“ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နယ်မြေမှာ ကျင်းပတဲ့ “တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ထိပ်သီးခေါင်းဆောင်များ မျက်နှာစုံညီ အစည်းအဝေး” ကနေ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို အထောက်အကူ ဖြစ်စေဖို့အတွက် ဘယ်လိုရလဒ်ကောင်းတွေ ထွက်လာမလဲလို့ လေ့လာ စောင့်ကြည့်နေကြသူတွေက မျှော်လင့်ကြပါတယ်။
အခုလ ၁ ရက်နေ့ကနေ ၆ ရက်ကြာ ကျင်းပပြုလုပ်မယ့် ပန်ဆန်းညီလာခံမှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့အကြား မတ်လကုန်ပိုင်းက ဆွေးနွေးခဲ့တဲ့ NCA သဘောတူ စာချုပ် (မူကြမ်း) အပေါ်မှာ ပြန်လည် ဆွေးနွေးကြသလို တက်ရောက်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အသီးသီးက တင်ပြလာတဲ့ ငြိမ်းချမ်းရေး အကြံပြုချက်တွေကိုလည်း သုံးသပ်ဆွေးနွေးကြတာ ဖြစ်ပါတယ်။
UWSA က ဦးဆောင်ကျင်းပတဲ့ ဒီညီလာခံမှာ အစိုးရ တပ်မတော်နဲ့ လတ်တလော တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့် အဖွဲ့၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့လည်း ပါဝင်တဲ့ အတွက် စောင့်ကြည့် လေ့လာနေသူတွေ အတွက် စိတ်ဝင်စားမှု ပိုစေပါတယ်။
ဒီညီလာခံမှာ UWSA က ‘ဝ’ ပြည်နယ် ဖြစ်မြောက်ရေး တောင်းဆိုမှု ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် တိုင်းရင်းသား အဖွဲ့တွေကို အားလုံးဖိတ်ခေါ်ခဲ့တာ မဟုတ်ဘဲ ၁၂ ဖွဲ့တည်းကိုတာ သီးသန့် ရွေးချယ် ဖိတ်ခေါ်ခဲ့တာကြောင့် ဒီညီလာခံဟာ UWSA အတွက် အမြတ်ထုတ်မှု ဖြစ်မှာကိုလည်း စိုးရိမ်သူတွေ ရှိနေကြပါတယ်။
ဒါ့အပြင် ဒီ ညီလာခံဟာ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံ မပါဝင်နိုင်တဲ့အတွက် အားလုံး ပါဝင်တဲ့ ထိပ်သီးညီလာခံတခု ထပ်မံ ပြုလုပ်ရဖွယ်ရှိတယ် ဆိုပြီးတော့လည်း သတင်းတွေက ထွက်ပေါ်နေပြန်ပါတယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေ ဘက်ကတော့ အတည်ပြုချက် မပေးသေးပါဘူး။
တလတကြိမ် ထုတ်လွှင့်နေတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ အခုလ ၄ ရက်နေ့ ရေဒီယို မိန့်ခွန်းထဲမှာတော့ အစိုးရ ဘက်ကတော့ NCA သဘောတူစာချုပ် (မူကြမ်း) ကို လက်မှတ်ထိုးဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ လူထုထံ သတင်းစကား ပါးလိုက်တာ တွေ့ရပါတယ်။
“အခုဆိုရင် ဒီသဘောတူ စာချုပ်မူကြမ်းကို NCCT အနေနဲ့ တိုင်းရင်း သားခေါင်းဆောင်များရဲ့ ညီလာခံမှာ တင်ပြပြီး အဆုံးအဖြတ်ခံယူဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ကျနော်တို့ အစိုးရအဖွဲ့အနေနဲ့ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းကို အတည်ပြု လက်မှတ်ရေးထိုးဖို့အတွက် အဆင်သင့် ဖြစ်နေပြီး တိုင်းရင်းသားအဖွဲ့ အစည်းများရဲ့ ညီလာခံကနေ ပေါ်ထွက်လာမယ့် ရလဒ်ကို စောင့်ဆိုင်းနေခြင်း ဖြစ်ကြောင်း မိဘပြည်သူများထံ အသိပေး တင်ပြအပ်ပါတယ်” လို့ သမ္မတ ဦးသိန်းစိန်က ရေဒီယိုမိန့်ခွန်းမှာ ပြောဆိုထားပါတယ်။
