ရခိုင်ပြည်နယ်တွင် တရားမဝင်လက်နက်ကိုင် အဖွဲ့နှင့် ဆက်သွယ်သည်ဟုဆိုကာ လူအများ အပြား ဖမ်းဆီးစစ်ဆေးလျက်ရှိရာ ယနေ့အထိ အဖမ်းခံရသူ ၂၀ ဦးထိရှိလာပြီဖြစ်ကြောင်း ကျောက်တော်မြို့နယ် ရဲစခန်းမှ သိရသည်။
အဖမ်းခံရသူများသည် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့် ထားပြီး စစ်ဆေးမှုများပြုလုပ်ပြီးပါက ၁၅ ရက်အတွင်း ခရိုင် တရားရုံးတွင် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ကျောက်တော် မြို့နယ်မှူး ရဲမှူး ခင်မောင် က ပြောသည်။
“ဒေသခံတွေ မဟုတ်ဘူးဗျ၊ သောင်းကျန်သူနဲ့ အမာခံအဖွဲ့တွေ”ဟု ရဲမှူး ခင်မောင်က ပြောဆိုသည်။
ကျောက်တော်မြို့နယ်အတွင်း အစိုးရ တပ်မတော်နှင့် ရက္ခိုင့် တပ်မတော်(AA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာတွင် သက်ဆိုင် ရာ မှ ဒေသခံများကို AA နှင့် ဆက်နွယ်သည်ဟုဆိုပြီး ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
AA နှင့် အစိုးရ တပ်မတော် တို့သည် မတ်လကုန်ပိုင်းမှ စတင်၍ ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား၊ စစ်တွေ စသည့် ဒေသများ၌ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲများကြောင့် ဒေသခံ ရာချီ၍ စစ်ဘေးရှောင်ကြရကြောင်း ထိုဒေသခံများကို အကူအညီ ပေးနေသူများက ဧရာဝတီကို ပြောဆိုထားသည်။
သက်ဆိုင်ရာ၏ ဖမ်းဆီးစစ်ဆေးခြင်း ခံရသူများအနေဖြင့် ရိုက်နှက်စစ်ဆေးမှုများ ခံခဲ့ရကြောင်း ပြန်လည် လွတ်မြောက်လာသူများက ထုတ်ဖော်ပြောကြားခဲ့ကြပြီး ယင်းလုပ်ရပ်သည် လက်ခံနိုင်စရာမရှိကြောင်းလည်း ဒေသခံများကို ကူညီထောက်ပံ့နေသူများက ပြောသည်။
“သံသယနဲ့ဖမ်းတာ ဆိုပေမယ့် မနှိပ်စက်ဖို့ လိုပါတယ်။ အခုဆို ဒေသခံတွေ တော်တော်ကြောက်နေကြတယ်”ဟု ဒေသခံများကို ကူညီ ဆောင်ရွက်ပေးနေသူ ရခိုင်အမျိုးသား ပါတီ ဒု ဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက ပြောဆိုသည်။
သက်ဆိုင်ရာမှ ၁၇(၁)ဖြင့် ဖမ်းဆီးထားသူများကို တရားစွဲဆိုရာတွင် ဖမ်းဆီးခံထားရသူများ၏ ခုခံပိုင်ခွင့်အတွက် ဥပဒေပိုင်း အရ ကူညီပေးသွားရန် ပြင်ဆင်ထားကြောင်းလည်း ဦးခိုင်ပြည်စိုးက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ အတွင်းက အစိုးရ တပ်မတော်က ဖမ်းဆီးထားသော လူ ၆၃ ဦးကို စစ်ဆေးရာမှ AA နှင့် ဆက်နွယ်သူများ၏ ဓာတ်ပုံ အချက်အလက်များ ရရှိသောကြောင့် ယခုကဲ့သို့ လိုက်လံ ဖမ်းဆီး၍ အမှုဖွင့်ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဒု ရဲမှူးကြီး ဘိုဘိုဦးက RFA သတင်းဌာနကို ပြောဆိုထားသည်။