၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှု ရှိစေရန်အတွက် စာနယ်ဇင်း(မီဒီယာ)လောက၏ကူညီမှု လိုအပ်ကြောင်း ပြည်သူ့ လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
မေလ ၃ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့(World Press Freedom Day) အခမ်းအနားကို ရန်ကုန်မြို့ ပြည်လမ်းရှိ NOVOTEL ဟိုတယ်တွင် ကျင်းပရာ ယင်းအခမ်းအနား၌ ဒေါ်အောင်ဆန်းစုကြည်က အမှာစကား ပြောဆိုရာတွင် ထည့်သွင်း ပြောဆိုခြင်း ဖြစ်သည်။
အမျိုသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌလည်း ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်က“၂၀၁၅ ရွေးကောက်ပွဲကာလမှာ လွတ် လပ် ပြီး တရားမျှတမှု ရှိဖို့အတွက် အင်မတန်အရေးကြီးတဲ့အချိုးအကွေ့ ဖြစ်တယ်။ အဲဒီရွေးကောက်ပွဲများဟာ လွတ်လပ်ပြီး တရား မျှတမှု ရှိဖို့အတွက် စာနယ်ဇင်းလောကရဲ့ထောက်ခံမှု၊ ကူညီမှုအားဖြင့် အကောင်းဆုံး အထောက်အပံ့ ပေးဖို့ မေတ္တာရပ်ခံချင် တယ်”ဟု ပြောဆိုသည်။
စာနယ်ဇင်းလောကနှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေကောင်းများ ပေါ်ထွက်လာရေးမှာ အုပ်ချုပ်ရေးပိုင်း၏ တာဝန် ဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် အမှန်သတင်းနှင့် မမှန်သတင်း၊ အမှန်သတင်းနှင့် ကောလာဟလ အကြား၊ အမှန်သတင်းနှင့် ပုဂ္ဂိုလ် ရေး တိုက်ခိုက်မှုများကြား ခွဲခြားနိုင်ရေး အတွက် မီဒီယာက ကူညီပေးရန် လိုအပ်သည်ဟုလည်း သူက ပြောသည်။
ထို့အပြင် သတင်းသမားကောင်းတဦး ဖြစ်ရန် သတင်းထောက်များ အိမ်စာလုပ်ကြရန်နှင့် ပုဂ္ဂိုလ်စွဲ မထားရန်၊ ကိုယ့်ကိုယ်ကိုယ် ပြုစု ပျိုးထောင်ကြရန် တို့ကိုဒေါ်အောင်ဆန်းစုကြည်က အကြံပြုသွားသည်။
ယနေ့ ရန်ကုန်မြို့၌ ၄ ကြိမ်မြောက်ပြုလုပ်သည့် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(UNESCO)၊ နိုင်ငံ တကာ သံတမန်များနှင့် ပြည်တွင်းရှိ သတင်းစာ ဆရာ အသင်း အဖွဲ့များ တက်ရောက်ကြသည်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ကလည်း“နိုင်ငံတကာအဖွဲ့အစည်း တဒါဇင်လောက်က မြန်မာနိုင်ငံ စာနယ် ဇင်း လွတ်လပ်ခွင့်နဲ့ပတ်သက်လို့ ညွန်းကိန်း၊ အစီရင်ခံစာတွေ ထုတ်ကြတယ်။ ဒါပေမယ့် လွတ်လပ်ခွင့်တခုတည်းကို အခြေခံထားပြီး သတင်းအရည်အသွေးနဲ့ အယ်ဒီတာ လွတ်လပ်ခွင့်တွေကို ထင်ဟပ်ခြင်း မရှိတဲ့အတွက် ပြည့်စုံလုံလောက်တယ်လို့ မယူဆဘူး” ဟု ပြောသည်။
ထို့အပြင် ဒီမိုကရေစီ နည်းကျသည့် အများပြည်သူ ဝန်ဆောင်မှုမီဒီယာကို မဖြစ်မနေ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ တိုင်းရင်းသား လူနည်းစုများ၊ မသန်စွမ်းသူများ စသည့် လူနည်းစုများ၏ အသံကို ဖော်ထုတ်ရေးသားပြနိုင်မည့် မီဒီယာများ ပေါ်ထွက်လာနိုင်ရေး များနှင့် မီဒီယာဥပဒေနှင့် မီဒီယာ လွတ်လပ်ခွင့်များကိုလည်း ၎င်းက ထည့်သွင်း ပြောဆိုသည်။
လက်ရှိ မြန်မာနိုင်ငံသည် သတင်းလွတ်လပ်ခွင့်နှင့် ပတ်သက်၍ အဆိုးဝါးဆုံး ၁၀ နိုင်ငံတွင် ပါဝင်နေဆဲ ဖြစ်သဖြင့် စိုးရိမ်စရာဖြစ်ကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများက ဝေဖန်ထောက်ပြလျက်ရှိသည်။
မြန်မာ ဂျာနယ်လစ်ကွန်ရက် အထွေထွေ အတွင်းရေးမှူး ဦးမြင့်ကျော်က“သတင်းထောက်တွေအနေနဲ့ အချက်အလက်တွေ ခိုင်မာ တိကျဖို့ လိုအပ်သလို နှစ်ပေါင်းများစွာ ပြင်ဆင်ဖို့လိုအပ်နေတဲ့ ဥပဒေတွေ၊ တရားစီရင်ရေးမှာလည်း လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ လိုအပ်ကြောင်း ကျနော်တို့ ကွန်ရက်အနေနဲ့ သုံးသပ်မိတယ်။ သတင်းလွတ်လပ်ခွင့် ညွှန်းကိန်းတွေ ထပ်မလျော့ကျဖို့ အစိုးရက တတ်နိုင်သလောက် လုပ်ပေးသင့်တယ်။ နောင်နှစ်တွေမှာ ညွှန်းကိန်းတွေ ပြန်တက်လာဖို့ အစိုးရအနေနဲ့ အလေးပေးစေလိုတယ်။ လွတ်လပ်ခွင့်တိုးတက်ဖို့ဆိုရင် အစိုးရနဲ့ လက်တွဲလုပ်ဆောင်ဖို့လည်း အသင့်ရှိတယ်”ဟု ပြောဆိုသည်။
ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ကော်မတီဝင် ဦးခိုင်မောင်ရည်ကလည်း လက်ရှိတွင် သတင်း မီဒီယာများကို အစိုးရက တရားစွဲဆိုနေသည့်အပေါ် ဖြေလျှော့ပေးစေလိုကြောင်း၊ ထောင်ဒဏ်ကျခံနေရသည့် သတင်းသမားများကို လည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး ကော်မတီကိုယ်စား မေတ္တာရပ်ခံကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံ သတင်းစာဆရာများအသင်းမှ ဒု ဥက္ကဋ္ဌ ဦးသီဟစော၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)မှ အတွင်းရေးမှူး ဦးကျော်မင်းဆွေ၊ မြန်မာဂျာနယ်လစ် ကွန်ရက်မှ အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်၊ BNI တိုင်းရင်းသားမီဒီယာမှ မသဲသဌ္ဇာဦး နှင့့် အမျိုးသား စီမံခန့်ခွဲမှုကောလိပ်မှ စာနယ်ဇင်းပညာသင် ကျောင်းသားတဦးတို့ကလည်း စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် ဥပဒေဆိုင်ရာ များ အပေါ် ကြေညာချက်များ အသီးသီး ထုတ်ပြန်ခဲ့ကြသည်။