နေ့စဉ်ထုတ် သတင်းစာ ၁ စောင်၊ မဂ္ဂဇင်း ၁၃ စောင်နှင့် အထွေထွေထုတ်ဝေစာ ၃၄ စောင်တို့အား Electronic Document များ ပေးပို့ရန် ပျက်ကွက်သည်ဟုဆိုကာ ပြန်ကြားရေးဝန်ကြီးဌာနက အရေးယူရန် ဆောင်ရွက်နေပြီး ထုတ်ဝေသူများဘက်ကလည်း အခက်အခဲများ ရှိနေကြောင်း သိရသည်။
Electronic Document (CD) ပေးအပ်ရန် ပျက်ကွက်သည့် သတင်းစာ၊ မဂ္ဂဇင်းများမှာ ပုံပြင်ကလေးရုပ်စုံ၊ ဂမ္ဘီရလောက၊ သည်းထိပ်ရင်ဖို၊ ပလုပ်တုတ်၊ ဓမ္မဒူတ ဘာသာရေးမဂ္ဂဇင်းတို့နှင့် Happy Time, The Irrawaddy Magazine, Idea, In Depth Manymore, Today, T – club, Life Style, CEO စီးပွားရေးနှင့် စီမံခန့်ခွဲရေး မဂ္ဂဇင်းများ ဖြစ်သည်။
ဧပြီလ ၂ရက်နေ့က ပြန်ကြားရေး ဝန်ကြီးဌာနာ၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့်က ထုတ်သည့်စာတွင် Electronic Document ကို တောင်းဆိုရခြင်းမှာ မှတ်ပုံတင်ခြင်းနှင့် မူပိုင်ခွင့်အရ ရေရှည်ထိန်းသိမ်းရာတွင် စာအုပ်စာတန်းများထက် ပိုမိုကောင်းမွန်၍ တောင်းဆိုရခြင်း ဖြစ်ကြောင်း၊ တခြားသော ထုတ်ဝေသူများက ပေးအပ်သော်လည်း အဆိုပါ သတင်းစာ၊ မဂ္ဂဇင်းနှင့် အထွေထွေ ထုတ်ဝေသူများမှာ ပေးအပ်ရန် ပျက်ကွက်နေကြောင်း၊ ထို့အတွက် ဧပြီလ ၃၀ ရက်နေ့ နောက်ဆုံးထား ပေးပို့ရန်၊ ပျက်ကွက်ပါက ပုံနိုပ်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (ခ) နှင့် ပုဒ်မ ၁၈ တို့ကို ဖောက်ဖျက်ရာ ကျသဖြင့် ပုဒ်မ ၂၁ အရ အရေးယူခံရမည်ဟု ပါရှိသည်။
စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း ဒု ဥက္ကဋ္ဌ ဦးမျိုးအောင်က “Electronic Document အပ်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး၊ အဲဒါ ထုတ်ဝေသူရဲ့ အသက်၊ ပေးလို့မဖြစ်ဘူး။ စာအုပ်ဈေးကွက်က ကျနေပြီ၊ ဒါကြောင့် အွန်လိုင်းမှာ ရောင်းတဲ့စနစ်ကို သွားရတော့မယ်၊ Electronic Document ကို ပြန်ကြားရေးက ဘယ်လို ထိန်းသိမ်းမှာလဲ၊ Digital Rights Management ကို သူတို့ ဘယ်လို တာဝန်ခံမလဲ၊ စာအုပ်ပေးတဲ့ ခေတ်ကတောင်မှ စာအုပ်သွား တင်ရင် ကျနော်တို့ အပြင်မဖြန့်ရသေးခင် အပြင်မှာ သူတို့ရောင်းစားပြီးနေပြီ။ အခုလည်း အပြင် ရောင်းစားလိုက်ရင် ကျနော်တို့ ဒုက္ခမရောက်ပေဘူးလား” ဟု ဧရာဝတီကို ပြောသည်။
ထို့အပြင် ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် မူလဥပဒေတွင် မပါရှိသည့် Electronic Document ပေးအပ်ရေး အစီအစဉ်ကို နည်းဥပဒေတွင် ထည့်သွင်းတောင်းခံလာခြင်းသည် မဖြစ်သင့်ကြောင်း သူက ဝေဖန်ထောက်ပြသည်။
