ကမ္ဘာကျော် ဦးပိန်တံတားတည်ရှိရာ မန္တလေး၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်းအတွင်းရှိ ရေမျက်နှာပြင်ပေါ်တွင် ဧပြီလ ၃၀ ရက်က ငါးသေတွေ ဖွေးဖွေးလှုပ် ပေါလောပေါ်နေကြသည်။ အရွယ်စုံ ဆိုဒ်စုံ ငါးအကောင်ရေ ထောင်သောင်းချီပြီး သေဆုံးနေကြခြင်းဖြစ်သည်။ တောင်သမန်အင်းဝန်ကျင်းရှိ ဒေသခံတွေ ပြောကြားချက်အရ ယခုလို ငါးတွေ မြောက်မြားစွာ သေဆုံးကြရခြင်းသည် နှစ်ပေါင်း ၁၇ နှစ်အတွင်း အဆိုးဝါးဆုံးဖြစ်သည်ဟု သိရှိရသည်။
၁၉၉၈ ခုခန့်ကလည်း ယခုလိုငါး အစုလိုက်အပြုံလိုက် သေဆုံးမှုမျိုး ဖြစ်ခဲ့ဖူးသည်။ အမှန်တကယ်တော့ တောင်သမန်အင်းအတွင်း ငါးများသေဆုံးမှု မကြာခဏဆိုသလို
ဖြစ်ပွားခဲ့သည်။ တကြိမ်နှင့်တကြိမ် သေဆုံးမှုပမာဏ အနည်းအများသာ ကွာဟသည်။
တောင်သမန်အင်းနှင့် အင်းဝန်းကျင်တဝိုက်သည် သဘာဝပတ်ဝန်းကျင်၊ ရေသတ္တဝါ မျိုးစိတ်၊ ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှုအမွေ အရတွေပါ အရေးပါသော တန်ဖိုးမဖြတ်နိုင်သော နေရာတခုဖြစ်သည်။ သို့သော် တောင်သမန်၏ တန်ဖိုးသည် တဖြည်းဖြည်းနှင့် လျော့ကျလာသည်။ ပျက်စီးလာသည်။ ယိုယွင်းလာသည်။ အဘယ်ကြောင့်နည်း။
အဖြေက တာဝန်ယူမှု ကင်းသော အစိုးရတွေနှင့် မိမိအကျိုးစီးပွားကို ရှေ့တန်းတင်လိုသော၊ အတ္တကြီးမားသော စီးပွားရေးသမားများကြောင့် တောင်သမန်၏ အလှတွေ တန်ဖိုးတွေ ယုတ်လျော့ ပျက်ယွင်းလာရခြင်း ဖြစ်သည်ဟု တောင်သမန်အင်းကို လေ့လာနေကြသည့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးပညာရှင်များ၊ အင်းဝန်းကျင်တွင် နေထိုင်ကြသည့် ဒေသခံများက မှတ်ချက်ပြုကြပါသည်။
တောင်သမန်အင်းသည် စစ်အစိုးရ အာဏာသိမ်းပြီးသည့် အစကာလအထိ ယခုလို ပုံစံမျိုးမဟုတ်ချေ။ ထိုခေတ်အခါက သုံးပန်လှ တောင်သမန်ဟူ၍ပင် သတ်မှတ်ခံရဖူးသည်။ နွေရာသီမှာ အလှတမျိုး၊ ဆောင်းရာသီမှာ အလှတဖုံ၊ မိုးရွာသီမှာ အလှတဘာသာ၊ ရာသီအလိုက် အလှတမျိုးစီရှိခဲ့သည်ဟု စာပေများတွင် တင်စားခံခဲ့ရဘူးသည်။
ထိုအချိန်ထိ တောင်သမန်အင်းသည် သဘာဝအတိုင်း ရှိခဲ့သည်။ ရေတက်ချိန် ရေအပြည့်၊ ရေကျချိန် ပေါ်ထွန်းလာတဲ့ မြေနေရာပေါ် စိုက်ပျိုးရေးစိုက် စသဖြင့် တောင်သမန်သည် ဦးပိန်တံတားနှင့်အတူ နောက်ခံပန်ချီကားတစ်ချပ်ဖြစ်ခဲ့ဖူးသည်။
တောင်သမန်အင်း ရေအဝင်အထွက်ကို လေ့လာကြည့်ပါက အမြဲမပြက်စီးဆင်နေသည့် ရေအရှင်ဖြစ်ခဲ့သည်။ မန္တလေးမြို့ အရှေ့ဖက်နှင့် အရှေ့တောင်ဘက်ဆီက စီးဆင်းလာသည့် ပရံတော်ချောင်းနှင့် ကိုလံဘိုမြောင်းတို့သည် တောင်သမန်အင်ထဲသို့ စီးဝင်သည်။ ထိုမြောင်းနှစ်ခုစလုံးသည် ရေဆိုးစွန့်ပစ်သည့် မြောင်းများဖြစ်ကြသည်။ ရေဆိုးများသည်
