ကယားပြည်နယ် အတွင်း တပ်မတော်က သိမ်းဆည်းထားသည့် လယ်ယာမြေဧက ၂ထောင်ကျော် ပြန်လည်ရရှိရန်အတွက် ယနေ့ လွိုင်ကော်မြို့တွင် တောင်သူလယ်သမား ၅၀၀ ကျော်က ဆန္ဒပြ တောင်းဆိုကြောင်း သိရသည်။
ကယားပြည်နယ် တောင်သူလယ်သမားများသည် ဘိုးဘွားပိုင် လယ်ယာမြေများပြန်လည်ရရှိရန်၊ တောင်သူလယ်သမား အခွင့် အရေး အပြည့်အဝရရှိရန် နှင့် တရားစွဲဆိုထားသည့် တောင်သူများကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း ကရင်နီပြည် တောင်သူလယ်သမား သမဂ္ဂ ဥက္ကဋ္ဌ ဦးသဲရယ်က ဧရာဝတီသို့ ပြောသည်။
“တောင်သူလယ်သမားတွေရဲ့ ဘိုးဘွားလယ်မြေတွေကို လိုက်ပြီးတော့ သိမ်းတယ်။ သိမ်းတာမကဘူး တောင်သူ လယ်သမားတွေ ကိုလည်း တရားစွဲတယ်။ ဖရူဆိုမြို့နယ် ဆိုလျားကူး နဲ့ ဒီမော့ဆိုမြို့နယ် ဒေါဆိုရှေ့ တောင်သူ လယ်သမား ၁၅ဦးကို ပုဒ်မ ၄၇၇ ပိုင်နက် ကျူးလွန်မှုနဲ့ တရားစွဲခဲ့တယ်။ ဒါပေမယ့် အပြစ်ရှိတယ်ဆိုပြီး စီရင်ချက်ချတာ ကတော့ ၉ဦးကို ထောင်ဒဏ် ၁၅ ရက် ဒါမှမဟုတ် ငွေဒဏ် ၅၀၀ကျပ်ပေးဆောင်ခိုင်းပါတယ်။ အားလုံးကတော့ ငွေဒဏ်ပဲဆောင်ခဲ့ပါတယ်”ဟု ဦးသဲရယ်က ဆိုသည်။
ဖရူဆို မြို့နယ် ဆိုလျားကူးကျေးရွာမှ တောင်သူများကို ပြီးခဲ့သည့် ၂၀၁၄ စက်တင်ဘာလကစပြီး တရားစွဲဆိုခံခဲ့ပြီး ၂၀၁၅ခုနစ် ဧပြီ ၂၇ ရက်တွင် စီရင်ချက်ချခဲ့ကြောင်း၊ ဒီမော့ဆိုမြို့နယ် ဒေါဆိုရှိ့ ကျေးရွာမှ တောင်သူလယ်သမားများကို ၂၀၁၄ ခုနှစ် ဇူလိုင်လ ၌ စတရားစွဲခဲ့ပြီး ယနေ့ စီရင်ချက်ချကြောင်း သိရသည်။
ထိုလယ်ယာမြေများပေါ်တွင် တောင်သူလယ်သမားများ နှစ်စဉ်လုပ်ကိုင်ခဲ့ပြီး ၂၀၁၄ ခုနစ်မှစ၍ တပ် ဧရိယာဟု ပြောဆိုကာ လယ် ယာ စိုက်ပျိုးခွင့်ပိတ်ခဲ့ကြောင်း၊ သို့သော် လယ်သမားများ ဆက်လက် သွားရောက် လုပ်ကိုင်သည့်အတွက် ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲဆိုခဲ့ကြောင်း၊ တောင်သူလယ်သမားများကို တရားစွဲဆိုသည့် တပ်များသည် ဒီမော့ဆိုမြို့နယ် အခြေစိုက် အမြောက် တပ် တပ်ရင်း ၃၆၀ နှင့် ဖရူဆိုမြို့နယ် အခြေစိုက် ခြေမြန်တပ်ရင်း(ခမရ) ၅၃၁ တပ်ရင်းတို့ ဖြစ်ကြောင်းလည်း ဦးသဲရယ်က ပြောဆို သည်။
