“ကျမဘဝကတော့ အရပ်ကောင်းမှ အလောင်းလှရမယ့် အခြေအနေပါပဲ” ဟု အမြင်အာရုံ ကွယ်ပျောက်နေပြီဖြစ်သည့် မျက်လုံးအိမ်ဆီမှ ကျဆင်းလာသော မျက်ရည်များကို သုတ်ရင်း ဒေါ်သန်းသန်းနွယ်က သူ့ဘဝအကြောင်းကို ပြောပြသည်။
အရပ်ကောင်းမှ အလောင်းလှရမယ့်ဘဝဟု ပြောဆိုခြင်းမှာ ရွှေမရှိ၊ ငွေမရှိ၊ ဆွေမျိုးမရှိသည့် သူသေဆုံးချိန်၌ ပတ်ဝန်းကျင်ရှိ မိတ်ဆွေများ ဝိုင်းဝန်းကူညီမှသာ လူမြင်တင့်တယ်သော နာရေး အခမ်းအနားတခု ဖြစ်နိုင်မည်ဟု ဆိုလိုခြင်းဖြစ်သည်။
“ကျမ ယောက်ျားရော၊ သား ၃ ယောက်ရော နာဂစ်မှာ အကုန်ဆုံးပါးခဲ့တယ်။ ကျမတို့အိမ်၊ စီးပွားဥစ္စာတွေလည်း နာဂစ်က အကုန်ဖျက်ဆီးပစ်ခဲ့တယ်”ဟု ရှိုက်ငင်ငိုကြွေးကာ ဒေါ်သန်းသန်းနွယ်က ပြောပြသည်။
လွန်ခဲ့သည့် ၇ နှစ် နာဂစ်မဖြစ်မီက ဒေါ်သန်းသန်းနွယ်တို့ မိသားစုသည် ငပုတောမြို့နယ်၊ နကုန်းရွာတွင်နေကြပြီး နေလှန်းဆားချက် လုပ်ငန်းခွင်တွင် အလုပ်လုပ်ကြသည်။ ခင်ပွန်းသည်နှင့် သား ၃ ယောက်ရှိသည့် သူမ၏ မိသားစုဘဝက လူဆင်းရဲသော်လည်း စိတ်ချမ်းသာခဲ့ရသည့်ဘဝမျိုး ဖြစ်ခဲ့သည်။
၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့တွင် သူတို့နေထိုင်ရာဒေသသို့ တနာရီ မိုင် ၁၂၀ ကျော် လေတိုက်နှုန်းဖြင့် အဖျက်စွမ်းအား ကြီးမားသော နာဂစ် ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက် တိုက်ခတ်မည်ဆိုသည်ကို သူတို့ ကြိုမသိခဲ့။
ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်ပြီး ဝန်ကြီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီး သိန်းစိန် (လက်ရှိ သမ္မတ) တာဝန် ထမ်းဆောင်နေခဲ့သည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ စစ်အစိုးရက ပြည်သူများအား နာဂစ်မုန်တိုင်းသတင်းကို ကြိုတင်အသိမပေးခဲ့သလို ပြည်သူများကို မုန်တိုင်းအန္တရာယ် လွတ်ကင်းရာသို့ ရှောင်တိမ်းနိုင်အောင် ကူညီပေးခဲ့ခြင်းလည်း မရှိခဲ့ပေ။
ထို့ကြောင့် ဘာမုန်တိုင်းသတင်းမှ မသိရသည့် ဧရာဝတီတိုင်းသားတွေက နာဂစ်မုန်တိုင်းကိုလည်း လုံး၀ စိတ်မပူခဲ့ပေ။ ဒေါ်သန်းသန်းနွယ်ဆိုလျှင် သူငယ်ချင်းတဦးက မင်္ဂလာဆောင် ဖိတ်ကြားသည့်အတွက် နာဂစ်ဖြစ်သည့် မေလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ခင်ပွန်းဖြစ်သူနှင့် သား ၃ ယောက်ကို အိမ်တွင်ထားခဲ့ပြီး ကံဆိပ်ကျေးရွာရှိ မင်္ဂလာဆောင်သို့ပင် သွားရောက်ခဲ့သည်။
