၂၀၁၁ ခုနှစ်ကုန်ခါနီး နံနက်ခင်းတခုမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဟီလာရီ ကလင်တန်ဟာ စစ်အစိုးရရဲ့ ကြမ်းတမ်း ရက်စက်မှုတွေကြောင့် အဆက်ဖြတ်ခံထားရတဲ့ မြန်မာနိုင်ငံရဲ့ အထင်ကရ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နေထိုင်ရာ ရန်ကုန်မြို့ အင်းလျားကန်ဘေးက နေအိမ်ဆီ ဆိုက်ရောက်လာခဲ့ပါတယ်။
ဒါဟာ သမိုင်းဝင်ခရီး ဖြစ်ခဲ့ပါတယ်။ နှစ် ၅၀ အတွင်း အဆင့်အမြင့်ဆုံး အမေရိကန် အစိုးရအရာရှိ မြန်မာပြည် ရောက်လာတာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်လည်း နောက်ဆုံး အိမ်အကျယ်ချုပ် ၁၅ နှစ်ကနေ လွတ်လာခဲ့တာပါ။ လူအများမြင်တွေ့ခဲ့ရတဲ့ သူတို့ ၂ ဦး တရင်းတနှီး ဖက်လှဲတကင်း ဝမ်းသာရယ်မောနေတဲ့ ဓာတ်ပုံတွေက စစ်အစိုးရ လက်အောက် မွန်းကျပ်နွမ်းနယ်နေတဲ့ နိုင်ငံတခု အပြောင်းအလဲ ဖြစ်တော့မယ့် ရှေ့ပြေးအချက်ပြမှုတခု ဖြစ်ခဲ့တယ်။
အခုတော့ သူတို့ ၂ ယောက်လုံး တူညီတဲ့ နိုင်ငံရေး အနေအထားတခုကို ရပ်တည်နေကြပါပြီ။ ဧပြီလ တတိယပတ်ထဲ ဟီလာရီက ၂၀၁၆ သမ္မတ ရွေးကောက်ပွဲကို ဒီမိုကရက်ပါတီ ကိုယ်စားလှယ်အနေနဲ့ ဝင်မယ်လို့ ကြေညာလိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သမ္မတဖြစ်ချင်ကြောင်း မနှစ်ကတည်းက ကြေညာထားပေမယ့် စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ လက်ရှိနိုင်ငံရေးကို ဦးဆောင်ထိန်းချုပ်နေတဲ့ စစ်တပ်က ခွင့်မပြုတာကြောင့် ၂၀၁၅ နှောင်းပိုင်းမှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေး ချီတုံချတုံ ဖြစ်နေပါတယ်။ ရွေးကောက်ပွဲမှာနိုင်ရင် အမေရိကန် သမ္မတသစ် ဟီလာရီ ကလင်တန်က ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် ပိတ်ပင်ထားပြီး ပြုပြင်ပြောင်းလဲရေး ဆက်မဖြစ်တော့တဲ့ မြန်မာနိုင်ငံကို ဘယ်လိုဆက်ဆံသွားမလဲ။ သူတို့ ၂ ဦး ဘယ်လိုပြန်ဆုံတွေ့ကြဦးမလဲ။ မြန်မာ့နိုင်ငံရေး နောက်ထပ် အကွေ့အပြောင်း ဖြစ်လာနိုင်သေးသလား။ စိတ်ဝင်စားစရာပါ။
ခက်ခဲတဲ့ ရွေးချယ်မှုအစ
ဟီလာရီဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံးတွေ့ခဲ့ချိန်ကို “ကျမတို့ ၂ ဦးစလုံး အဖြူရောင် ဝတ်လာကြတယ်” လို့ သူ့ရဲ့ နောက်ဆုံးစာအုပ် “ခက်ခဲသောရွေးချယ်မှုများ” (Hard Choices) ထဲမှာ အခုလိုရေးပါတယ်။ “ဒါ မင်္ဂလာရှိတဲ့ တိုက်ဆိုင်မှုလိုပဲ။ ဒီဂုဏ်သတင်းမွှေးတဲ့ မြန်မာအတိုက်အခံ ခေါင်းဆောင်အကြောင်း နှစ်ပေါင်းများစွာ ဖတ်ရှုတွေးတောခဲ့ပြီး နောက်ဆုံးတော့ မျက်နှာချင်းဆိုင် တွေ့ခဲ့ကြပြီ။ ကျမတို့ အခုမှ စတွေ့ကြပေမယ့် ကျမတို့ တယောက်နဲ့တယောက် တသက်လုံး သိနေ ကြသလိုမျိုး ကျမ ခံစားမိခဲ့တယ်။ မကြာမီပဲ စကားတွေဖောင်ဖွဲ့၊ ဗျူဟာတွေခင်း၊ ငယ်သူငယ်ချင်းတွေလို ရယ်ပွဲတွေ ဖွဲ့ကြရော”
၃ နှစ်လွန်လာပြီး ဟီလာရီ ခင်းခဲ့တဲ့ဗျူဟာ ဘယ်လောက်အလုပ်ဖြစ်ပါသလဲ။ တကယ်တော့ ဟီလာရီ အစပျိုးခဲ့တဲ့ မြန်မာပြည်နဲ့ ပုံမှန်ပြန်ဆက်ဆံရေး အိုဘားမားအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ လူ့အခွင့်အရေး လှုပ်ရှားကြိုးပမ်းသူတွေ၊ ပထဝီနိုင်ငံရေး ခွဲခြမ်းစိတ်ဖြာသူတွေ၊ မြန်မာပြည် ဈေးကွက်ကို နေရာဝင်ယူချင်သူ စီးပွားရေးသမားတွေအကြား အကြီးအကျယ် ငြင်းခုံမှုတွေနဲ့ ဒွန်တွဲလာခဲ့တာပါ။
ရီပတ်ဘလီကန် အတိုက်အခံ နိုင်ငံရေးအသိုင်း အဝိုင်းကတော့ ဟီလာရီ နိုင်ငံခြားရေးဝန်ကြီး လုပ်ပိုင်ခွင့်ကိုသုံးပြီး ၂ နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်ဖြစ်အောင် လမ်းဖော်သွားတာကို “တချက်တည်းနဲ့ အကုန်ပြီး အောင်ပွဲကြီး” လို့ခနဲ့ပါတယ်။ ရွေးကောက်ပွဲနီးလေ မြန်မာအရေးဟာ ဟီလာရီရဲ့ အောင်ပွဲလို့ ပြောတာ ရီပတ်ဘလီကန်တွေက ဆန့်ကျင်လေပါ။ ကွန်ဂရက်မှာလည်း မြန်မာတွေ ဒုက္ခနဲ့ရင်းပြီး အိုဘားမား အစိုးရဟာ နိုင်ငံခြားရေးပေါ်လစီ အောင်ပွဲလို့ကြွားနေတယ်လို့ မြင်သူတွေ တိုးလာနေပါတယ်။
ဟီလာရီကတော့ မြန်မာပေါ်လစီ ချမှတ်ရာမှာ “မြန်မာအစိုးရသစ်ကို ပိုကောင်းတဲ့ ဗီဇစရိုက်မွေးဖို့ အားပေးရာမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ အမေရိကန်ပြည်ထောင်စုအနေနဲ့ ကျမ ပါဝင်စေချင်တယ်။ အချိန်မတိုင်မီ သူတို့ကို အလျင်အမြန် ချီးမွမ်းတာမျိုးမလုပ်ဘဲ၊ ဒါမှမဟုတ် ကျမတို့ရဲ့ ခိုင်မာ တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေက သက်ရောက်မှုတွေ မဆုံးရှုံးရဘဲနဲ့ပေါ့” လို့ သူ့စာအုပ်မှာ ရေးပါတယ်။ အမေရိကန်တွေ မြန်မာဗိုလ်ချုပ်တွေကို ဆုပေးတာ အရမ်းမြန် အရမ်းစောလွန်းသွားတယ်ဆိုတဲ့ ဝေဖန်ချက်တွေကို သဘောတူတဲ့အနေနဲ့ “မြန်မာစစ်ဗိုလ်ချုပ်တွေ ကျမတို့နဲ့ နိုင်ငံရေးကစားလာတာ သတိ ကြီးကြီးထားရမယ့် အနေအထားပါ” လို့တော့ရေးပါတယ်။
