မန္တလေးတိုင်း အမရပူရမြို့နယ် တောင်သမန်အင်း အနီးတွင် မြေ ဧက ၄၀ ကျော်ရှိ တောင်သမန် ကျေးလက် ရီဆော့(Resort) အပန်းဖြေ စခန်းတခု တည်ဆောက်ရန် စီစဉ်နေကြောင်း သိရသည်။
အမရပူရ မြို့ဟောင်း၏ ရှေးဟောင်းနေထိုင်မှုပုံစံ၊ လူ့အသုံးအဆောင် ပစ္စည်းများ၊ အဆောက်အအုံ ပုံစံများ ပါဝင်သည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့စရိုက်များကို အဓိက ဖော်ညွှန်းပြသမည့် အပန်းဖြေစခန်း တခုဖြစ်သည်ဟု တာဝန်ယူ တည်ဆောက် နေသော မန္တလေးမြို့ အခြေစိုက် တောင်သမန် သစ္စာ ကုမ္ပဏီက ပြောသည်။
အမရပူရမြို့ အရှေ့တောင်ထောင့် ဦးပိန်တံတား အရှေ့ဘက်ထိပ်မှ တောင်ဘက်အခြမ်းသို့ သွားသော လမ်းနံဘေးရှိ လယ်ယာ စိုက်ပျိုးခြင်း မရှိသည့် ဖုန်ဆိုးမြေ ဧက ၄၀ ကျော်တွင် ယင်း အပန်းဖြေစခန်းကို တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။
တောင်သမန်သစ္စာ ကုမ္ပဏီ၏ တာဝန်ခံ အကြံပေး ဦးစိုးမြတ်သူက“ကျနော်တို့တွေ ဒီအပန်းဖြေစခန်း တည်ဆောက်တဲ့ အခါမှာ အဓိကက သဘာ၀ ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့နဲ့ ဒေသခံတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အခြေခံ ထားပါတယ်။ ကျနော်တို့ တည်ဆောက် မယ့် အပန်းဖြေစခန်းက မြန်မာ့ရိုးရာ ယဉ်ကျေးမှုတွေကို အခြေခံတဲ့ မြန်မာ့ အစားအစာ၊ မြန်မာ့ လက်မှုပစ္စည်း ထုတ်ကုန်တွေကို ပြ သမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
အပန်းဖြေစခန်း စီမံကိန်းတွင် တောင်သမန်အင်း ဒေသရှိ ငှက်မျိုးစိပ်များကို ထိန်းသိမ်းမည့် အစီအစဉ်၊ စီမံကိန်း ဧရိယာ အတွင်းရှိ အပင်ကြီး အားလုံးကို သဘာဝအတိုင်း ထားရှိပြီး ဒေသ စိမ်းလန်းစိုပြေရေး အတွက် အပင်စိုက်ပျိုးမှု ၅၀ ရာခိုင်နှုန်းနှင့် အဆောက် အအုံ တည်ဆောက်မှု ၅၀ ရာခိုင်နှုန်းကို ညီတူညီမျှ ထည့်သွင်း တည်ဆောက်ရန် အစီအစဉ်များ ပြုလုပ်ထားသည်ဟုလည်း ဦးစိုးမြတ်သူက ဆက်ပြောသည်။
ထိုအပန်းဖြေစခန်း တည်ဆောက်မှုနှင့်ပတ်သက်ပြီး မန္တလေး အခြေစိုက် စာရေးဆရာ ဆူးငှက်က“ဘာမှ လုပ်ဆောင်ခြင်း မရှိတဲ့ အမှိုက်တွေ ပစ်ထားတဲ့ ဖုန်းဆိုးမြေ နေရာမှာ အခုလို အပန်းဖြေစခန်း တည်ဆောက်မယ် ဆိုတော့ ကောင်းတယ်လို့ ပြောရမယ်။ သတင်းစာ ရှင်းလင်းပွဲမှာတော့ ကျနော့် သဘောထား သုံးချက်ကို တင်ပြခဲ့တယ်။ တောင်သမန်အင်းရဲ့ ရေမြေသဘာ၀ လုံး၀ မပျက်စီးသွားဖို့၊ ရှေးဟောင်း အဆောက်အအုံတွေ မထိခိုက်စေဖို့နဲ့ ဒေသခံတွေရဲ့ လူနေမှုဘဝတွေ မထိခိုက်စေဖို့ ဆိုတဲ့ သုံးချက်ပါ” ဟု ပြောသည်။
အပန်းဖြေစခန်း တည်ဆောက်ရေးနှင့်ပတ်သက်ပြီး တောင်သမန် သစ္စာ ကုမ္ပဏီက ဧပြီလဆန်းတွင် သတင်းစာရှင်းလင်းပွဲ တခု ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