မူလ ပြဌာန်းထားသည့် ပုံနိုပ်ထုတ်ဝေရေး ဥပဒေတွင် Electronic Document များ ပေးအပ်ရမည်ဟု မပါရှိဘဲ၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာန မှတ်ပုံတင်စာရင်း ရေးသွင်းရန်၊ တနှစ်စာထွက်ရှိသည့် စာအုပ်များကို စာရင်းပြုစုရန်၊ အမျိုးသား စာကြည့်တိုက်နှင့် အမျိုးသား မော်ကွန်းတိုက်ဌာနအတွက် စာအုပ်ထုတ်ဝေသူများ အနေဖြင့် စာအုပ် ၄ အုပ်ထုတ် ပေးရန်သာ ပါရှိသည်။
လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံခြား သတင်းစာများ ဖြန့်ချိန်နေသူများ အနေဖြင့် Electronic Document မပေးနိုင်သည့် အတွက် အခက်ကြုံနေရကြောင်း ဦးမျိုးအောင်က ဆိုသည်။
“ကျနော် The New York Times သတင်းစာကို မြန်မာပြည်မှာ ပြန်ရိုက်ပြီး ဖြန့်တယ်၊ The New York Time နဲ့ ကျနော်နဲ့ ချုပ်တဲ့စာချုပ်မှာ Electronic Document ကို နောက်တယောက်ကို ပေးရမယ်လို့ မပါဘူး၊ သွားပေးရင် ကျနော့်ကို စာချုပ်ဖောက်ဖျက်မှုနဲ့ အလုပ်ရပ်လိုက်လိမ်မယ့်၊ ဒါကြောင့် ပေးဖို့ဆိုတာ အင်မတန်အခက်အခဲ ဖြစ်ရပါတယ်” ဟု သူက ထပ်ရှင်းပြသည်။
အလားတူ တခြားသော ပုံနိုပ်ထုတ်ဝေသူများ အနေဖြင့်လည်း Electronic Document ကို ပြန်ကြားရေးဝန်ကြီး ဌာနသို့ ပေးအပ်ရမည်ကိစ္စတွင် နည်းအမျိုးမျိုးဖြင့် အခက်အခဲများစွာ ရှိလာနိုင်ကြောင်း သိရသည်။
သို့သော် ပြန်ကြားရေး ဝန်ကြီးဌာနကမူ ပြီးခဲ့သည့် ဧပြီ ၃၀ ရက်နေ့က နောက်ဆုံးထားပေးပို့ရန် ထုတ်ဝေသူများအား သတိပေးနိုတစ်စာ ပေးပို့ထားပြီဖြစ်ပြီး၊ ပေးပို့ခြင်းမရှိပါက ပုံနိုပ်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (ခ) နှင့် ပုဒ်မ ၁၈ တို့ကို ဖောက်ဖျက်ရာ ကျသဖြင့် ပုဒ်မ ၂၁ အရ အရေးယူခံရမည်ဟု သတိပေးထားသည်။
“အရေးယူမယ်လို့တော့ စာပို့ထားတယ်၊ ဖြစ်လာမှပဲ ဖြစ်သလို ရင်ဆိုင်ဆောင်ရွက်တော့မယ်၊ ပြန်ကြားရေးက ပို့တဲ့စာတွေက ကျနော်တို့ကို နည်းဥပဒေအရ ဘာလုပ်လိုက်မယ်၊ ညာလုပ်လိုက်မယ်နဲ့ ခြိမ်းခြောက်တာတွေချည်းပဲ ဖြစ်နေတယ်၊ လွတ်လပ်ခွင့် မရှိပါဘူး၊ အခုဆို ဒီသတိပေးစာတွေကြောင့် ကျနော်တို့က အကြောက်တရားနဲ့ နေရသလိုဖြစ်နေတယ်” ဟု လက်ရှိ မြန်မာနိုင်ငံ၏ စာနယ်ဇင်းလွတ်လပ်ခွင့် အခြေအနေကို ဦးမျိုးအောင်က ပြောဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့ အခြေစိုက် Freedom House အဖွဲ့က ထုတ်ပြန်သည့် Freedom of the Press 2015 အစီရင်ခံစာတွင် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့် ပြန်လည် ကျဆင်းသွားသည့်ဟု ထောက်ပြထားသည်။
ကမ္ဘာ့နိုင်ငံနှင့် ဒေသပေါင်း ၁၉၉ ခု၏ သတင်း လွတ်လပ်ခွင့်ကို လေ့လာရာ မြန်မာနိုင်ငံသည် ၂၀၁၃ ခုနှစ်တွင် အမှတ် ၇၀ ရရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင် ၇၃ မှတ်သို့ ကျဆင်းသွားကြောင်း သိရသည်။