၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရရှိထားသည့် “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းကို ပြည်နယ်အဆင့် တိုးမြှင့် သတ်မှတ်ပေးရေး အစိုးရနှင့် ညှိနှိုင်းရာတွင် တိုင်းရင်းသား ခေါင်းဆောင်များ ထောက်ခံပေးပါဟု “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA ) စစ်သေနာပတိချုပ် ဦးပေါက်ယူချန်းက တောင်းဆို လိုက်သည်။
ဦးပေါက်ယူချန်း က ၂၀၁၅ ခုနှစ်၊ မေလ ၁ ရက်နေ့က ပန်ဆန်း(ပန်ခမ်း)မြို့၊ “ဝ” ကန့်သတ်နယ်မြေရှိ ၎င်း၏ နေအိမ်တွင် ကျင်းပသည့် ပန်ဆန်း တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ ညီလာခံ အဖွင့် မိန့်ခွန်းတွင် အထက်ပါအတိုင်း တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
ဦးပေါက်ယူချန်းမှာ “ဝ” ဘာသာစကားနှင့် တရုတ်ဘာသာစကားကိုသာ ပြောဆိုနိုင်သဖြင့် အခြား တိုင်းရင်း သား ခေါင်းဆောင်များ နားလည်နိုင်စေရန် UWSA ၏ ပြောရေးဆိုခွင့် ရှိသူ ဦးအောင်မြင့်က ပေါက်ယူချန်း၏ မိန့်ခွန်းကို ကိုယ်စားဖတ်ကြားပေးခဲ့ရသည်။
UWSA စစ်သေနာပတိချုပ်က”ဒီတကြိမ် တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ ထိပ်သီး အစည်းအဝေးမှာ အဖွဲ့ အစည်း ခေါင်းဆောင်ကြီးများရဲ့ စာနာမှု၊ နားလည်မှုနဲ့ ထောက်ခံမှုများ ရရှိနိုင်ဖို့ မျှော်လင့်ပါတယ်”ဟု ထည့် သွင်း ပြောကြားသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်း မြို့နယ်၊ မက်မန်း မြို့နယ်နှင့် ပန်ဆန်း(ပန်ခမ်း)မြို့နယ် စသည့် (၆ မြို့နယ်)တို့ကို ခရိုင်နှစ်ခုခွဲကာ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဖြစ်သည်ဟု ပြဌာန်းထားသည်။
ယခု ကျင်းပနေသည့် ပန်ဆန်း ညီလာခံသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့မှ စစ်ဦးစီး ချုပ်များ၊ ထိပ်သီး ခေါင်းဆောင်များနှင့် အထူး ကိုယ်စားလှယ် ၆၀ ဦးခန့် တက်ရောက်လျက်ရှိသည်။
“ဝ” ပြည်နယ် သတ်မှတ်ရေး တောင်းဆိုရေး ကိစ္စနှင့် ပတ်သက်၍ ကရင် အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက“ ဒါကတော့ ကျနော်တို့ တကယ့် ဆွေးနွေးရမယ့် ကိစ္စပါ”ဟု ဧရာဝတီသို့ ပြောသည်။
ပဒိုစောကွယ်ထူးဝင်းက ကိုယ်ပိုင် အုပ်ချုပ်ခွင့်တိုင်းကို ပြည်နယ်အဆင့် တိုးမြှင့်တောင်းဆိုရေး ရရှိစေရန်မှာ လက်ရှိ နိုင်ငံတွင် ကျင့်သုံးနေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် လိုအပ်ပြီး တိုင်းရင်းသား အများစု၏ ထောက်ခံမှုကိုလည်း လိုအပ်မည်ဟု ပြောဆိုသည်။
ညီလာခံသို့ တက်ရောက်လာကြသည့် စစ်ဦးစီးချုပ်များ၊ ထိပ်သီးခေါင်းဆောင်များက လက်ရှိ ငြိမ်းချမ်းရေး ဆိုင်ရာကိစ္စရပ်များတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပိုမိုခိုင်မာစေရန်၊ တပ်မတော်နှင့် တိုက်ပွဲ ဖြစ်ပွားမှုများကို ပူးပေါင်းဖြေရှင်းနိုင်ရန် မျှော်မှန်းထားသည်ဟု ဆိုကြသည်။
ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)မှ အထူးကိုယ်စားလှယ် ဗိုလ်မှူးကြီး ခွန်ဥက္ကာက”ဒီ ညီလာခံက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပိုအားကောင်းစေပါတယ်။ အခု ဖွဲ့ပြီးသား UNFC တို့ NCCT တို့မှာ အင်အားကြီး အဖွဲ့တွေက မပါသေးဘူး၊ အခု ပုံစံတမျိုးနဲ့ ဝင်လာတော့ တဘက်(အစိုးရ)နဲ့ စကားပြောတဲ့ အချိန်မှာ ပိုပြီး ပြောနိုင်ဆိုနိုင်တာပေါ့” ဟု ပြောသည်။
UWSA မှာ ၁၉၈၉ ခုနှစ်မှ စတင်ကာ အစိုးရနှင့် ငြိမ်းချမ်းရေး ရယူခဲ့ပြီး “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတွင် UWSA က လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ပြီး “ဝ” ပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSP) က နိုင်ငံရေး ကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးတို့ကို ဆောင်ရွက်လျက် ရှိသည်။
UWSP က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် တိုးမြှင့် သတ်မှတ် ပေးရန် အစိုးရထံတွင် တောင်းဆိုထားပြီး ၂၀၁၄ ခုနှစ်ကလည်း နေပြည်တော်တွင် ဆွေးနွေးမှုများ ပြုလုပ် ခဲ့ဖူးသည်။
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ ဧရိယာ စတုရန်းမိုင် ၁၇၀၀၀ ကျော် ကျယ်ဝန်းပြီး လူဦးရေ ၆ သိန်း ဝန်းကျင် နေထိုင်သည်ဟု သိရသည်။ လူဦးရေ ၆ သိန်း ဝန်းကျင်အနက် ၇၅ ရာခိုင်နှုန်းမှာ “ဝ” လူမျိုးများ ဖြစ်ပြီး ကျန် ၂၅ ရာခိုင်နှုန်းမှာ တရုတ်၊ အစ္စလာမ်ဘာသာဝင်များ နှင့် အခြား တိုင်းရင်းသား မျိုးနွယ်စုများ နေထိုင်သည်ဟု သိရသည်။