စီမံကိန်းတွင် တောင်သမန်အင်း ဒေသရှိ ဦးပိန်တံတား အနီး လုပ်ကိုင်စားသောက်နေကြသည့် ရေလုပ်သားများ အပါအဝင် ငှက် သမ္မာန် လုပ်သား၊ ဒေသထွက် ပစ္စည်း၊ အစားအသောက်၊ လက်မှုပညာများ လုပ်ကိုင်ပြီး ဈေးရောင်းချကာ ဝမ်းစာ ရှာဖွေစားသောက် နေကြသည့် ဒေသခံ ဈေးသည်များနှင့် လက်တွဲဆောင်ရွက်နိုင်ရန် စာရင်းကောက်ယူပြီး ညှိနှိုင်းဆောင်ရွက်မှုများ လုပ်ဆောင်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။
“ကျနော်တို့ စာရင်းကောက်ထားတာ ဒေသခံ ဈေးသည် ၆၀ နီးပါးလောက် ရှိတယ်။ သူတို့တွေက အခုဆို တံတားပေါ်တို့၊ တံထား ထိပ်တို့မှာ တပိုင်တနိုင် ဗန်းချရောင်းတာတွေ၊ လမ်းလျှောက် ရောင်းနေတာတွေ ရှိတယ်။ ကျနော်တို့ စဉ်းစားထားတာက သူတို့လည်း အဆင်ပြေ၊ လာမယ့် အပန်းဖြေသူတွေလည်း အဆင်ပြေနိုင်မယ့် တံတားရဲ့ သတ်မှတ်ဧရိယာ နည်းနည်း ကျော်ကျော်လောက်မှာ ဆိုင်ခန်းတွေ တည်ဆောက်ပေးဖို့ ရှိတယ်”ဟု ဦးစိုးမြတ်သူက ပြောဆိုသည်။
အပန်းဖြေစခန်း အကောင်အထည်ဖော် တည်ဆောက်ရန်အတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်က မန္တလေးတိုင်း ဒေသကြီး အစိုးရ၏ ခွင့်ပြုမိန့် ရရှိထားပြီးနောက် လုပ်ငန်းပိုင်းဆိုင်ရာ အရ မြေပြင်တိုင်းတာ စစ်ဆေးခြင်း၊ မြေပြင် ညှိနှိုင်းခြင်းများ စတင် ဆောင် ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
အပန်းဖြေစခန်း အကောင်အထည်ဖော်မည့် နေရာသည် တောင်သမန် ကျေးရွာနှင့် ရွာသစ်ကျေးရွာကြားတွင် တည်ရှိပြီး လက်ရှိအချိန်တွင် ယင်းကျေးရွာ အတွင်းရှိ ဒေသခံ ရွာသူရွာသား ၅၀ ခန့်က အပန်းဖြေစခန်း တည်ဆောက်မည့် နေရာတွင် အလုပ် ဝင်ရောက် လုပ်ကိုင်နေကြောင်း တောင်သမန်အင်း ဒေသခံ တချို့က ပြောပြသည်။
“ရွာသူ၊ ရွာသား တချို့တော့ အပန်းဖြေစခန်း တည်ဆောက်တဲ့ နေရာက အမှိုက်တွေ၊ ချုံပုတ်တွေ ရှင်းတဲ့ အလုပ်တွေ ဝင်လုပ်နေကြ တယ်။ တနေ့ လေး၊ ငါးထောင် ရကြတယ်။ ကုမ္ပဏီက လာရှင်းပြတုန်းက အသေးစိတ်တော့ ကျနော် မမှတ်မိဘူး။ သူတို့ပြတဲ့ ပုံ တွေမှာ ရှေးဟောင်း အဆောက်အအုံတွေ ပြထားတာ တွေ့ရတယ်”ဟု တောင်သမန်အင်း ရွာသစ်ကျေးရွာတွင် နေထိုင်သူ ဒေသခံ ဦးရွှေအောင်က ဆိုသည်။
အပန်းဖြေစခန်း တည်ဆောက်မည့် မြေနေရာသည် လွန်ခဲ့သည့် နှစ် ၂၀ နီးပါးက လယ်ယာမြေများ စိုက်ပျိုး ဖြစ်ထွန်းခဲ့သည့် မြေ နေ ရာ ဖြစ်ခဲ့ပြီး ယခုအချိန်တွင် စပါး၊ ပဲ စိုက်ပျိုး ဖြစ်ထွန်းမှု မရှိတော့ကြောင်းလည်း ဦးရွှေအောင်က ဆက်ပြောသည်။
ထိုအပန်းဖြေစခန်း အပြီးသတ် တည်ဆောက်မှု အတွက် ၃ နှစ်ကြာမည်ဟု ခန့်မှန်းထားပြီး အပန်းဖြေစခန်း တည်ဆောက် ကုန်ကျငွေကို ကျပ် သိန်းပေါင်း ၃ သိန်းကျော် ခန့်မှန်းထားကြောင်း သိရသည်။