မြန်မာအပေါ် အမေရိကန် သဘောထားပြောင်းတာ အကြောင်းပေါင်းများစွာရဲ့ စေ့ဆော်တိုက်တွန်းမှုကြောင့်လို့ ဟီလာရီက ရေးပါတယ်။ အထူးသဖြင့် “သန်းပေါင်းများစွာသော ပြည်သူတွေ လွတ်လပ်ခြင်းနဲ့ ချမ်းသာကြွယ်ဝမှုရဲ့ ဂုဏ်ပြုချီး မြှောက်ခြင်းမှာ ပျော်ရွှင်နိုင်ကြဖို့ အခွင့်အခါနဲ့ ထိုက်တန်ပါတယ်” ဆိုပြီး ရေးသလို လက်တွေ့ပိုဆန်တဲ့ “မဟာဗျူဟာအရ ထည့်သွင်းစဉ်းစားချက်” ဆိုတာလည်း မြန်မာတွေ အလေးထားလာမယ်လို့လည်း ဖော်ပြထားပါတယ်။ သူ နိုင်ငံခြားရေးဝန်ကြီးလုပ်ခဲ့တဲ့ နှစ်တွေတုန်းက အိုဘားမားအစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒသစ်အရ အာရှဟာ “ဆုံချက်” လို့ သတ်မှတ်ခဲ့ရာမှာ မြန်မာပြည်က အရေးပါတဲ့ အနေအထားလို့ သူဆိုလိုချင်တာဖြစ်မယ်။ ဒါ့ကြောင့် “မြန်မာပြည်ဟာ အမေရိကန်နဲ့ တရုတ် ၂ နိုင်ငံလုံးက ဩဇာလွှမ်းအောင် လုပ်ဆောင်ရာဒေသ အရှေ့တောင်အာရှမှာ အခြေတည်တယ်” လို့ ထည့်ရေးတာပါ။
မမကြီး လော်ဘီ
နေပြည်တော် အစိုးရကလည်း ဟီလာရီကို တဖက်မှာ စွဲဆောင်နိုင်ခဲ့ပါတယ်။ မြစ်ဆုံရေကာတာ စီမံကိန်းကို ရပ်ဆိုင်းပြပြီး စစ်အစိုးရသက်တမ်း တလျှောက်လုံး အားကိုးလာခဲ့ရတဲ့ တရုတ်ကို အာခံလိုက်ပါတယ်။ မြောက်ကိုရီးယားနဲ့ မပူးတော့ဘူး။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို လွှတ်တော်ထဲထည့်၊ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲထိုင် စသဖြင့် လုပ်ဆောင်ပါတယ်။ နေပြည်တော်အစိုးရ အရာရှိတွေက အလည်ရောက်လာတဲ့ ဟီလာရီကို “မမကြီး”လို့ ခေါ်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ လျှော့ချသွားဖို့၊ သမ္မတ အိုဘားမား လာရောက်လည်ပတ်ဖို့အထိ ဖြစ်လာခဲ့တော့တာပါပဲ။
ဒါပေမယ့် ၃ နှစ်ကြာလာတဲ့အခါ မီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ လူမျိုးစု အခွင့်အရေးတွေ ပြန်တင်းကျပ်လာပြီး စစ်တပ်က ထိန်းချုပ်ထားတဲ့ ၂၀ဝ၈ အခြေခံဥပဒေ ပြင်ဆင်ရေး ရှေ့မတိုးနိုင်တာတို့ကြောင့် နာမည်ပြန်ပျက်လာတဲ့ နေပြည်တော်ဟာ ဝါရှင်တန်အခြေစိုက် အမေရိကန် အကျိုးဆောင်ကုမ္ပဏီ တခုဖြစ်တဲ့ Podesta ကုမ္ပဏီ ကို အမေရိကန်ဒေါ်လာ ၈ သိန်းကျော်ပေးပြီး ငှားရမ်းပါတယ်။ လော်ဘီ (Lobby) လုပ်ဖို့ပါ။ အာဏာရှိသူတွေ၊ ဩဇာရှိသူတွေနဲ့ စီးပွားရေးခေါင်းဆောင် တွေကြား နာမည်ကောင်းရဖို့၊ ကိုယ်လိုချင်တာကို မျက်နှာသာပေးဖို့ ဆွယ်တာကို ခေါ်တာပါ။