တောင်သမန်အင်းထဲကနေတစ်ဆင့် မိုးကောင်းချောင်းအတိုင်းဆက်သွယ်ကာ နောက်ဆုံး ဧရာဝတီမြစ်ထဲသို့ ရောက်ရှိလေသည်။ ပရံတော်ချောင်းနှင့် ကိုလံဘိုမြောင်းတို့သည် ရေဆိုးစွန်ပစ်သည့် မြောင်းများဖြစ်ပေသည့် စီးဆင်နေသည် ရေအရှင်ဖြစ်ခြင်းကြောင့် ရေဆိုးများသည် တောင်သမန်အင်းထဲတွင် ကြာရှည်စွာ မနေပဲ ခဏတာအတွင်း ဧရာဝတီမြစ်ထဲ စီးဝင်ပျောက်ကွယ်ပါသည်။
သို့သော် စစ်အစိုးရလက်ထက် ၁၉၉၅ ခုဝန်းကျင်တွင်မူ သုံးပန်လှဖြင့် နာမည်ကျော်သည့် တောင်သမန်သည် စတင် အသက်ခံခဲ့ရလေတော့သည်။ အစိုးရတာဝန်ရှိသူများသည် စီးပွားရေးလုပ်ငန်းရှင်အချို့ကို တောင်သမန်အင်းထဲတွင် ငါးမွေးမြူခွင့် လုပ်ပိုင်ခွင့်ချပေးခဲ့သည်။ အနှီစီးပွားရေးသမားသည် အင်းထဲငါးမွေးမြူနိုင်ရေးအတွက် အင်းကို
ပိတ်ဆို့ပစ်လိုက်သည်။ တောင်သမန်အင်းကနေ ဧရာဝတီမြစ်ထဲကို စီးဝင်သည့် လမ်းကြောင်းဖြစ်သည့် မန္တလေးနှင့်စစ်ကိုင်းကားလမ်းမအနီးရှိ တံတားဖြူရေထိန်းတံခါးကို ပိတ်ပစ်လိုက်ခြင်းဖြစ်သည်။
ရေစီးလမ်းကြောင်း ပိတ်ဆို့လိုက်ခြင်းကြောင့် တောင်သမန်အင်းထဲတွင် ဆယ့်နှစ်ရာသီ ရေအမြဲရှိနေလာကာ စိုက်ပျိုးရေးလုပ်ငန်များလည်း မလုပ်ကိုင်နိုင်ကြတော့ချေ။
ပို၍ဆိုးဝါးသည်မှာ ပရံတော်ချောင်းအနီးရှိ အရက်ချက်စက်ရုံ၊ သကြားစက်ရုံများက စွန့်ပစ်ရေဆိုးများ၊ အမရပူရမြို့ရှိ ချည်ထည်လုပ်ငန်းများက စွန့်ပစ်သည့် ဓာတုဗေဒ ရေဆိုးများသည်
ယခင်အတိုင်းဧရာဝတီမြစ်ထဲ မစီးဆင်းတော့ပဲ ရေသေဖြစ်ကာ တောင်သမန်အင်းထဲတွင် တဖြည်းဖြည်းအနည်ကျလာကာ အင်းရေသည်လည်း ရေသတ္တဝါများ ရှင်သန်နေထိုင်ဖို့
ခက်ခဲသည့် အခြေနေဖြစ်လာသည်။
ဧရာဝတီငါးမျိုးစိတ်များဖြစ်သည့် ငါးတန်၊ ငါးချောင်းစသည့်ငါးများ ရှင်သန်နေထိုင်နိုင်ခဲ့သည့် တောင်သမန်အင်းသည် ယခုအခါမှာတော့ ရေဆိုးရေညစ်မှာပင် ရှင်သန်နေထိုင်နိုင်သည့်
တီလားဗီးယာငါး၊ ငါးပြက်တို့သည်ပင်လျင် ရှင်သန်ဖို့ခက်ခဲလာသည်။ နှစ်စဉ် ဆောင်းခိုငှက်တို့ လာရောက်ခိုနားလေ့ရှိသည့် တောင်သမန်တွင် ဆောင်းခိုငှက်များ လာရောက်မှု တနှစ်ထက် တနှစ်လျော့ပါးလာသည်။
