၁၉၆၈ ခုနှစ်၊ မေလ ၁ ရက်နေ့က ဆိုဗီယက်ယူနီယံ မော်စကိုမြို့ ရင်ပြင်နီမှာ ကျင်းပတဲ့ ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားကို တက်ရောက်ခွင့် ရလိုက်တယ်။
ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ် သောင်းဒန် လက်ထက် နိုင်ငံခြားအသံလွှင့်ဌာနများမှာ မြန်မာလိုအသံလွှင့်ဖို့ မြန်မာ့အသံက လျှောက်ထားကြတဲ့ ဝန်ထမ်းများကို စစ်ဆေးပြီး ပထမနဲ့ ဒုတိယရသူ နှစ်ယောက်ကို Radio Moscow ဆီ ပို့လိုက်ပြီး၊ တတိယရသူက NHK ဂျပန်ကို ရောက်၊ နောက်ကလူတွေက BBC, VOA စသဖြင့်ပေါ့။ မဆလခေတ်မှာ ဆိုရှယ်လစ် အတွေ့အကြုံ ရဖို့အတွက် နေပါလိမ့်မယ်။
Radio Moscow က နိုင်ငံခြားဘာသာများစွာနဲ့ အသံလွှင့်တာမို့ ကျနော်တို့လို ရောက်လာကြတဲ့ တခြား နိုင်ငံခြားသားတွေလည်း အများကြီးပါ။ ကိုးထပ်တိုက်ကြီးမှာ လုပ်ကိုင်နေကြသူတိုင်း ရုရှလို တတ်ကြတာ မဟုတ်လို့ အသံလွှင့်စာမူများကို အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်၊ အာရပ်ဘာသာတို့သို့ အရင်ပြန်၊ ပြီးတော့မှ အသံလွှင့်သူများက မိမိတို့ဘာသာစကားနဲ့ ပြန်ဆိုရေးသားရပါတယ်။
ကျနော်တို့သုံးယောက် နည်းတူ အင်ဒိုနီးရှား၊ ဂျပန်၊ အိန္ဒိယ၊ ပါကစ္စတန်တို့လည်း အင်္ဂလိပ်ကနေ ပြန်ရတယ်ပေါ့။ ဗီယက်နမ်၊ လောတို့၊ ကမ္ဘောဒီးယားတို့က ပြင်သစ်ကနေ ပြန်ဆိုကြရတယ်။
တောင်ပိုင်းနဲ့ အလယ်ပိုင်း အမေရိကနိုင်ငံတွေအတွက်တော့ စပိန်ဘာသာပါ။ ကျူးဘားက ကွန်မြူနစ်နိုင်ငံ ဖြစ်စ ပူပူနွေးနွေး၊ ကက်စထရိုကြီး မျက်နှာပွင့်နေတဲ့ကာလလေ။
Radio Moscow က နိုင်ငံခြားသားများ အထူးအခွင့်အရေးအနေနဲ့ တကြိမ်စီ တက်ရောက်ခွင့်ပေးလို့ မေဒေးနေ့မှာ ရင်ပြင်နီကို ရောက်သွားတာပါ။
ကရင်မလင် နန်းတော်ရှေ့ စင်မြင့်ပေါ်မှာ ဆိုဗီယက်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ဘရက်ဇညက်ဗ် စတဲ့ ခေါင်းဆောင်များ မတ်တတ်ရပ် အလေးပြုခံကြပြီး၊ ဘေးမှာတော့ နိုင်ငံခြား ဧည့်သည်တော်တွေ နေရာယူကြပါတယ်။ ပါလီမန်စနစ်ကနေလည်း ဆိုရှယ်လစ်ထူထောင်လို့ ရတယ်ဆိုတဲ့ သဘောထား အတွေးအခေါ်ကြောင့် ဆိုဗီယက်ဘက် မျက်နှာမူနေတဲ့ နိုင်ငံတွေများနေချိန်မို့ ဧည့်သည်တော်တွေကလည်း များမှများ။