“ပြီးခဲ့တဲ့ လ ၂၇ ရက်က တခါ ဆန္ဒပြမှုလုပ်ခဲ့ပါတယ်။ အခုနဲ့ဆို ဒုတိယကြိမ် ဆန္ဒပြတာပါ။ ဒီစီရင်ချက်ချတဲ့အပေါ်မှာ မကျေနပ်လို့ ဆန္ဒပြခဲ့တာပါ။ ကယားပြည်နယ်မှာ ရှိတဲ့ တောင်သူလယ်သမားအတွက် သာမက တနိုင်ငံလုံးမှာရှိတဲ့ တောင်သူလယ်သမားတွေကိုပါ အရေးလည်းဖြစ်တဲ့အတွက် တောင်သူလယ်သမားအခွင့်အရေးကို တောင်းဆိုသွားမယ်။ အစိုးရ ဘက်ကနေပြီးတော့ ဘာမှ ဆောင်ရွက်ခြင်းမရှိရင်တော့ ကျနော်တို့ လုပ်သင့်လုပ်ထိုက်တာ လုပ်သွားမယ်”ဟု တောင်သူ လယ်သမားအရေး ဆောင်ရွက်နေ သည့် ကရင်နီ လူငယ်များ အဖွဲ့မှ ကိုဒီးဒီ က ဧရာဝတီသို့ ပြောသည်။
နိုင်ငံတော်က ပြဌာန်းထားသည့် ဥပဒေအရ တောင်သူလယ်သမားများ တရားဝင်လုပ်ပိုင်ခွင့်ရရန် ကြိုးစားပြီးလုပ်ပေးမည် ဖြစ်ကြောင်း၊ တောင်သူလယ်သမားများ ကိုယ့်လယ်ယာမြေကို ဥပဒေအရ ဘယ်လို ကာကွယ်ရမည်ကို အသိပညာများ ဆက်လက် ပေး သွားမည် ဖြစ်ကြောင်းလည်း ကယား တောင်သူလယ်သမားအရေး လုပ်ဆောင်နေသူများက ဆိုသည်။
“တောင်သူလယ်သမားတွေ ရာသီဥတုပေါ်မူတည်ပြီး စိုက်ပျိုးရတာ။ အခုသိမ်းထားတဲ့မြေယာတွေ နဲ့ စားဝတ်နေရေး၊ စီးပွားရေး အတွက် ဖြေရှင်းရတာဖြစ်တယ်၊ မစိုက်ပျိုးနိုင်ရင်ဘာနဲ့သွားစားမလဲ”ဟု ဖရူဆိုမြို့နယ် ဆိုလျားကူးမှ တောင်သူလယ်သမား ကိုတူရယ် က ဧရာဝတီသို့ ပြောသည်။
လွိုင်ကော်မြို့အတွင်းရှိ တောင်သူလယ်သမား ဆန္ဒပြမှုနှင့် လယ်ယာသိမ်းဆည်းခံရမှုများနှင့် ပတ်သက်ပြီး လွိုင်ကော်မြို့ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမျိုးသန့် က“ဒီအမှုတွေ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ စစ်တပ်က မသုံးတဲ့ မြေလွတ်မြေရိုင်းတွေကို လယ်သမားတွေဆီ ပြန်ပေးလိုက်တယ်။ အခုလယ်သမားတွေကို တရားစွဲဆိုတာကလည်း လယ်ယာမြေဥပဒေ ပြဌာန်းတဲ့အတိုင်း ဆောင်ရွက်သွားတာပါ။ ဒီနေ့ ဆန္ဒပြတာလည်း တရားဝင်ခွင့်ပြုချက်နဲ့ ပြကြတာပါ”ဟု ဧရာဝတီသို့ ပြောသည်။
မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီ အတွင်းရေးမှူး ပြည်ထဲရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က မြေယာ စီမံ ခန့်ခွဲမှု ဗဟို ကော်မတီ အနေဖြင့် ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ အပိုင်း(၁)မှ အပိုင်း(၁၀)အထိ ပေးပို့ခဲ့ခြင်းအပေါ် အပိုင်း(၇)အထိ အမှုပေါင်း ၆၄၄၅ မှု စိစစ်ဖြေရှင်းနိုင်ခဲ့ပြီး ဖြစ်ကြောင်း သမ္မတရုံး ဝက်ဘ်ဆိုက်၌ ၂၀၁၅ ခုနစ် မတ်လ ၁၄ ရက်နေ့ ရက်စွဲဖြင့် ဖော်ပြ ထားသည်။