ငြိမ်းချမ်းရေးဖြစ်စဉ်တွေရဲ့ သဘောသဘာဝဟာ သိမ်မွေ့နက်နဲပြီး ခရီးရှည်တခုကို ချီတက်ရတာနဲ့ တူတဲ့အတွက် အစိုးရတရပ်ရဲ့ သက်တမ်းကာလအတွင်းမှာ အပြီးသတ်ရရှိဖို့ မလွယ်ကူဘူးဆိုတာ ငြိမ်းချမ်းရေး တည်ဆောက်ခဲ့ရတဲ့ နိုင်ငံတိုင်းမှာ သက်သေသာဓကတွေ ရှိပြီးသားဖြစ်တဲ့အကြောင်း ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရမှာ ဖြစ်တယ်ဆိုတဲ့ အချက်ကို အင်အားစု အားလုံးကလည်း လက်ခံထားတာ ဖြစ်တဲ့အတွက် နိုင်ငံရေးဆွေးနွေးပွဲများ ဆောလျင်နိုင်သမျှ ဆောလျင်စွာ စတင်နိုင်ဖို့အတွက်လည်း ကျနော်တို့ အစိုးရအဖွဲ့အနေနဲ့ ရည်မှန်းချက် ထားကြိုးပမ်းနေတာ ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ထပ်လောင်း အသိပေးပြောဆိုသွားတာ တွေ့ရပါတယ်။
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် ချုပ်ဆိုနိုင်ရေး ဆွေးနွေးမှုတွေ ပြုလုပ်နေချိန် သမ္မတ ဦးသိန်းစိန်က ဒီလိုပြောဆိုလိုက်တယ် ဆိုပေမယ့်လည်း တဖက်က KIA, MNDAA, TNLA နဲ့ AA တို့ လှုပ်ရှားဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဖြစ်စဉ်တွေ အပါအဝင် နှစ်ဘက်ဆွေးနွေးပွဲတွေမှာ အရေးကြီးတဲ့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို နောက်တဆင့်ပို့ပြီး လက်မှတ်အမြန်ထိုးရေး ဘက်ကိုသာ ဦးတည်နေတဲ့ အခြေအနေတွေကြောင့် စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေးမျိုး ဖြစ်ထွန်းလာပါ့မလားဆိုပြီး ပြည်သူလူထုက စိုးရိမ်နေကြတာတွေလည်း ရှိပါတယ်။
ကိုးကန့်ဒေသမှာ MNDAA နဲ့ အစိုးရ တပ်မတော်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က သမ္မတ ဦးသိန်းစိန်ကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပတဲ့ အာရှအာဖရိက ထိပ်သီး ညီလာခံ တက်ရောက်နေချိန် သီးခြားတွေ့ဆုံစဉ်မှာ တိုက်တွန်းခဲ့ကြောင်း ဘီဘီစီမြန်မာပိုင်းက သမ္မတနဲ့အတူပါသွားတဲ့ ဝန်ကြီး ဦးရဲထွဋ်ကို ဆက်သွယ်ပြီး ဖော်ပြထားပါတယ်။
ဒါပေမယ့်လည်း MNDAA အပါအဝင် မကြာခင်ရက်ပိုင်းက ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းမှာ တပ်မတော်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ရက္ခိုင့် တပ်မတော် (AA) တို့ဟာ အစိုးရကဆောင်ရွက်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်စေဖို့ နောက်မှ ပေါ်ပေါက်လာတဲ့ အဖွဲ့တွေလို့ အစိုးရဘက်က ယူဆထားပြီးအရင် ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ ၁၆ ဖွဲ့နဲ့ ဆက်စပ်ပြီး စဉ်းစားလို့မရနိုင်ဘူးလို့ ဦးရဲထွဋ်က ထပ်လောင်း ပြောဆိုထားပါသေးတယ်။
