“ဝ”တို့၏ ဒဏ္ဍာရီအရ ၎င်းတို့၏ မူလပေါက်ဖွားရာနေရာမှာ “နောင်ချို”ရေကန်ဖြစ်သည်။ သစ်တောကြီးများ ၏ အလယ်တွင် မိုးတိမ်များဖြင့် အုံ့ဆိုင်းနေသော မည်သည့် သက်ရှိသတ္တဝါမှ မနေရဲသာ ဤရေကန်ကြီး သည် နက်ရှိုင်း၍ အလွန်အေးမြသောကြောင့် ငါးများပင် အသက်ရှင်၍ မနေနိုင်၊ ရေကန်၏ လေးဘက် ထောင့်စွန်း ထောင့်တခုစီမှ ကျောက်ဆောင်ကြီး ၄ ခုသည် ကျောက်တောင်များ အဖြစ် တိုးထွက်လာပြီး၊ ယင်း “နောင်ချို” ကန်၏ ရေမှ ကမ္ဘာ့မြစ်ကြီးများကို ဖြစ်ပေါ်စေသည် ဟု ဆိုသည်။
“ဝ” လူမျိုးတို့သည် နောင်ချို ကန်၏ ရေမှ ပေါက်ဖွားလာကြခြင်း ဖြစ်ပြီး မနုဿလူသားများ ဖြစ်လာသော အခါ အလွန်ကြီးမား၍ မဲမှောင်သော “ပတ်ကတေ့” လှိုင်ဂူကြီး အတွင်း၌ နေထိုင်ကြသည်။ ထိုမှ မုဆိုးပညာ၊ လူခေါင်းဖြတ်သည့် လျှို့ဝှက်ချက်များကို သိလာပြီး လူဦးရေမှာလည်း များစွာတိုးပွားလာသည်ဟု ဆိုပါသည်။
“ဝ” လူမျိုးတို့ကို ၀ (Wa)၊ ဝု (Vu) ဟုလည်းခေါ်ပြီး ရှမ်းတို့က ဝ၊ လ၊ ကွန်းလွယ်၊ လွယ်လ၊ တိုင်းလွယ်ဟူ၍ အမျိုးမျိုး ခေါ်သည်။ မြန်မာတို့က “လဝ” ဟုခေါ်သည်။ မြန်မာနိုင်ငံ၌ အစောဆုံးတွေ့ရသော “ဝ” တို့၏ အထောက် အထားမှာ ပုဂံခေတ် ကျောက်စာ ဖြစ်ပြီး သက္ကရာဇ် ၁၁၉၀ ခုထိုး ကျောက်စာ၌ “လဝ” ကျွန်ဟု တွေ့ရပြီး တဖန် သက္ကရာဇ် ၁၁၉၈ ထိုး ကျောက်စာ၌ ကျောက်ဆည်နယ် “လဝ” ရွာဟု ရေးထိုးထားပါသည်။
“ဝ” တို့၏ မူရင်းဒေသနှင့် ပတ်သက်၍ ခိုင်မာသော အထောက်အထား မတွေ့နိုင်သေး သော်လည်း ခရစ်နှစ် ၆၆၁ တွင် မွန်တို့ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ဟာရိပုဉ္ဖ (Haripunjaya) ပြည်ထောင်ကို ထူထောင် လိုက်သော အခါ ထိုဒေသ၌ ၎င်းတို့၏ အနွယ်ဝင်ဖြစ်သော “ဝ” တို့ နေထိုင်လျက် ရှိသည်ကို တွေ့ရသည် ဟု ဆို၏။ “ဝ” လူမျိုးတို့သည် မွန်ခမာအုပ်စု အနွယ်ဝင်များ ဖြစ်သည်။
အင်္ဂလိပ်နှင့် မြန်မာ့သမိုင်း အထောက်အထားများ၌ ခရစ်နှစ် ၁၇၄၇-၆၀ တွင်း မြန်မာမင်းကို ပုန်ကန်ခဲ့သော “မူးဆိုး” နှင့် “ဝ” တို့၏ ရွာသည် မန္တလေးခရိုင် အတွင်း၌ ရှိသည် ဟု ဆို၏။