စိတ်ဝင်စားစရာကောင်းတာက ဒီလော်ဘီအဖွဲ့ဟာ ဟီလာရီနဲ့ နီးစပ်နေတာပါ။ ဒီအဖွဲ့ကို ဂျွန်ပို ဒတ်စတာနဲ့ တိုနီပိုဒတ်စတာ ညီအကို ၂ ဦး ၁၉၈၀ များ နှောင်းပိုင်းနှစ်တွေမှာ စတင်တည်ထောင်ခဲ့ပြီး ဝါရှင်တန်မှာ ဩဇာအကြီးဆုံး အကျိုးဆောင်ကုမ္ပဏီတခု ဖြစ်လာပါတယ်။ ၁၉၉၀ များအစောပိုင်းနှစ်တွေမှာ ဂျွန်ပို ဒတ်စတာ အဖွဲ့ကနုတ်ထွက်ခဲ့ပြီး သမ္မတ ဘီလ်ကလင်တန်ရဲ့ အိမ်ဖြူတော်ဝန်နဲ့ သမ္မတ အိုဘားမားအတွက် နိုင်ငံခြားရေးပေါ်လစီ အတိုင်ပင်ခံ တဦးအဖြစ်ဆောင် ရွက်ခဲ့တယ်။ အခု ဟီလာရီအတွက် ၂၀၁၆ ရွေးကောက်ပွဲ အောင်နိုင်ရေး တာဝန်ခံအဖြစ် ဆောင်ရွက်နေပါတယ်။
မြန်မာအစိုးရ လော်ဘီငှားတာ ဒါ ပထမဆုံးအကြိမ် မဟုတ်ပါ။ ၁၉၉၆ ခုနှစ်နောက်ပိုင်း သမ္မတ ဘီလ်ကလင်တန် အစိုးရ ပထမဆုံး မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု မူဝါဒ စတင်ချမှတ်ခဲ့တုန်းက Bain and Associates ဆိုတဲ့အဖွဲ့နဲ့ Jefferson Waterman International and DCI Associates အဖွဲ့ကို ငှားပြီး မျက်နှာကောင်းပြန်ရအောင် လုပ်ခဲ့ပါတယ်။
အဲဒီအချိန်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါးနဲ့ တင်းကျမ်းပြည့်နေချိန်မို့ အရာမထင်ပါဘူး။ အခုတကြိမ်တော့ ဟီလာရီ အမေရိကန် သမ္မတဖြစ်လာနိုင်တဲ့ အနေအထားမှာ နေပြည်တော်က တနှစ်စာငွေပေးပြီး Podesta ကို အကျိုးတော် ဆောင်ခိုင်းတာဟာ အချည်းနှီး မဖြစ်နိုင်လို့ ယူဆပုံပါ။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ဝေဖန်ပါတယ်။ “ဘာအတွက် ငှားရမ်းတာလဲဆိုတာကို စိတ်ဝင်စားတယ်။ သူတို့အတွက် လော်ဘီလုပ်ပေးဖို့ဆိုတာ ဘာအတွက် လော်ဘီလုပ်ပေးဖို့လဲ။ တကယ်တော့ အစိုးရတခုရဲ့ တာဝန်ဟာ နိုင်ငံသူ၊ နိုင်ငံသားတွေ ကောင်းကျိုးကို ဆောင်ရွက်ဖို့ပဲ။ အဲဒီတာဝန် ကျေနေပြီဆိုရင် ဒီလိုအဖွဲ့တွေကို ဘာကြောင့် ငှားဖို့လိုလဲ” လို့ RFA သတင်းဌာနနဲ့ မေးမြန်းခန်းတခုမှာ ပြောပါတယ်။
ကျဆုံးနွေဦးများ