ကျနော်တို့ကတော့ အောက်မှာဆိုပေမယ့် သီးသန့်နေရာကနေ အေးအေးဆေးဆေး ထိုင်ကြည့်ကြရလို့ အနီးကပ် ကောင်းကောင်းမြင်ရပါတယ်။ ပရိသတ်ထောင်ပေါင်းများစွာကတော့ လမ်းတွေပေါ် တိုးကာ ဝှေ့ကာပေါ့။
မေဒေးနေ့အခမ်းအနားမှာ ပါဝင်ချီတက်ခွင့်ရဖို့ အင်မတန် ခက်တယ်ဆိုတာ ဟုတ်ပါလိမ့်မယ်။ စစ်လက်နက်ကြီးတွေနဲ့ စစ်တပ်ကလွဲပြီး ကျန်အလေးပြုသူတွေဟာ မော်တော်ကားကြီးတွေနဲ့ ရင်ပြင်နီရောက်တော့မှ ဆင်းကာလမ်းလျှာက်၊ ဆုံးတော့ ကားပေါ်ပြန်တက်သွားကြပုံ မြင်ရ၊ ဟန်ကျလိုက်တာ၊ မပင်ပန်းဘူး။ တဖွဲ့ပြီးတဖွဲ့ များလိုက်တာ တော်တော်နဲ့ မကုန်နိုင်။ အားလုံး အဲဒီအတိုင်းပဲ။ ဒါ့ကြောင့်လည်း ချီတက်ပွဲထဲ ပါချင်ကြပေမပေါ့။
အောက်တိုဘာ တော်လှန်ရေးနေ့လိုပဲ မေဒေးနေ့အတွက်လည်း ရုံးနှစ်ရက်ပိတ်ပါရဲ့၊ ဒါပေမယ့် အလုပ်မဆင်း မဖြစ်သူများ ဒီနေ့ အလုပ်ဆင်းရတဲ့အတွက် နေ့တွက် ၃ ဆ ရတယ်။ နှစ်နာရီလောက်ကြာတော့ ကျနော်တို့ အသံလွှင့်ဖို့ ပြန်လာခဲ့ရပြီး အလုပ်ခွင်ရောက်လို့ TV မှာကြည့်လိုက်တော့ ခေါင်းဆောင်များ မတ်တတ်ရပ်နေကြမြဲ။
တမြို့လုံးဘယ်သူ့ကိုကြည့်ကြည့် ပျော်လို့ရွှင်လို့။ ကျနော့်အိမ်မှာလည်း ဒေါက်တာ သိန်းညွန့် (ညွန့်ဝေ-ကသာ)၊ ကိုဟန်ဇော်၊ ကိုညို၊ ကိုဝင်းကြည် စတဲ့ ပညာတော်သင်တွေ ရောက်နေကြပြီ။ ဒေါက်တာ ဌေးဆောင် ကတော့ မလာဖြစ်။
ဟန်ဂေရီက လာတဲ့ကြက်ကို ကင်သူတွေကင်ကြ၊ အကြော်ကြိုက်သူတွေက ကြော်ကြ၊ ဘူလ်ဂေးရီးယား ခရမ်းသီး၊ ခရမ်းချဉ်သီး တွေကို ဟင်းချက်ကြနေတုန်း ကျနော်ပြန်ရောက်လာတယ်။ စားသောက်ဖွယ်ရာများက ပေါလည်းပေါပါဘိ။ သူတို့မှာလည်း ငွေရွှင်ပါ၏။ ရှားတာက နေရာပါ။