မေလ ၂ ရက်နေ့ညတွင်တော့ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းက သူ့မိသားစုဘဝဖြစ်သည့် ခင်ပွန်းဖြစ်သူနှင့် သား ၃ ဦးကို တမလွန်ဘဝသို့ ခေါ်ဆောင်သွားခဲ့ပြီး သူတို့ ပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာများကိုလည်း နာရီပိုင်းအတွင်း ချေမွဖျက်ဆီးပစ်ခဲ့သည်။
“မုန်တိုင်းတိုက်တော့ ကျမက သူငယ်ချင်းတယောက် မင်္ဂလာဆောင်ရှိလို့ ကံဆိပ်ရွာမှာ ရောက်နေတယ်။ လေတိုက်တော့ မင်္ဂလာဆောင်အိမ်ကြီး ပြိုကျသွားတော့ ကျမတို့မှာ ၅ ဂါလံပုံးကြီး ၂ ခု နဲ့ လူ ၃ ယောက်ပေါ့၊ မျောပါသွားတာ။ ကောင်မလေး တယောက်က သေသွားတယ်။ ကျမနဲ့ နောက်တဦးပဲ အသက်ရှင်ခဲ့တယ်” ဟု ဒေါ်သန်းသန်းနွယ်က ပြောပြသည်။
မေလ ၂ ရက်နေ့ မွန်းလွဲပိုင်းက စတင်၍ ၃ ရက်နေ့ နံနက်ခင်းပိုင်းအထိ တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်း လပွတ္တာ၊ ငပုတော၊ ဒေးဒရဲ၊ ဘိုကလေးစသည်တို့အပါအဝင် မြို့နယ် ၁၀ မြို့နယ်၊ ရန်ကုန်တိုင်း မြို့နယ် ၃ မြို့နယ်မှ လူပေါင်း ၈၄,၅၃၇ ဦး သေဆုံးခဲ့ပြီး ၅၃,၈၃၆ ပျောက်ဆုံးခဲ့ကာ ၁၉,၃၅၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ စာရင်းများက ဖော်ပြသည်။ ပျောက်ဆုံးသူများကိုပါ သေဆုံးစာရင်းတွင် ထည့်သွင်းပါက နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁သိန်း ၃ သောင်းကျော် သေဆုံးခဲ့ရသည်။
နာဂစ်ကြောင့် လူနေအိမ် ၈ သိန်းကျော် ပျက်စီးခဲ့ပြီး ကျွဲနွားအကောင်ရေ ၁ သိန်း ၅ သောင်းကျော်နှင့် လယ်ဧက ၇ သောင်း ၂ ထောင်ကျော် ရေငံဖုံးလွှမ်းခြင်း ခံခဲ့ရသည်။ ပျက်စီးဆုံးရှုံးမှုအားလုံး တန်ဖိုးမှာ ၁၁ ဒသမ ၇ ထရီလီယံကျပ် (ကျပ် ၁ ထရီလီယံတွင် ကျပ်သန်းပေါင်း ၁ သန်း) ဖြစ်ပြီး မြန်မာနိုင်ငံတွင် ပျက်စီးဆုံးရှုံးမှု အများဆုံး သဘာဝဘေးအဖြစ် စံချိန်တင်ခဲ့သလို ကမ္ဘာပေါ်တွင်လည်း ပျက်စီးမှုနှင့် အသေအပျောက်အများဆုံး မုန်တိုင်းစာရင်းတွင် နံပါတ် ၈ ချိတ်ခဲ့သည်။
