ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်နှင့် မင်္ဂလာဒုံစက်မှုဇုန်မှ စက်ရုံအလုပ်သမားများက ကမ္ဘာ့ အလုပ်သမားများနေ့ ဖြစ်သည့် လာမည့် မေလ ၁ ရက်တွင် အခြေခံလုပ်ခလစာ အမြန်ဆုံး သတ်မှတ်ပေးရေးနှင့် အလုပ်သမား အခွင့်အရေးဆိုင်ရာများ အတွက် တောင်းဆို ဆန္ဒပြမည်ဟု သိရသည်။
“ဆန္ဒ့ပြဖို့ ခွင့်ပြုမိန့် တင်ထားတဲ့ မြို့နယ် ၃ ခုဖြစ်တဲ့ လှိုင်၊ ကမာရွတ်နဲ့ မရမ်းကုန်းကတော့ ယာဉ်ကြောပိတ်မှာ စိုးရိမ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းတော့ တာမွေနဲ့ ဗဟန်းဘက်မှာတော့ ခွင့်ပြုမိန့် ရထားတယ်”ဟု လှိုင်သာယာ စက်မှုဇုန်အတွင်းရှိ စံကောင်း ပီနံအိတ်စက်ရုံ အခြေခံ အလုပ်သမား သမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်စိုးမင်းက ပြောသည်။
ဆန္ဒပြကြမည့် အလုပ်သမားများသည် လှိုင်သာယာ စက်မှုဇုန်မှ စံကောင်း ပီနံအိတ် စက်ရုံ၊ ရွှေစွမ်းရည် စက်ရုံ၊ တိုင်ရီ ဖိနပ်စက်ရုံ နှင့် မင်္ဂလာဒုံ စက်မှုဇုန် မှ မာမီးခေါက်ဆွဲစက်ရုံ အပါအဝင် စက်ရုံ ၈ ရုံမှ အလုပ်သမားအင်အား ၅၀၀ ကျော်က ဆန္ဒပြသွားမည်ဟု သိရသည်။
“အနည်းဆုံး လုပ်ခလစာ ကိစ္စတွေကို ဆန္ဒပြမှာပါ။ အစိုးရက နှုန်းထားတခု ကြားဝင် သတ်မှတ်ပေးမယ် ဆိုရင်လည်း သင့်တင့်တဲ့နှုန်းထား ဆိုရင်တော့ လက်ခံပေးဖို့ ရှိပါတယ်။ အခုက သတ်မှတ်ထားတာ မရှိတော့၊ ပေးချင်သလို ပေးနေကြတာ။ အာဆီယံ နိုင်ငံ တွေထဲမှာဆိုလည်း မြန်မာက လုပ်ခလစာ အနည်းဆုံးလို ဖြစ်နေပြီ”ဟု လှိုင်သာယာရှိ East Growth အထည်ချုပ်စက်ရုံ အခြေခံ အလုပ် သမား သမဂ္ဂမှ ကိုပြည့်ဖြိုးဝင်းက ပြောသည်။
ထိုသို့ ဆန္ဒပြရာတွင် အခြေခံ လုပ်ခလစာ အမြန်ဆုံး သတ်မှတ်ရေး၊ အလုပ်သမား အခွင့်အရေး အပြည့်အဝ ရရှိရေး၊ ဖမ်းဆီးခံ ထားရသည့် အလုပ်သမားများ၊ ကျောင်းသားများနှင့် ပြည်သူများ ပြန်လွှတ်ရေးအပါအဝင် အချက် ၁၀ ချက်ကို အစိုးရသို့ တောင်း ဆိုသွားမည်ဖြစ်သည်ဟု ကိုအောင်စိုးမင်းကလည်း ပြောဆိုသည်။
“ကျနော်တို့ ဘဝက စားဝတ်နေရေး ဖူလုံဖို့ဆိုရင် အခြေခံလစာ တရက်ကို ၅၆၀၀ ကျပ် လောက် ရဖို့ လိုတယ်။ အလုပ်ရှင်တွေဘက် က မပေးနိုင်ဘူး ဆိုကြပေမယ့် နိုင်ငံတော်က သတ်မှတ်ထားတဲ့ အစိုးရဝန်ထမ်း လစာမျိုး တရက် ၄၀၀၀ ထက်တော့ လျော့နည်းပြီး ကျနော်တို့ အလုပ်သမားတွေ လက်မခံနိုင်ဘူး”ဟုလည်း ၎င်းက ဆိုသည်။
ဧပြီ ၂၄ ရက်က လှိုင်သာယာ စက်မှုဇုန် ကနောင်ခန်းမတွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် သူရဦးရွှေမန်းက အလုပ်သမားများ ထိုက်သင့်သည့် ဝင်ငွေ ရရှိရန် လိုအပ်ကြောင်း ပြောဆိုထားသည်။
ဧပြီ ၂၆ ရက်ကလည်း အခြေခံ လုပ်ခလစာ သတ်မှတ်ရေးအတွက် အစိုးရ တာဝန်ရှိသူများနှင့် အလုပ်သမား ကိုယ်စားလှယ်များ တွေ့ဆုံ ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် အခြေခံအလုပ်သမား သမဂ္ဂများမှ အလုပ်သမား ကိုယ်စားလှယ်များက အခြေခံ လုပ်ခလစာ သတ်မှတ်ရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ အလုပ်သမား လျော်ကြေးငွေဆိုင်ရာ ဥပဒေ သတ်မှတ်ပြဌာန်းရေး၊ အလုပ်သမား ဥပဒေ များပါ အချက်အလက်နှင့် ပုဒ်မတချို့ကို ပယ်ဖျက်ရေးနှင့် ပြင်ဆင်ရေး၊ မြန်မာနိုင်ငံ အလုပ်သမား အဖွဲ့ချုပ် ပေါ်ပေါက်ရေး၊ ရွှေ့ပြောင်းအလုပ်သမား ရေးရာကိစ္စများနှင့် သင်တန်းများ ပို့ချပေးရေးတို့ကို တောင်းဆိုခဲ့ကြသည်ဟု တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ သည့် အလုပ်သမား ကိုယ်စားလှယ် တဦးက ပြောပြသည်။
အခြေခံ လုပ်ခလစာ ညှိနှိုင်းမှုသည် အထည်ချုပ် လုပ်ငန်းရှင်များက တရက်လျှင် ၁၅၀၀ ကျပ်နှင့် အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များက ကျပ် ၃၀၀၀ ပေးမည်ဟု ပြောဆိုမှုကြောင့် ယနေ့အချိန် အထိ ပြေလည်မှု မရရှိသေးပေ။
ထိုသို့ နိုင်ငံတဝန်း အလုပ်သမား လုပ်ခလစာ နည်းပါးမှုနှင့် အလုပ်သမား အခွင့်အရေး မရရှိကြသည့်အတွက် ဆန္ဒထုတ်ဖော်မှု၊ တောင်း ဆိုမှုများသည် ယနေ့အထိ ဖြစ်ပွားလျက် ရှိသည်။
အလုပ်သမား ဆန္ဒပြမှုများသည် ၂၀၁၁ ခုနှစ် က လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြမှုမှ စတင်၍ ယနေ့အချိန်ထိ ဆန္ဒပြမှုနှင့် အလုပ်သမားအခွင့်အရေး တောင်းဆိုမှုပေါင်း ၆၀ဝ ခန့်ဖြစ်ပွားခဲ့ပြီး စက်မှုဇုန်အလုပ်သမား ဆန္ဒပြမှုများသည် အများဆုံး ဖြစ်သည်။