ကျနော်က အလုပ်လုပ်တော့ အိမ်ရတယ်လေ။ ဒီလိုနဲ့ လူပျိုလူလွတ်ရဲ့ One room apartment မှာ ခင်မင်ရင်းနှီးသူတွေ ဘောလုံးပွဲကောင်းရင်လည်း အခုလို စုဖြစ်ကြတာပါ။ အဆာပြေလောက်သာ စားကြပြီး ကျနော်တို့ ချီတက်ကြမှာ၊ ဒါပေမယ့် ရင်ပြင်နီကို မဟုတ်ပါ။
TV ကို ပိတ်မယ်အလုပ် ကြည့်လိုက်တော့ အလိုလေး ဘရက်ဇညက်ဗ်ကြီး ခမျာ မတ်တတ်ရပ် အလေးပြုခံနေရတာ သုံးလေးနာရီမက ကြာပါပကောလား။
ကျနော်တို့တတွေ ဓာတ်ရထားကနေ မြေအောက်ရထား ပြောင်းစီပြီးနောက် ရောက်သွားကြတော့ ဧရာမ ဂေါ်ကီပန်းခြံကြီးထဲ လူတွေလူတွေ ပလူပျံနေကြသလား အောက်မေ့ရ။ မြေကြီးနဲ့ခြေထောက် ထိမှထိကြပါလေစ။ သြော် … တဆောင်းတွင်းလုံး ပိတ်ထားပြီး ဒီနေ့စဖွင့်တဲ့နေ့ကိုး။
ကမ္ဘာသိ စာရေးဆရာကြီး ဂေါ်ကီ မြင်စေချင်စမ်းပါဘိ။ စားသောက်ဆိုင်တွေကလည်း ရောင်းလို့လက်မလည်နိုင်။ စောင့်နေကြတဲ့ လူတန်းရှည်ထဲ ရင်ပတ်မှာ တံဆိပ်အပြည့်နဲ့ စစ်ဗိုလ်ချုပ်တွေလည်း ပါကြလေရဲ့။ သူတို့လည်း သာမန်ပြည်သူကိုး။ အခွင့်ထူးခံတွေကတော့ ကိုယ်ခန္ဓာ မသန်စွမ်းသူတွေနဲ့ ကလေးအမေတွေပါ။
မြေအောက်ရထားမှာလည်း သူတို့အတွက်က သီးသန့်တွဲနဲ့။ ဒီမှာလည်းကြည့် … တန်းမစီဘဲ ရှေ့ကဖြတ်တက်တာ ဘယ်သူမှ မကျေနပ်မဖြစ်ကြ။ ရသင့်ထိုက်လို့ ပေးထားတာ သွားမထိနဲ့ ဥပဒေနဲ့ငြိကာ ကွိသွားမယ်။
နှင်းဖတ် စနိုးတွေနဲ့အတူ နပိုလီယံတောင် ကြောက်ရတဲ့ မော်စကိုရဲ့ဆောင်းကြမ်းကြီးလည်းပျောက်၊ ချစ်စရာနွေဦး ဝင်ရောက်လာပြီမို့ သစ်ကိုင်းမည်းမည်းတွေပေါ် မြစိမ်းရောင်အရွက်တွေက နေရာယူကြ၊ မျက်စိထဲအေးအေး ရင်ထဲနွေးနွေး။
အမျိုးသမီးတွေကလည်း ပန်းရောင်စုံနဲ့ အနိင်မခံ အလှချင်းပြိုင်။ ကြိုက်တဲ့အရောင်တွေး ပန်းတွေမှာရှိ၊ မြင်ချင်တဲ့အမျိုးသမီးမျိုး စိတ်ကူးကြည့်၊ ရှိပါ၏။
ဥရောပဆန်ဆန် အာရှနွယ်တွေ၊ ကပြာချောလေးတွေ၊ ဆောင်းဝတ်ရုံလွှာတွေ ဖယ်ချလိုက်ပြီမို့ လှလိုက်သည့်ဖြစ်ခြင်း။
နှုတ်သွက်လျှာသွက်နဲ့ သွားမိတ်ဆက်၊ ကံကောင်းရင် အဖော်မွန်။ ဟန်ကျပုံမမြင်ရင် အသာလေးပြန်လှည့် အန္တရာယ်မရှိ။ ရှေ့နာမည်ကိုသာ ပြောလေ့ရှိတဲ့ ကျနော်တို့အဖို့ အနည်းဆုံး အသံဝဲ၀ဲလေးနဲ့ ‘မောင်’ လို့ခေါ်သံတော့ ကြားရမှာ သေအချာပါ။