နာဂစ်ကြောင့် ထိခိုက်ပျက်စီးမှု များစွာ ဖြစ်ပေါ်ခဲ့သည့်အတွက် စစ်အစိုးရအနေဖြင့် ၎င်းတို့စိတ်ကြိုက် ရေးဆွဲထားသည့် ၂၀၀၈ အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲ ထိခိုက်မည်စိုးရိမ်သည့်အတွက် ပြည်သူများကို နာဂစ်မုန်တိုင်းကြား ပစ်ထားခဲ့သည်ဟူ၍ အတိုက်အခံနိုင်ငံရေး အင်အားစုများက အပြင်းအထန် ဝေဖန်ခဲ့ကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း နာဂစ်ဖွဲ့စည်းပုံဟူ၍ပင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက သမုတ်ခဲ့ကြသည်။
စစ်အစိုးရအနေဖြင့် မုန်တိုင်းတိုက်ခတ်ပြီးနောက် ပေါ်ပေါက်လာမည့် ရေဘေး၊ လေဘေး ဒုက္ခသည်များကို ကူညီကယ်ဆယ်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားခြင်းလည်း မရှိခဲ့ပေ။ ထို့ထက်ဆိုးသည်က နိုင်ငံတကာမှ လူသားချင်း စာနာထောက်ထားသည့် အကူအညီများကိုလည်း ချက်ခြင်း လက်မခံခဲ့ခြင်း ဖြစ်သည်။
အစိုးရက နိုင်ငံတကာ အကူအညီများ ငြင်းပယ်နေချိန်တွင် လပွတ္တာရှိ နာဂစ်သင့်ပြည်သူ အများစုမှာ သောက်စရာရေမရှိ၊ စားစရာမရှိ၊ ဆေးဝါးမရှိ၊ ကူညီကယ်ဆယ်မည့်သူ မရှိဘဲ ဒုက္ခပင်လယ်ဝေ နေခဲ့သည်။
“နာဂစ်ဖြစ်ပြီးတော့ ဒဏ်ရာတွေရပေမယ့် မသေတဲ့လူတွေ အများကြီးရှိတယ်။ အဲဒီမှာ အစားအစာမရှိ၊ အဆိုးဝါးဆုံးက သောက်စရာ ရေမရှိတာပဲ။ အကူအညီတွေများ လာမလားဆိုပြီး နာဂစ်တိုက်ပြီး ၂ ရက်လောက်ကြာတဲ့အထိ လူတွေက ရွာကနေ မျှော်နေကြတယ်။ ဘာအကူအညီမှ မလာတော့ ဒီတိုင်းထိုင်နေရင် အကုန်သေကုန်လိမ့်မယ်ဆိုပြီး လပွတ္တာမြို့ပေါ်ကို တက်ကြတော့တာ။ ခရီးက ဝေးတော့ လမ်းမှာတင် အားပြတ်ပြီး သေကုန်တဲ့လူတွေ အများကြီးရှိတယ်” ဟု လပွတ္တာမြို့နယ်၊ သင်္ကန်းကြီးကျေးရွာမှ ကျေးရွာသားတဦးက ပြောပြသည်။
မုန်တိုင်းကြားထဲတွင် အသက်ရှင်ခဲ့သည့် ဒေါ်သန်းသန်းနွယ်မှာ ခင်ပွန်းနှင့် သား ၃ ဦးရှိရာ နကုန်းရွာပြန်ရန် အားတင်းခဲ့ပြီး တောထဲရှိ အုန်းသီးများခွဲစားရင်း၊ သောက်စရာရေမရှိ၍ ရေငန်များသောက်ရင်း နေရပ်အရောက် ပြန်လာခဲ့သည်။ ရွာရောက်ချိန်တွင် အသက်မဲ့နေသည့် သူ့ခင်ပွန်းနှင့် သားများအလောင်းက ဆီးကြိုနေသလို နေအိမ်မှာလည်း အစအနပင် မကျန်အောင် မုန်တိုင်းက ဖျက်ဆီးထားခဲ့ပြီ ဖြစ်သည်။
