ဆရာ စိုင်းခမ်းမိုင်းကို ရှမ်းပြည်နယ် မိုင်းပွန်မြို့တွင် မွေးဖွားသည်။ ၁၉၆၁ တွင် မြစ်ကြီးနားရှိ Kachin Baptist School မှ ၁၀ တန်းအောင်မြင်ပြီး တောင်ကြီး ဥပစာကောလိပ်၊ မန္တလေးတက္ကသိုလ်တို့ တွင် တက်ရောက်ခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ သမိုင်းအထူးပြုဖြင့် မဟာဝိဇ္ဇာဘွဲ့ရရှိခဲ့ပြီးနောက် ၁၉၈၃ ခုနှစ်အထိ မန္တလေး တက္ကသိုလ်၊ မိတ္ထီလာ ကောလိပ်တို့တွင် နည်းပြ အဖြစ်လည်းကောင်း၊ လက်ထောက် ကထိက အဖြစ်လည်းကောင်း တာဝန် အဆင့်ဆင့် ထမ်းဆောင်ခဲ့သည်။
ထို့နောက် ၁၉၈၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတကာ ဆက်ဆံရေး ဌာနတွင် လက်ထောက်ကထိက အဖြစ် လည်းကောင်း၊ ၁၉၈၈ ခုနှစ်တွင် ကထိက အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ဆန္ဒအရ အလုပ်မှ နုတ်ထွက်ခဲ့သည်။
၁၉၉၀- ၉၁ ခုနှစ် အတွင်း စင်ကာပူ အမျိုးသား တက္ကသိုလ်၊ အရှေ့တောင်အာရှ လေ့လာရေး ဌာနတွင် သုတေသီ အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ ၁၉၉၂-၉၈ ခုနှစ် အတွင်း ထိုင်းနိုင်ငံ ချူလာလောင်ကောင် တက္ကသိုလ်၊ အရှေ့တောင် အာရှရေးရာ ဌာနတွင် သုတေသိ အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ မဲခေါင်ဒေသ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဝင် အဖြစ်လည်းကောင်း၊ အယုဒ္ဓယ သမိုင်းလေ့လာရေး စင်တာတွင် သုတေသီ အဖွဲ့ဝင် အဖြစ်လည်းကောင်း ပါဝင်ခဲ့သည်။
၁၉၉၈- ၂၀၀၆ ခုနှစ် အတွင်း တိုယိုတာဖောင်ဒေးရှင်းမှ သုတေသန ချီးမြှင့်ငွေဖြင့် သုတေသန စီမံကိန်း ၂ ခု လုပ်ဆောင်နိုင်ခဲ့ပြီး ၂၀၁၁- ၂၀၁၂ တွင် သြစတြေးလျ အမျိုးသား တက္ကသိုလ်တွင် ဧည့်ပညာရှင် အဖြစ် ဆောင်ရွက်ခဲ့သည်။
၀ လူမျိုးစုတို့၏ သမိုင်းအကျဉ်း၊ ယဉ်ကျေးမှု၊ ရှမ်းလူမျိုးနှင့် တို့ကို ဧရာဝတီ ကော်ပီအယ်ဒီတာ နိုင်စွမ်းနှင့် တွေ့ဆုံဆွေးနွေးထားပါသည်။
မေး။ ။ ၀ ဆိုတာ ဘယ်သူတွေလဲ၊ တရုတ်လား၊ မြန်မာလား။
ဖြေ။ ။ ၀ ဆိုတာ တရုတ်လည်း မဟုတ်ဘူး၊ မြန်မာလည်း မဟုတ်ဘူး။ ၀ ဟာ ၀ ပဲ ဖြစ်တယ်။ မွန်ခမာ စကားပြော အုပ်စုဝင် ဖြစ်တယ်။
မေး။ ။ ၀ တွေရဲ့ ယဉ်ကျေးမှု၊ ဘာသာစကား၊ ကိုးကွယ် ယုံကြည်မှု တွေ အကြောင်း ရှင်းပြပါ။
