ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲဖြစ်ပွားသည့် နေရာသို့ ကွင်းဆင်း စစ်ဆေးလေ့လာရန်ကိစ္စ ပျက်ပြယ်သွားကြောင်း ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့က ဧရာဝတီသို့ပြောသည်။
တိုက်ပွဲဖြစ်ပွားသည့် ဒေသကို ကွင်းဆင်းစစ်ဆေးမည့် အကြောင်း ဧပြီလ ၂၇ ရက်နေ့က မြစ်ကြီးနားမြို့တွင် နှစ်ဘက် ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့ တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့သော်လည်း အစိုးရဘက်က မအားလပ်ဟု ယမန်နေ့က အကြောင်း ပြန်လာသဖြင့် ကွင်းဆင်းစစ်ဆေးရန် မဖြစ်နိုင်တော့ကြောင်း၊ နောက်မှ ထပ်မံ စစ်ဆေးမည် ဟူ၍ အစိုးရဘက်က ပြောလာကြောင်း ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့မှ ဦးလမိုင်ဂွန်ဂျာက ဧရာဝတီသို့ ပြောသည်။
“ဘာကြောင့် ပျက်ပြယ်သွားလဲဆိုတာကတော့ ကျနော်တို့လည်းမသိဘူး။ အစိုးရဘက်က သူတို့မအားသေးဘူး၊ နောက်တခေါက်မှပဲ သွားကြည့်မယ်ဆိုပြီး အကြောင်းပြန်လာတာပဲ။ နောက်တခါ ဆိုတာကတော့ နောက်ထပ် ဒီလို အရေးပေါ်ဖြစ်လာမှ သွားကြည့်မယ် ဆိုတဲ့သဘောမျိုးပါပဲ။ KIA ကလည်း သူတို့ ဌာနချုပ်ကို သူတို့ပြန်သွားပြီ” ဟု ဦးလမိုင်ဂွန်ဂျာက ဆိုသည်။
အဆိုပါ ပဋိပက္ခ ညှိနှိုင်းရေး တွေ့ဆုံပွဲသို့ KIA ဘက်မှ ဗိုလ်မှူးကြီး ဇော်တောင် ခေါင်းဆောင်သည့် ကိုယ်စားလှယ် ၅ ဦးနှင့် အစိုးရဘက်မှ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်မည် ဖြစ်ကြောင်းလည်း ၎င်းက ပြောပြသည်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း အစိုးရ တပ်မတော်နှင့် KIA တို့ ဧပြီ ၁၇ ရက်နေ့မှ စတင်၍ ဧပြီ ၂၄ ရက် အထိ တိုက်ပွဲများ ဆက်တိုက် ပြန်လည် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြောင့် တနိုင်းမြို့နယ် ကောင်းရာ ကျေးရွာရှိ ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း တနိုင်းဒေသခံများက ဧရာဝတီသို့ ပြောသည်။
ထိုကိစ္စနှင့်ပတ်သတ်ပြီး အစိုးရဘက်မှ ငြိမ်းချမ်းရေး အကျိုးဆောင် ဒေါက်တာ မင်းဇော်ဦးက “တပ်ဘက်က စစ်ဌာနချုပ်က လူတွေမအားလို့ အောက်မှာ တာဝန်ကျတဲ့သူတွေ လိုက်ကြည့်မယ်လို့ ပြောပါတယ်။ ပျက်တယ်လို့ ကျနော်မကြားသေးဘူး။ တပ်က မလိုက်ဘူးဆိုတာ မဟုတ်ပါဘူး။ တပ်ဘက်က လိုက်မယ်၊ စစ်ဌာနချုပ်က သူ မအားဘူး၊ မလိုက်နိုင်ဘူး။ နယ်မြေခံဌာနမှူးက လိုက်မယ်လို့ပြောပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကချင်ပြည်နယ် ပဋိပက္ခညှိနှိုင်းရေးအဖွဲ့သည် ၂၀၁၄ နိုဝင်ဘာတွင် KIA ဗိုလ်သင်တန်းကျောင်း အပစ်ခံရပြီးသည့်နောက် ဆွေးနွေးပွဲများ ရပ်ဆိုင်းခဲ့ကြောင်း၊ ယခုနှစ် ဧပြီ လဆန်းပိုင်းတွင် တကြိမ် ပြန်လည်တွေ့ဆုံခဲ့ပြီး ဖားကန့် တိုက်ပွဲကြောင့် ဧပြီ ၂၇ ရက်တွင် အရေးပေါ်ပြန်လည်တွေ့ဆုံခဲ့ကာ တိုက်ပွဲဖြစ်ပွားသည့်နေရာကို ကွင်းဆင်း စစ်ဆေးရန် သဘောတူညီ ခဲ့ကြောင်း သိရသည်။
အစိုးရ တပ်မတော်က KIA ကို မတ်လ ၂၁ ရက်မှ စတင်ပြီး တိုက်လေယာဉ်များ အသုံးပြု တိုက်ခိုက်ခဲ့သည့်အပြင် ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် အတွင်းရှိ KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်းကိုပါ တိုက်ခိုက်ခဲ့သည်။
ပြီးခဲ့သည့် မတ် ၁၇ ရက်မှ ၂၂ နေ့ အထိ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟို ဌာန (MPC) တွင် ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့က အပစ် အခတ် ရပ်စဲရေး ဆွေးနွေးပွဲတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အကြား ပဋိပက္ခ လျှော့ချရေးကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။