နာဂစ်ကြောင့် ဘဝပျက်ခဲ့သည့် ဒေါ်သန်းသန်းနွယ် တယောက် ဆန်၊ ဆီ၊ အဝတ်အထည်နှင့် အိုးခွက်ပန်းကန် တချို့မှလွဲ၍ ဘဝပြန် လည်ထူထောင်ရေးအတွက် အစိုးရထံမှ ထိရောက်သော အကူအညီများ မရရှိခဲ့ပါ။
လင်သေ၊ သားသေနှင့် ရွာမှာပင် နေစရာမရှိတော့သည့်အတွက် ဒေါ်သန်းသန်းနွယ်သည် လပွတ္တာမြို့နယ် ပိန္နဲတောင်ရွာရှိ ဘဝတူ နာဂစ်ဒုက္ခသည်များနှင့် လာရောက်နေထိုင်ခဲ့သည်။ သို့သော် နာဂစ်က သူ့ဘဝကို ဆက်လက် ဒုက္ခပေးခဲ့ပြန်သည်။ မုန်တိုင်းတိုက်ခတ်စဉ်က ရေထဲမျောပါရင်း မျက်လုံးတွင် ရရှိခဲ့သည့်ဒဏ်ရာက ဆိုးဝါးလာပြီး သူ၏ ဘယ်ဘက်မျက်လုံးတဖက် ကွယ်ခဲ့ရသည်။
“မုန်တိုင်းဖြစ်တုန်း ရေထဲမျောနေတဲ့အချိန် သစ်ကိုင်းတွေနဲ့ ထိုးမိတာပေါ့။ ဆေးကုဖို့လည်း မတတ်နိုင်တော့ ဒီအတိုင်းပဲ ထားရာကနေ အခုတော့ ဘယ်ဘက်တခြမ်းက လုံး၀ မမြင်ရတော့ဘူး။ ညာဘက်ကလည်း ရိုးတိုးရိပ်တိပ်ပဲ မြင်ရတော့တယ်” ဟု ဒေါ်သန်းသန်းနွယ်က သူ့မျက်လုံးကို ညွှန်ပြရင်း ပြောသည်။
နာဂစ်မုန်တိုင်း တိုက်ခတ်သည်မှာ ၇ နှစ်ကြာမြင့်ပြီ ဖြစ်သော်လည်း ဒေါ်သန်းသန်းနွယ်တို့လို မုန်တိုင်းကြားမှ တကိုယ်ရည် ကျန်ရစ်ခဲ့သူများဘဝက ဆိုးဝါးစွာ နိမ့်ကျနေဆဲဖြစ်သည်။
“ပုသိမ်မှာလည်း နာဂစ်ကြောင့် မိသားစုတွေ အားလုံးသေပြီး အလုပ်လည်း မလုပ်နိုင်တော့လို့ တောင်းစားနေရတဲ့ သူတယောက် တွေ့ဖူးတယ်။ နောက်တော့ ကျန်းမာရေးဆိုးဝါးပြီး လမ်းဘေးမှာတင် သေသွားခဲ့တယ်။ ဒီလိုမျိုး နာဂစ်ကြောင့် အလုပ်လည်း မလုပ်နိုင်၊ မိသားစုဆွေမျိုး မရှိတော့သူတွေကို အစိုးရက လူမှုဖူလုံရေး ထောက်ပံ့ကြေးကို နေ့စဉ်ထမင်းဖိုးလောက်ဖြစ်ဖြစ် တွက်ချက်ပြီး ထောက်ပံ့ ပေးသင့်တယ်” ဟု ပုသိမ်မြို့အခြေစိုက် အမျိုးသားဒီမိုကရေစီ ကွန်ရက် (NDN) မှ ဦးသန်းဝင်းက ပြောသည်။
မျက်စိတဖက်လည်း ကွယ်နေပြီး အားကိုးရာလည်း မရှိတော့သည့် လပွတ္တာမြို့မှ အသက် ၅၄ နှစ်အရွယ် ဒေါ်သန်းသန်းနွယ်ကမူ ဘဝတူ နာဂစ်ဒုက္ခသည်များ၏ ကျွေးမွေးစောင့်ရှောက်မှုဖြင့် အသက်ဆက် နေရပြီး သူ့မျက်လုံးကို ကုသပေးမည့်စေတနာရှင်များကို မျှော်လင့်နေလေသည်။