ဖြေ။ ။ သမိုင်းအရ ပြောရမယ် ဆိုရင် မွန်ခမာ အနွယ်တွေ ဖြစ်တယ်။ ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး ၁၉၆၀ လောက် အထိ ၀ တွေဟာ တောင်ယာစိုက်တယ်၊ ဘိန်းစိုက်တယ်။ လမ်းပမ်ဆက်သွယ်ရေး ခက်ခဲကြမ်းတမ်းတဲ့ နယ်မြေဖြစ် တယ်။ ၀ တွေ အတွက် သူတို့ စိုက်ပျိုးရေးက သူတို့ဒေသတွင်း စားသုံးဖို့ မလုံလောက်ဘူး။ ဖဆပလ ခေတ် တလျှောက် ဆန်နဲ့ ဆား အလိုအပ်ဆုံး နယ်မြေဖြစ်ခဲ့တယ်။ ၀ နယ်နဲ့ ၀ လူထုဟာ အလွန် ခေတ်နောက်ကျ ခဲ့တဲ့ အတွက် အလိုအပ်ဆုံးအရာဟာ စားသုံးဖို့ ဆန်နဲ့ ဆားပဲ ဖြစ်တယ်။ ဆန်နဲ့ ဆားရှိရင် ကျေနပ်ရောင့်ရဲတဲ့ လူမျိုးတွေ ဖြစ်တယ်။ အသားအတွက် မကြာခဏ ပူဇော်လေ့ ရှိတဲ့ ယဇ်ပူဇော်ပွဲက ရတဲ့ ကျွဲသားများ ဖြစ်တယ်။
သူတို့ဟာ နတ်ကိုးကွယ်သူတွေ ဖြစ်တယ်။ ၀ နဲ့ လ ဆိုပြီး လူမျိုးစု ၂ စုလည်း ကွဲပြားနေတာလည်း ရှိတယ်။ လွတ်လပ်ရေး ရပြီးချိန် အထိ လ မျိုးနွယ်စုက ပိုမို ယဉ်ကျေးတယ် လို့ ပြောနိုင်တယ်။ ဗုဒ္ဓဘာသာ ယွန်းဂိုဏ်းကို ကိုးကွယ်တယ်။ ယဇ်ပူဇော်တဲ့ အလေ့အထကိုလည်း ကျင့်သုံးတယ်။ လူခေါင်း မဖြတ်ပေမယ့် တိရစ္ဆာန် ခေါင်းတွေနဲ့ ယဇ်တိုင် စိုက်ထူတယ်။ ၀ နယ်တခုလုံးမှာ အစိုးရ အသိအမှတ်ပြု စော်ဘွားနယ် ၁ နယ်ပဲ ရှိတယ်။ အဲဒီ နယ်က မိုင်းလွန်း (Mang Lun) နယ်ဖြစ်တယ်။ အဲဒီ မိုင်းလွန်းနယ် မိုင်းလွန်းစော်ဘွား အဖြစ် အင်္ဂလိပ်က စော်ဘွား အဖြစ် အသိအမှတ်ပြုလွှာ (SANAD) ပေးခဲ့တယ်။
သူတို့ရဲ့ သမိုင်းကို လေ့လာရင် ဒဏ္ဍာရီ ပုံပြင်တွေပဲ အများစု တွေ့ရတယ်။ အင်္ဂလိပ်ခေတ်နဲ့ ဖဆပလ ခေတ်အထိ ၀ နယ်မှာ တောင်ပိုင်းနဲ့ မြောက်ပိုင်း ဆိုပြီး ခွဲထားတာ ရှိခဲ့တယ်။ ၁၉၅၉ ခုနှစ် မှတ်တမ်းများ အရ ၀ နယ်ရဲ့ ဧရိယာ အကျယ် အဝန်းမှာ စတုရန်းမိုင် ၅၀၀၀ ရှိပြီး လူဦးရေ ၂၅၀၀၀၀ ရှိတယ်။ အစိုးရအနေနဲ့ အသိအမှတ်ပြုတာက မိုင်းလွန်းစော်ဘွား စဝ်မန်လိတ် ဖြစ်တယ်။ ၁၉၆၂ ခုနှစ် တော်လှန်ရေး ကောင်စီ အာဏာသိမ်းတော့ ဖမ်းဆီးခံရတဲ့ အထဲ ပါသွားတယ်။
မေး။ ။ ၀ တွေက ခေါင်းဖြတ်တဲ့ လူရိုင်းတွေ ဖြစ်တယ် ဆိုတာ ဟုတ်လား။ ဘယ်အချိန်မှာ ခေါင်းဖြတ်တာတွေ ပျောက်သွားခဲ့တာလဲ။
ဖြေ။ ။ ၀ တွေ ခေါင်းဖြတ်တဲ့ အကြောင်းက ယုံကြည်မှုနဲ့ ဆိုင်တယ်။ သမိုင်း အထောက်အထားများ အရ ၀ ယောက်ျားသား တယောက်ရယ်လို့ ဖြစ်လာရင် အနည်းဆုံး ခေါင်း ၁ ခေါင်းတော့ ဖြတ်ဖူးရတယ်။ ဖြတ်ပုံဖြတ်နည်းနဲ့ ရည်ရွယ်ချက်တွေကတော့ အမျိုးမျိုးရှိတယ်။ ၀ နယ်မှာ တိကျတဲ့ အုပ်ချုပ်ရေးရယ်လို့ မရှိခဲ့ဘူး။ အင်္ဂလိပ်တွေ အုပ်ချုပ်တုန်းက No Man’s Land လို့ သတ်မှတ်တယ်။ ဘယ်သူပိုင်တဲ့ နယ်မြေမှ မဟုတ် ဆိုတဲ့ သဘောပါ။ ၀ နယ် တနယ်လုံးမှာ ကာကွယ်ရေး ဆိုတာ မရှိဘူး။ ကိုယ့်ရွာကို ကိုယ်တိုင် ကာကွယ်တာပဲ ရှိတယ်။ တရားဥပဒေ ဆိုတာ ကလည်း ဓလေ့ထုံးစံ တရပ်ပဲ။ ပညာရေး စောင့်ရှောက်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု ဆိုတာတွေ မရှိခဲ့ဘူး။ နတ်ဆရာကိုပဲ အားကိုးကြတယ်။
စောစောက ပြောခဲ့တဲ့ ခေါင်းဖြတ်တယ် ဆိုရာမှာလည်း သူတို့ နယ်မြေကို ပြင်ပရန်က ကာကွယ်ဖို့ ဖြတ်တာ ရှိတယ်။ နောက် တခုက အထူးသဖြင့်တော့ မျိုးကြဲချိန်မှာ ဆန်ရေစပါး ပေါများရေးနဲ့ သီးနှံအထွက်တိုးအောင် ခေါင်းဖြတ် ယဇ်ပူဇော်တဲ့ ဓလေ့ရှိတယ်။ ခေါင်းဖြတ်တဲ့ ကာလဟာ တောင်ယာ မီးရှို့တဲ့ ကာလက စပြီး စိုက်ပျိုးတဲ့ ရာသီ၊ ရိတ်သိမ်းတဲ့ ရာသီတွေမှာလည်း ဖြတ်တယ်။ ဒီရာသီမှာ ၀ နယ်ထဲကို ခရီးသွားဖို့ အလွန်အန္တရာယ်များတဲ့ ကာလ ဖြစ်တယ်။ နေထိုင်မကောင်း မကျန်းမာရင်လည်း နတ်ဆရာ ပြောတဲ့ အတိုင်း လုပ်ဆောင်တာလည်း ရှိတယ်။ ဒီဓလေ့က ဘယ်အချိန်မှာ ပျောက်ကွယ်သွားခဲ့တာလဲ ဆိုတာထက် ဘယ်အချိန် အထိ ရှိနေမလဲ ဆိုတာတော့ ပြောလို့ရမယ် ထင်တယ်။ တရားဥပဒေ စိုးမိုးရေး မရှိတဲ့ အချိန် အထိ ရှိနေနိုင်တယ်။
မေး။ ။ ၀ တွေနဲ့ ရှမ်းတွေရဲ့ ဆက်ဆံရေးက ဘယ်လို ရှိခဲ့လဲ။
ဖြေ။ ။ ၀ တွေနဲ့ ရှမ်းတွေရဲ့ ဆက်ဆံရေးကို လေ့လာရင် တစိမ်းတရံဆံလို ဘယ်တော့မှ သဘောမထားကြဘူး။ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့တယ်။ ၀ နဲ့ ကိုးကန့်ကတော့ ရင်းနှီးမှု ဘာမှ မရှိ။ တကယ်က ကိုးကန့်ဆိုတာ တရုတ် ဖြစ်ပြီး၊ ၀ ဆိုတာက ၀ ပါပဲ။ ကိုးကန့် လူမျိုး ဆိုတာ မရှိဘူး။ ကိုးကန့် နယ်မြေပဲ ရှိတယ်။
မေး။ ။ တရုတ်ရဲ့ သြဇာက ဝနဲ့ ကိုးကန့် အပေါ် ဘယ်လောက်အထိ ရှိခဲ့သလဲ။
ဖြေ။ ။ အင်္ဂလိပ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ ၁၉၄၈ အထိ ၀ နဲ့ ကိုးကန့်နယ်မှာ တရုတ်ရဲ့ သြဇာအာဏာ ပြောပလောက် အောင် ဘာမှ မရှိခဲ့ပါ။ ၀ နဲ့ ပတ်သက်ပြီး ပြောနိုင်တာက အင်္ဂလိပ်အစိုးရ ခေတ်နဲ့ လွတ်လပ်ရေး ရပြီး အစိုးရ အုပ်ချုပ်ရေး ခေတ်တွေမှာ ၀ နယ် အတွင်းပိုင်း အထိ ထိထိရောက်ရောက် အုပ်ချုပ်မှု ဆိုတာ မတွေ့ရပါဘူး။ ဝတို့ရဲ့ စာပေအနေနဲ့ မတွေ့ရဘူး။ မိုင်းလွန်းစော်ဘွားရဲ့ နယ်မှာတော့ ရှမ်းစာကို သုံးစွဲခဲ့တာ တွေ့ရတယ်။