ညနေအထိ ပျော်လို့အားမရ၊ ခြေထောက်ညောင်းလာလို့ သတိရမိပါရဲ့။ ရဲဘော်ကြီး ဘရက်ဇညက်ဗ်ဆို ဘယ်အချိန် ထိုင်လိုက်ရပါလိမ့်။ အချိန်တန်အိမ်ပြန်၊ စားကြသောက်ကြ၊ ပြောကြဆိုကြ။ ကျနော် ဗိုက်လေးလေးနဲ့ မှေးလိုက်တာ နိုးတော့ မိုးလင်းနေပြီ။ နောက်ဆုံးပြန်သူ မီးမှိတ်၊ တံခါးပိတ်သွားနေကျ။ ပြန်တွေးရင်ပင် ပျော်စရာကောင်းတဲ့ ရင်ပြင်နီက မေဒေး။
မြန်မာပြည် ပြန်ရောက်လာပြီး မေဒေးနေ့ ချီတက်ရဖို့ ဖြစ်လာတာက ၁၉၇၀ ခုနှစ်၊ မေလ ၁ ရက်နေ့ပါ။ တကယ်တော့ မေဒေးဆိုတာ ကြားဖူးထား သိပြီးသားပေမယ့် လူထုစည်းဝေးပွဲကိုပင် မသွားဖြစ်လို့ ချီတက်ဖို့က ဝေလာဝေး။
အခုတော့ ချီတက်ရတော့မယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကို တကယ့် ဆိုရှယ်လစ်ရယ်လို့ မမြင်တာမို့ နည်းနည်းလေးမှ စိတ်မပါလှ။ ပါတီဝင်တွေပင် ချီတက်ပွဲမလိုက်ရရေး ကြံနေဖန်နေကြတယ်။ အထက်လူကြီးနဲ့ အလွမ်းသင့်သူဆို ရုံးမှာအထူးတာဝန်၊ အရန်တာဝန်၊ အရေးပေါ်တာဝန်တဲ့။
မြန်မာ့အသံ တီးဝိုင်းထဲပါဝင်ရင် အိမ်တော်က ညစာစားပွဲ သွားရောက်ကြရလို့ ချီတက်ပွဲလိုက်လို့ ဘယ်ရပါ့မလဲ။ ဂီတသမားဘ၀ ခဏလောက်ရ၊ အိုကောင်းလေစွ။ စိတ်ကူးယဉ်ချင်ယဉ်၊ ယောင်လို့များ ခွင့်သွားမတင်လေနှင့်၊ စွဲချက်တွေနဲ့မိသွားမယ်။ ဒီတော့ သောက်ပေတော့ မိုးခါးရေပေါ့။
သင်္ကြန်မိုးကလည်း ဟုတ်တိပတ်တိ မရွာခဲ့လို့ နွေဘေးနဲ့ မေဒေးလို့ စိတ်ထဲကသာ လူမသိသူမသိ တေးထားမိတယ်။ ကျိုက္ကဆံဆီ ချီတက်ကြမည်ဆိုတဲ့ တေးသံကလည်း မိုးမလင်းခင်ကတည်းက ညံနေပြီ။
လူဆိုတာ အမြဲတမ်း ကံမဆိုးနိုင်ဆိုတဲ့ စကားမှန် ထင်ပါရဲ့။ အဖော်ကောင်းတယောက် ရလိုက်ပါပြီ။ ရန်ကုန် တက္ကသိုလ်မှာ ကတည်းက ခင်မင်ရင်နှီးလာကြသူချင်းမို့ အလုပ်ခွင်ကျတော့လည်း မင်းနဲ့ငါနဲ့ပြော၊ မဟုတ်တာဆို လုပြော၊ မဟုတ်တာဆို အတူ ခိုးလုပ်နေကျ။ သူကနည်းနည်းမှ အပင်ပန်းခံချင်သူ မဟုတ်ပေမယ့် ပါတီဝင်ဆိုတော့ မချီတက်လို့မရ။ စိတ်မပါ ရှောင်မရ ကံဆိုးကြသူတွေကြား ကျနော်တို့နှစ်ယောက်လည်း ဆိုရှယ်လစ်ပန်းတိုင်ဆီအသွား ကျိုက္ကဆံမှာ တထောက်နားကြတာပေါ့ကွာလို့ နောက်တီးနောက်တောက် ဆိုကာ ပါသွားရတော့တာပေါ့။