ယခုသေဆုံးခဲ့ကြရသည့် ငါးများသည် မွေးမြူရေးငါးများဖြစ်ကြပြီး အင်းထဲရှိရေတွင် ပါဝင်သော သက်ရှိအသက်ရှင်နေနိုင်သည့် အောက်ဆီဂျင်ပမာဏ အလွန်နည်းပါလာခြင်းကြောင့် သေဆုံးကြရခြင်းဖြစ်နိုင်သည်ဟု ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များက သုံးသပ်ကြပါသည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် တောင်သမန်အင်းထဲတွင် စွန့်ပစ် ရေဆိုးပမာဏ ပါဝင်မှု မည်မျှများနေသည်၊ ဘေးပတ်ဝန်းကျင် လူနေအိမ်များကနေ အင်းထဲသို့ မည်မျှ အမှိုက်တွေ စွန့်ပစ်နေကြသည်ကို ခန့်မှန်းနိုင်သည်။ အဆိုပါ စနစ်မကျသည့် စွန့်ပစ်မှုများကို ထိရောက်စွာ မကာကွယ်နိုင်ပါက တောင်သမန်အင်းထဲရှိ ရေသတ္တဝါ ဆက်လက်ရှင်သန်နိုင်မှုကို
ခြိမ်းခြောက်နေဦးမည်ဖြစ်သည်။
ငါးများစွာ သေဆုံးရခြင်းတရားခံသည် အခြားအကြောင်းအရာများရှိနေနိုင်သော်လည်း အဓိကလက်သည် တရားခံသည် အခြားမဟုတ်ပါ။ အင်းထဲရှိရေ၏ အရည်အသွေးများ၊
စံနှုန်းများကျဆင်းလာရခြင်းကြောင့် ဖြစ်ဖို့များသည်။
တောင်သမန်အင်း ဆက်လက်တည်ရှိနိုင်မှုကို ခြိမ်းခြောက်လာနိုင်သည့် နောက်ထပ် အန္တရာယ်သစ် တခုရှိနေပါသေးသည်။ ထိုခြိမ်းခြောက်မှုကား တောင်သမန်အင်းအနီး
မြေဧက ၄၀ ပေါ်တွင် ကုမ္ပဏီတစ်ခုက အပန်းဖြေ Resort ဟိုတယ်စီမံကိန်း အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေသည်။ ထိုစီမံကိန်းတွင် ဟိုတယ်များ၊ အနားနေ အပန်းဖြေဥယျာဉ်၊ ဈေးဆိုင်ခန်းတွေ ပါဝင်မည်ဖြစ်သည်။ ယခုပင်လျင် ဦးပိန်သို့ လာရောက်လည်ပတ်သည့် ပြည်တွင်းပြည်ပ ဧည့်သည် အလွန်များပြားနေပြီဖြစ်သည်။
စီမံကိန်းပြီးစီးချိန်တွင် တောင်သမန်အင်းတဝိုက်ဝန်းကျင်သည် အနည်းနှင့်အများ ထိခိုက်မှုတွေ ရှိလာနိုင်သည်။ ကာရန်မသင့်လျှင် တောင်သမန်အင်းသည် အမရပူရမြို့တွင် တချိန်က ရှိခဲ့ဖူးသည်ဟူ၍ပင် ဖြစ်လာနိုင်သည်။
တောင်သမန်အင်း အသက်ရှည်ဖို့ အနာကင်းဖို့အတွက် ဧရာဝတီမြစ်ထဲ မစီးဆင်းနိုင်ရန် ပိတ်ဆို့တားဆီးထားသည့် တံတားဖြူရေထိန်းတံခါးကို ဖွင့်ပစ်ဖို့လိုသည်။ ရေတက်ချိန်ရေတက်၊ ရေကျချိန်ရေကျ စသဖြင့် အင်းထဲကရေကို သဘာဝအတိုင်း စီးဆင်းဖို့လိုသည်။ အင်းထဲတွင် မွေးမြူရေးငါးများ မမွေးမြူဖို့လိုသည်။ သဘာဝဂေဟစနစ်တွေ ပျက်စီးနိုင်သည့်
ဓာတုဗေဒ စွန့်ပစ်ရေဆိုးတွေ အမှိုက်တွေ မစွန့်ပစ်ဖို့ လိုသည်။ ဦးပိန်တံတား ရေရှည်ကြံ့ခိုင်တည်တံ့ရေး စနစ်တကျ ထိန်းသိမ်းရေး လိုသည်။
သဘာဝအလှတရားများဖြင့် ရှိခဲ့သော တောင်သမန်အင်းကို သဘာဝအတိုင်း အရှည်တည်တံ့ ထိန်းသိမ်းဖို့ သက်ဆိုင်ရာ မန္တလေးတိုင်း အစိုးရ၊ သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းများ၊ အင်းဝန်းကျင်ရှိ ဒေသခံများတွင် အဓိကတာဝန်ရှိနေသည်။
(မောင်ဉာဏသည် မန္တလေးမြို့ အခြေစိုက် သတင်းစာဆရာတဦးဖြစ်သည်)