေသ အာဏာပိုင်များ အနေဖြင့် အပြစ်မဲ့ ပြည်သူများကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးရန် တောင်းဆိုထားသည်ကို တွေ့ရ သည်။
ဖမ်းဆီးခံထားရသူ ၁၁ ဦးသည် ကျောက်တော်မြို့နယ် လင့်စင်ရွာသစ်မှ ရခိုင်တိုင်းရင်းသားများ ဖြစ်ကြောင်းသိရှိရပြီး ထိုဒေသခံများကို ဖမ်းဆီးစစ်ဆေးမှုနှင့် ပတ်သက်၍ ဗိုလ်မှူးကြီး ဝင့်သူကို ဧရာဝတီက တိုက်ရိုက်ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည်ဖြေဆိုခြင်း မရှိပေ။
ရက္ခိုင့်တပ်မတော်နှင့် ဆက်နွယ်မှု ရှိနေသူများဟု သံသယ ရှိနေသူများကို အစိုးရတပ်မတော်က တိုက်ပွဲဖြစ်ပွားရာ ဒေသနှင့် တော တွင်း၌ ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်နေသကဲ့သို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ကလည်း ကျောက်တော်၊ စစ်တွေ၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ ရမ်းဗြဲ စသည့် မြို့နယ်များတွင် သတင်းဖြန့် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
အစိုးရ တပ်မတော်နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သော ရက္ခိုင့်တပ်မတော်ဘက်မှ တပ်ဖွဲ့ဝင် ၁၁ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ယခုလ အတွင်း ဖမ်းဆီးထားမိပြီး တပ်ဖွဲ့ဝင်များထံမှ ရရှိခဲ့သော အချက်အလက် တချို့အရ အထက်ပါ မြို့နယ်များ အတွင်း၌ ရခိုင်တပ်ဖွဲ့ဝင်များ ဖြန့်ကျက်လှုပ်ရှားနေကြောင်း သိရသဖြင့် ယခုကဲ့သို့ ရှာဖွေမှုများ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ပြည်နယ် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် တဦးက ဧရာဝတီကို ပြောသည်။
ရက္ခိုင့်တပ်မတော်နှင့် အစိုးရ တပ်မတော်တို့ အကြား ကျောက်တော်မြို့နယ် အတွင်း၌ မတ်လ ၂၉ ရက်က စတင်ပြီး တိုက်ပွဲများ ဖြစ် ပွားခဲ့ရာ နှစ်ဘက်တပ်အကြား ဧပြီလ အတွင်း၌ ထိတွေ့တိုက်ပွဲပေါင်း ၁၀ ပွဲကျော် ဖြစ်ပွားခဲ့သည်ဟု ရက္ခိုင့်တပ်မတော်က ပြော ဆိုသည်။
ထိုတိုက်ပွဲများကြောင့် ဒေသခံ ကျေးရွာများမှ ပြည်သူ ၄၀၀ ကျော် ဘေးလွတ်ရာသို့ စစ်ဘေးခိုလှုံ နေကြရကြောင်း သိရသည်။ ရက္ခိုင့်တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သော ဒေသများဖြစ်သည့် လင့်စင်၊ ဝပြန်၊ တောင်ပစီ၊ ကျင်းကြီး၊ လင်ကျီ၊ ပန်းတက်မော်၊ ရပ်ခုန်းတိုင် ကျေးရွာများသို့လည်း အစိုးရ တပ်မတော်က ခရီးသွားလာရေး တင်းကျပ်ထားသဖြင့် ဒေသခံများမှာ အခက်အခဲများ ကြုံတွေ့နေရကြောင်း ရခိုင်စစ်ဘေး ဒုက္ခသည်များကို သွားရောက် အကူအညီပေးနေသည့် ရခိုင်အမျိုးသမီးကွန်ရက် ပြည်နယ် ဥက္ကဌ ဒေါ်ညိုအေးက ပြောသည်။
ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ရခိုင်တိုက်ပွဲများနှင့် ပတ်သက်ပြီး နှစ်ဘက်တိုက်ပွဲများကြောင့် ရာနှင့်ချီသော ဒေသခံများ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့်အတွက် အမေရိကန် အနေဖြင့် စိုးရိမ်မိကြောင်း တိုက်ပွဲများ ရပ်ဆိုင်းပြီး အရပ်သားများ ဘေးကင်း လုံခြုံမှုကို အာမခံချက် ပေးနိုင်ရန်နှင့် ဒုက္ခသည်များအတွက် လိုအပ်သော လူသားချင်းစာနာမှု အကူအညီများကို နိုင်ငံတကာ စံနှုန်း များနှင့်အညီ အချိန်မီ ထောက်ပံ့ပေးနိုင်ရန် တောင်းဆိုကြောင်း သတင်းထုတ်ပြန်ချက်ကို ဧပြီ ၂၇ ရက်က ထုတ်ပြန်ထားသည်။