မွန်းတည့်ချိန်မှာ စတင် ချီတက်ကြရတာမို့ ပူလိုက်တဲ့နေ၊ ကြာလေလေ ပူလေလေ။ အရန်ပါတီဝင်မလေးက ပါတီ ခေါင်းဆောင်ကြီးနဲ့အတူ မာဇဒါဂျစ်ကားပေါ်ကနေ “လုပ်သားပြည်သူများရှင်၊ စိတ်အားထက်သန်စွာနဲ့ ကြွေးကြော်ကြကာ အင်တိုက်အားတိုက် ချီတက်ကြဖို့ သတိပေး နှိုးဆော်ပါတယ်ရှင်” လို့ ပြောသွားတာ ကြားရ နားခါးလှပါဘိ။
လူတွေကလည်း ကိုယ့်နည်းနဲ့ကိုယ် စိတ်သက်သာရာ ကြံနေကြတယ်ထင်ပါရဲ့။ ကြည့်ပါ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်လို့ တိုင်ပေးလိုက်ရင် အောင်ရမည်အစား ကျဆုံးပါစေတဲ့။ အဖျက်သမားများဆိုရင် ကျဆုံးပါစေအစား အောင်ရမည်လို့ အော်ချင်အော်။
နေကပူပူ၊ ဖုန်ကထူထူ၊ လူကဆူဆူ၊ ကျိုက္ကဆံကမေးဒေးနေ့ အခမ်းအနားသို့ မရောက်မချင်း ခံပေဦးတော့ သူငယ်ချင်းနှစ်ယောက်။
ကျိုက္ကဆံကွင်းထဲရောက်လို့ မြေကြီးပေါ်ထိုင်ကြရကတည်းက စိတ်သက်သာသွားပါပြီ။ ပါတီဥက္ကဋ္ဌကြီးရဲ့ သဝဏ်လွှာဖတ်ကြားစဉ် သူငယ်ချင်းက တယောက်ယောက်ကို ရေးခိုင်းပြီး တယောက်ယောက်က ဖတ်တာပါ၊ နှစ်တိုင်းလုပ်နေကျ အကြိမ်နဲ့ နေ့စွဲပဲ ပြောင်းတာလို့ ပြောပြတာမို့ ပြုံးရသေး။ သူကိုယ်တိုင်ကတော့ ယမကာကို ဂီတသံအမြည်းနဲ့ လုပ်သားပြည်သူများ သာယာဝပြောရေး စဉ်းစားနေမှာလို့ ခပ်တိုးတိုးနောက်မိတယ်။
ရင်ပြင်နီကမေဒေး ပြောပြရင်း ဘရက်ဇညက်ဗ်နဲ့ ဦးနေဝင်း နေရာချင်းလဲဖို့ အကြံပေါ်၊ သုံး၊ လေးနာရီ မတ်တပ် ရပ်ရမယ်ဆိုလည်း တယောက်ယောက်ကို ရပ်ခိုင်းပြီး ငါတို့ဥက္ကဋ္ဌကြီးက ခုံမြင့်ကြီးနဲ့ထိုင်၊ စကားမဆုံးမီ အားလုံးမျှော်လင့် တောင့်တနေကြတဲ့ အသံကြားရပါပြီ၊ မေဒေးနေ့ အခမ်းအနား အောင်မြင်စွာပြီးဆုံးကြောင်း ကြေညာအပ်ပါတယ်ခင်ဗျား ဆိုတာပါပဲ။
(စာရေးသူသည် အမေရိကန်ပြည်ထောင်စုတွင် နေထိုင်နေသော သတင်းစာဆရာဟောင်းတဦးဖြစ်သည်)