ရခိုင်ပြည်နယ် အတွင်းရှိ တောင်ကုတ်-စစ်တွေသို့ ပြေးဆွဲနေသော အောင်တံခွန် ၃ သင်္ဘော ပြီးခဲ့သည့် မတ်လအတွင်းက နစ်မြုပ်မှုနှင့် ပတ်သက်ပြီး တာဝန်ရှိသည့် မြို့နယ်အဆင့် မန်နေဂျာ ၂ ဦးကို ဧပြီလမှ စ၍ တာဝန်မှ ရပ်စဲလိုက်ကြောင်း သိရသည်။
တာဝန်မှ ရပ်စဲခံလိုက်ရသူများသည် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ ကျောက်ဖြူမြို့နယ် မန်နေဂျာ ဦးသန့်ကျော်နှင့် တောင် ကုတ်မြို့နယ် မန်နေဂျာ ဦးထွန်းအေးတို့ ဖြစ်ကြောင်း ၎င်းတို့၏ မိသားစုဝင် တချို့က ဧရာဝတီကို ပြောသည်။
“အဓိက တာဝန်ရှိတဲ့သူတွေကို အရေးမယူဘဲ အောက်ခြေ ဝန်ထမ်းတွေကိုပဲ အပြစ်ပေးတာဟာ တရားနည်းလမ်း မကျဘူး၊ အဓိက တာဝန်ရှိသူထဲမှာ ပြည်နယ်အဆင့် ပုဂ္ဂိုလ်တွေလည်း ပါပါတယ်။ ဒါပေမယ့် ပြည်နယ်မန်နေဂျာကိုတော့ ရာထူးတဆင့်လောက်ပဲ လျှော့ချ ပေးလိုက်ပါတယ်”ဟု အမည်မဖော်လိုသည့် မိသားစုဝင် တဦးက ပြောပြသည်။
အောင်တံခွန် ၃ သင်္ဘော နစ်မြုပ်မှုနှင့် ဆက်စပ်၍ ဝန်ထမ်းတချို့ကို တာဝန်မှ ရပ်စဲလိုက်ခြင်းနှင့်ပတ်သက်ပြီး ပြည်တွင်းရေကြောင်း တာဝန်ရှိသူထံ ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့ရာ ဟုတ်မှန်ကြောင်း ပြောဆိုသော်လည်း အသေးစိတ် ဖြေဆိုခြင်း မရှိပါ။
ထိုသို့ မန်နေဂျာ ၂ ဦးအား တာဝန်မှရပ်စဲခြင်းအပြင် တခြားသောအောက်ခြေဝန်ထမ်း ၁၀ ဦး ကျော်ကိုလည်း ရာထူးမှတဆင့် လျှော့ ချလိုက်ခြင်း၊ အငြိမ်းစား ပင်စင်ပေးခြင်း၊ လစာတဝက် ဖြတ်တောက်ခြင်း စသည့် အပြစ်ပေးမှုများကိုပါ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးသန့်ကျော်နှင့် ဦးထွန်းအေးတို့အား တာဝန်မှ ရပ်စဲလိုက်ကြောင်း အမိန့်စာကို ပြည်နယ် အစိုးရက တဆင့် ဧပြီလ ၂၅ ရက်က ပေး ပို့ခဲ့ကြောင်း၊ ၎င်းတို့အား တာဝန်မှ ရပ်စဲလိုက်ခြင်းသည် တောင်ကုတ်နှင့် ကျောက်ဖြူ ဆိပ်ကမ်းတို့၌ ကုန်ပစ္စည်းများနှင့် ခရီးသည် အရေအတွက် ပိုမိုတင်ဆောင်ခွင့်ပြုခဲ့သည့် အတွက်ကြောင့်ဟု အမိန့်စာတွင် ဖော်ပြထားကြောင်း ဦးသန့်ကျော်၏ မိသားစု ဝင် တဦး က ပြောဆိုသည်။
ပြည်တွင်းရေကြောင်း မန်နေဂျာများအား တာဝန်မှ ရပ်စဲခြင်းသည် ပြည်နယ်အစိုးရ အဖွဲ့က ဆောင်ရွက်ခြင်း မဟုတ်ကြောင်း၊ ဗဟို အစိုးရနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာနတို့က အဓိက ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွ့ဲက ဧရာဝတီကို ပြော သည်။
အောင်တံခွန် ၃ သင်္ဘောသည် ကျောက်ဖြူမြို့မှတဆင့် စစ်တွေသို့ထွက်ခွာလာစဉ် မြေပုံမြို့နယ် ငပုသုန်ကျွန်းနှင့် မျောက်ကျွိန်ကျွန်း အနီး၌ မတ်လ ၁၃ ရက် ည ၈ နာရီ ဝန်းကျင်တွင် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။
သင်္ဘောနစ်မြုပ်မှုကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး အလောင်း ၇၀ ကျော်ကို ဆယ်ယူ ရရှိခဲ့သည်ဟု ပြည်နယ်လွှတ်တော် စုံစမ်းရေးအဖွဲ့က အစီရင်ခံစာ တစောင် ထုတ်ပြန်ခဲ့သည်။
အောင်တံခွန် ၃ သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ ပြည်နယ် အစိုးရ အဖွဲ့မှ စုံစမ်းရေး အဖွဲ့ခေါင်းဆောင် ချင်းတိုင်းသားရေးရာ ဝန်ကြီး ဦးကိုကိုနိုင်က ၎င်းတို့ အနေဖြင့် သေဆုံးသူဦးရေ ၇၀ ဟု အတည်ပြုထားကြောင်း ဧရာဝတီကို ပြောပြသည်။
သင်္ဘော နစ်မြုပ်ရခြင်း၏ အဓိက အချက်များတွင် သင်္ဘော ဟောင်းနွမ်းနေခြင်းသည် အဓိက အချက်ဖြစ်ပြီး ကုန်ပစ္စည်းများနှင့် ခရီး သည်များကို သတ်မှတ်နှုန်းထားထက် ပိုမို တင်ဆောင်ခြင်း၊ ဝန်ထမ်းများ၏ ပေါ့ဆခြင်း များကြောင့်ဟု ခရီးသည်များက ပြောသည်။
အစိုးရပိုင် မီဒီယာများ၏ ဖော်ပြချက်အရ သင်္ဘော၏ ကုန်တင်နိုင်မှုသည် တန်ချိန် ၁၂၀ နှင့် လူဦးရေ စုစုပေါင်း ၁၇၆ ဦး သတ်မှတ် ထားသည်ဟု သိရသည်။
သို့သော် အောင်တံခွန် ၃ သင်္ဘော၌ ကုန်တန်ချိန် ၁၂၉ တန်နှင့် လူဦးရေ ၂၂၅ ဦး တင်ဆောင်ခဲ့သည်ကို စုံစမ်းတွေ့ရှိရကြောင်း လည်း အစိုးရ မီဒီယာ က ဆိုသည်။
အသက်မသေဘဲ ပြန်လည် လွတ်မြောက်လာသူများ၏ ပြောပြချက်အရ သင်္ဘောပေါ်ပါ ခရီးသည် စုစုပေါင်း လူဦးရေ ၄၀၀ ဝန်းကျင် အထိ ရှိကြောင်း သိရသည်။