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ အများစုကလည်း တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးရာမှာ MNDAA နဲ့ AA တို့ကိုပါ ပါဝင်စေလိုကြောင်း သူတို့ သဘောထားတွေကို သတင်းမီဒီယာတွေ ကတဆင့် ထုတ်ဖော် ပြောဆိုနေကြတာ တွေ့ရပါတယ်။
အစိုးရဘက်က သဘောထားကတော့ အရင်ဆွေးနွေးထားတဲ့ ၁၆ ဖွဲ့ကိုပဲ ငြိမ်းချမ်းရေး ဆောင်ရွက်ရာမှာ မပါမဖြစ် ပါရမယ့် အဖွဲ့တွေလို့ သက်မှတ်ပြီး အသိအမှတ်ပြု ဆွေးနွေးသွားဖို့ ဆုံးဖြတ်ထားကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) ရဲ့ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ညှိနှိုင်းဆွေးနွေး အကောင်အထည်ဖော်မှု ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက ရှင်းပြပါတယ်။
“အစိုးရကတော့ ၁၆ ဖွဲ့နဲ့ ပိတ်မယ်။ အခု AA အပါအဝင် လက်နက်ကိုင် အဖွဲ့တွေလို့ ကိုယ့်ကိုယ်ကို သတ်မှတ်ပြီး အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေးလုပ်မယ်ဆိုတဲ့ နောက်ထပ် ၅ ဖွဲ့၊ ၆ ဖွဲ့လောက်ရှိသေးတယ်။ အစိုးရ စဉ်းစားတာက လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲတယ်ဆိုရင် နေရာပေးတဲ့ကိစ္စတွေ ဖြစ်လာမယ်။ နေရာသက်မှတ်ပြီးရင် တချို့အဖွဲ့တွေက လူစုတာတို့ လက်နက်စုတာတို့ ရှိတယ်။ အဲဒီအပေါ်မှာလည်း စိုးရိမ်တာတွေရှိတယ်၊ နောက်တခုက မူးယစ်ဆေးဝါး ပြဿနာပါ” လို့ ဆိုပါတယ်။
MNDAA နဲ့ AA တို့လို အဖွဲ့တွေကို အပစ်အခတ်ရပ်စဲရေး အဆင့်မှာ ထည့်သွင်း မထားပေမယ့် နိုင်ငံရေးအဆင့် ဆွေးနွေးပွဲမှာ ပါဝင်နိုင်ဖို့တော့ စဉ်းစားထားတယ်လို့ ဆိုပါတယ်။
တပ်မတော်နဲ့ တိုက်ပွဲတွေ ရက်ဆက်ဖြစ်နေတဲ့ MNDAA ခေါင်းဆောင် ဦးဖုန်ကြားရှင် အပါအဝင် ညီဖြစ်သူကို အစိုးရက နိုင်ငံရေးအရ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ရေးရည်ရွယ်ပြီး ၂၀၁၂ ခုနှစ်က လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ပေမယ့် ဦးဖုန်ကြားရှင်က လက်နက်ကိုင် ဖြေရှင်းတဲ့နည်းလမ်းကို ရွေးချယ်ခဲ့တဲ့အတွက် ဒါကို အစိုးရဘက်က လက်မခံသင့်ဘူးလို့ စဉ်းစားကြတယ်လို့ ဒေါက်တာ မင်းဇော်ဦးက ဆိုပါတယ်။
“တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့” ကတော့ MNDAA အဖွဲ့ဟာ နိုင်ငံတော်က မတရားအသင်းအဖြစ် သတ်မှတ်ကြေညာ ထားတဲ့အတွက် MNDAA ရဲ့ ထုတ်ပြန်ချက်တွေကို ရုပ်သံထုတ်လွှင့်ခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်းတွေ လုံးဝ မပြုလုပ်ဖို့နဲ့ ထုတ်လွှင့်ရင် တည်ဆဲဥပဒေတွေနဲ့ အရေးယူမှာဖြစ်တယ်ဆိုပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ထံကို အခုလ ၃ ရက်နေ့နေ့စွဲနဲ့ ပေးပို့ထားတာ တွေ့ရပါတယ်။
“တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့” ရဲ့ ပေးပို့စာအရ သတင်းမီဒီယာတွေကို ခြိမ်းခြောက်တဲ့ အနေအထားကို သက်ရောက်နေသလို နှစ်ဘက်တိုက်ပွဲတွေအကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ဖော်ပြနိုင်ဖို့အတွက် ဆိုးရွားတဲ့ အဟန့်အတား ဖြစ်စေပါတယ်။
တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ပဋိပက္ခတွေအကြားမှာ ပြည်သူလူထုက မြေစာပင်ဖြစ်နေပြီး တိုက်ပွဲ ဖြစ်ပွားမှုတွေ မြင့်တက်လာတာနဲ့အမျှ ဒုက္ခသည်တွေ အရေအတွက်ဟာလည်း မြင့်တက်နေတဲ့အတွက် တိုက်ပွဲတွေနဲ့ ဖြေရှင်းမယ့်အစား စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးတာကို ပိုပြီးတော့ သင့်တော်တယ်လို့ မြင်မိကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောဆိုပါတယ်။
“ကျနော်ကတော့ ဆွေးနွေးတာ အကောင်းဆုံးပဲလို့ ထင်တယ်။ ဆွေးနွေးတဲ့ အခါကျတော့ တိုက်ပွဲတွေ ဆက်မဖြစ်တော့ဘူးပေါ့ဗျာ” လို့ ဦးစိုင်းညွန့်လွင်က ဆိုပါတယ်။
အစိုးရက သက်မှတ်ထားတဲ့ ၁၆ ဖွဲ့တည်းနဲ့သာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမယ်ဆိုရင် ကျန်အဖွဲ့တချို့နဲ့ တိုက်ပွဲဖြစ်ပွားမှုတွေက ကျန်ရှိနေဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် NCA လက်မှတ်ထိုးပြီးသွားရင်တောင် ထိုးကြတဲ့ အဖွဲ့တွေအထဲမှာ သဘောထား အမြင်ကွဲတဲ့ အုပ်ချုပ်သူ တချို့ရှိနေရင် ပစ်ခတ်မှု အနည်းငယ် ကျန်ရှိနေနိုင်တယ်လို့ ဒေါက်တာ မင်းဇော်ဦးက ရှင်းပြပါတယ်။
“တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ရခြင်းရဲ့ နံပတ် ၁ ရည်ရွယ်ချက်က ဒီလို ပစ်ခတ်ရပ်စဲရေးကို ငြိမ်အောင်ထိန်းဖို့၊ နံပတ် ၂ က နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ဖို့၊ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်တယ်။ အောက်မှာ တိုက်ပွဲတွေက ဆက်ဖြစ်နေတယ်။ ဒီဟာတွေကို ထိန်းကျောင်းနိုင်တဲ့ ဘာယန္တယားမှလည်း မရှိဘူးဆိုရင် နိုင်ငံရေး ဆွေးနွေးပွဲတွေ အောင်မြင်ဖို့ အများကြီး အခက်အခဲရှိတယ်။ ဒါကြောင့် အဲဒီရည်ရွယ်ချက် ၂ ခုနဲ့ NCA ဆိုတာ ဖြစ်လာတာ” လို့ ဆိုပါတယ်။
လက်ရှိ အနေအထားအရတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ချုပ်ဆိုနိုင်ဖို့ အချိန်ကာလ သက်မှတ်နိုင်တဲ့ အနေအထားကို မရောက်ရှိသေးပါဘူး။ NCA စာချုပ်ကို လက်မှတ်ထိုးဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တဖွဲ့ချင်းစီမှာပဲ သဘောထားအမြင် ကွဲပြားမှုတွေရှိနေပြီး အစိုးရနဲ့ တွေးဆုံဆွေးနွေးရာမှာလည်း ခက်ခက်ခဲခဲ ညှိနှိုင်းရမယ့် အချက်တွေလည်း ရှိနေတယ်လို့ ဆိုကြပါတယ်။
နီးတော့မလိုနဲ့ ဝေးဝေးလာတဲ့ ပြည်တွင်းငြိမ်းချမ်းရေး အခြေအနေတွေဟာ တိုက်ရင်းဆွေးနွေး၊ ဆွေးနွေးရင်းတိုက်နဲ့ မီးစတဘက်၊ ရေမှုတ်တဘက် ဖြစ်နေဖွယ်ရှိတာကြောင့် ပြည်သူလူထု လိုချင်တောင့်တနေတဲ့ သေနက်သံ တချက်မှ မပေါက်တော့တဲ့ ထာဝရငြိမ်းချမ်းရေးဟာ အလှမ်းဝေးနေဦးမှာပါ။