မြန်မာ့ပြုပြင်ပြောင်းလဲရေး နှေးကွေးလာတာ ဟီလာရီအတွက် ဘာအဓိပ္ပါယ်လဲဆိုတာ မရှင်းလင်းလှပါဘူး။ မနှစ်က Foreign Policy အွန်လိုင်း မဂ္ဂဇင်းမှာ ရေးတာက “မြန်မာမပါဘဲ ရောင်းစရာ နိုင်ငံခြားဆက်ဆံရေး စွမ်းဆောင်နိုင်မှုက အတော်နည်းပါတယ်” တဲ့။ သူ့နောက်က နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူတဲ့ ဂျွန်ကယ်ရီနဲ့ ကွာတယ်တဲ့။ ဆီးရီးယား ဓာတုလက်နက်တွေ ဖျက်သိမ်းနိုင်တာ၊ အီရန်နဲ့ နျူကလီးယား လက်နက်ဆိုင်ရာ သဘောတူညှိနှိုင်းနိုင်တာ၊ အစ္စရေး-ပါလက်စတိုင်း ဆွေးနွေးပွဲ၊ ယူကရိန်း-ရုရှ ပဋိပက္ခတွေ ကိုင်တွယ်ပုံတွေလို ဟီလာရီမှာ ပြောစရာသိပ်မရှိဘူး။
ဟီလာရီ တာဝန်ယူစဉ် အားတက်စရာဖြစ်ခဲ့ရတဲ့ အရှေ့အလယ်ပိုင်းက “အာရပ်နွေဦး” လည်းပျောက် ကွယ်သွားခဲ့ပြီး အီဂျစ်မှာ စစ်တပ်အောက်ပြန်ရောက် သွား၊ ဆီးရီးယားမှာ ကသောင်းကနင်းဖြစ်၊ အာဏာ ရှင်ကဒါဖီ သေဆုံးတဲ့အပြင် အမေရိကန်အရာရှိတွေ ပါ နောက်ပိုင်း အပစ်သတ်ခံရတဲ့ လစ်ဗျားမှာလည်း ပရမ်းပတာဖြစ်နေခဲ့ရပါပြီ။ ဒါပေမယ့် နိုင်ငံခြားရေး ပေါ်လစီဟာ အမေရိကန်မဲဆန္ဒရှင်တွေရဲ့ ဦးစားပေး မဟုတ်လို့ နွေဦးတွေ ကျဆုံးခဲ့တာဟာ ဟီလာရီကို ထိခိုက်မှုအနည်းအကျဉ်းပဲ ဖြစ်မှာပါ။
ဒေါ်အောင်ဆန်းစုကြည် သမ္မတတာဝန် ထမ်း ဆောင်ပိုင်ခွင့်ကို တားမြစ်ထားတဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အမေရိကန်အစိုးရက သိပ်ဖိအား ပြင်းပြင်းထန်ထန် မပေးသလို ဟီလာရီကလည်း လက်ရှောင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လက်ရှိ အနေအထားနဲ့ ဘယ်လိုမှ သမ္မတ မဖြစ်လာနိုင်ဘူး ဆိုတာ သူ့စာအုပ်မှာမဖော်ပြပါဘူး။ US Campaign for Burma က ဒန်မက်ဒီဗစ်က ပုဒ်မ ၅၉ (စ) ကို ဟီလာရီ ဖော်ပြရေးသားခြင်းမပြုတာဟာ “စိမ်းကား လွန်းအားကြီးတယ်” လို့ ဧရာဝတီကို ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် ကန့်သတ်ခံ ထားတဲ့အပေါ် မနှစ်က ဧရာဝတီက ဟီလာရီကလင် တန်ရဲ့ရုံးကို သဘောထားရှင်းလင်းပြဖို့ တောင်းခံခဲ့ရာမှာလည်း တုံ့ပြန်မှု မရှိခဲ့ပါဘူး။
လက်တလော အနေအထားကတော့ စာရေးကြီးနဲ့တူတယ်လို့ သူက မြင်ခဲ့တဲ့ နေပြည်တော်က သမ္မတဦးသိန်းစိန် တွက်ချက်ထားတဲ့ ဆင်ကွက်ထဲ ဒေါ်အောင်ဆန်းစုကြည် ကျပြီး ရုန်းမရတော့ဘူး ဒါမှမဟုတ် ၂၀၁၁ ခုနှစ်ကုန်ခါနီး နံနက်ခင်းတခုမှာ သူတို့ ၂ ဦးစလုံး ကျော့ကွင်းတခုထဲ အတူဝင်သွားခဲ့ သလိုမျိုး ဖြစ်ခဲ့ပြီလို့ ဟီလာရီ ကလင်တန် တွေးကောင်း တွေးနေရော့သလား မေးရတော့မှာပဲ ဖြစ်ပါတယ်။