“ဝ” ကို “လ” ဟူ၍လည်း ခေါ်၍ မြန်မာတို့က “လဝ” ဟုခေါ်ပြီး တရုတ်တို့က “ခဝ” ဟုခေါ်သည်။ “ကွေ့” အမည်နှင့် ပတ်သက်လျှင် တရုတ်တို့က ၁၈ ရာစု၌ “ခွန်လီရန်” ၏ ခေါင်းဆောင်မှုအောက်၌ မြန်မာမင်းကို တော်လှန်သော အခါ “ကွေ့” အုပ်စုသည် ယူနန်၊ မိုင်းလင်းနယ်သို့ တိမ်းရှောင် လာခဲ့ကြသည်။ “မူးဆိုး” တို့ကို “ကွီ” ဟု ခေါ်ပြီး “ခွန်လီ” ဆိုသည်မှာ “မူးဆိုး” တို့ကို အုပ်ချုပ်သော သူ၏ဘွဲ့ ဖြစ်သည်။
မိုင်းလင်းနယ်သည် “မူးဆိုး” လူမျိုးတို့ နေထိုင်ရာ တောင်တန်းဒေသ အတွင်း၌ ရှိပြီး ထိုအရပ်၌ ရှိကြကုန်သော “မူးဆိုး” တို့က ၎င်းတို့သည် မြန်မာမင်းများ လက်အောက်၌ နှစ်ပေါင်း ၁၀၀၀ ခန့် နေထိုင်ခဲ့ရသည် ဟု ဆိုသည်။
အင်္ဂလိပ် မှတ်တမ်းများ အရ မြန်မာနိုင်ငံ အင်္ဂလိပ်အစိုးရခေတ် တိုင်အောင် `ဝ´ နှင့် `မူးဆိုး´ တို့သည် တခါတရံ ပူးပေါင်းဆောင်ရွက်ကြသည်ကို တွေ့ရ၏၊ ၎င်း လူမျိုးတို့သည် အသွင်အပြင်အားဖြင့်လည်း တူညီကြသည် ဟု ဆာစကော့က ဆိုပါသည်။
မြန်မာမင်းများ လက်ထက် အထူးသဖြင့် ကုန်းဘောင်ခေတ် (၁၇၅၂-၁၈၈၅) ၌ မြန်မာမင်းတို့၏ သြဇာသည် ယူနန်နယ်ရှိ ရှမ်းနယ်များ အပေါ်၌ လွှမ်းမိုးနိုင်ခဲ့သော်လည်း ယူနန်နှင့် မြန်မာနိုင်ငံနယ်စပ်၊ မြန်မာနိုင်ငံ အတွင်း နေထိုင်ကြသော “ဝ” တို့မှာ သီးသန့် နေထိုင် ကြသော လူမျိုးများ ဖြစ်သည်။
ဂန္ထဝင်အမည်၊ ကောသမ္ဘီ ဟု ခေါ်သော ရှေးသိန္နီနယ်သည် မြန်မာနိုင်ငံအတွင်းရှိ ရှမ်းနယ်များ၌ အကြီးဆုံး နှင့် အင်အား အရှိဆုံးနယ် ဖြစ်ခဲ့ပြီး မြန်မာ့သမိုင်း၌ “သိန္နီ ၄၉ လုံးမိုင်း” ဟု ဖော်ပြလေ့ရှိသည်။ သိန္နီနယ်ကြီး ၏ နယ်နမိတ်သည် “ဝ” နယ်၊ စုံမူး (ပန်ခွန် ဟုလည်း ခေါ်သည်) နယ်နှင့် စပ်ဆက်လျက် ရှိပြီး ယူနန်နှင့် နယ်နမိတ် မရှိ။ အဘယ်ကြောင့် ဆိုသော် “ဝ” နယ်သည် ကြားခံနယ်မြေ ဖြစ်၍ မြန်မာမင်းများ လက်ထက် မြန်မာ နယ်နမိတ်သည် မဲခေါင်မြစ် ဖြစ်သည်။
“ဝ”နယ် တနယ်လုံး၌ သိန္နီစော်ဘွား လက်အောက်ခံ “ဝ” နယ်၏ ဧရိယာမှာ ၂၅ မိုင်ခန့်သာ ရှိပြီး ၁၈၉၇ တွင် တရုတ်နှင့် အင်္ဂလိပ်တို့၏ စာချုပ်အရ တရုတ်က လွှဲပြောင်း ပေးရသော နယ်သာ ဖြစ်သည်။
အင်္ဂလိပ် စစ်အရာရှိ၊ ဗိုလ်မက်လော့ဒ်နှင့် ရစ်ချတ်ဆန်တို့ ယူနန်နယ် မိုးမိန်းမှ ကျိုင်းဟုံသို့ နယ်မြေ စူးစမ်းရေး ခရီးကို ၁၈၃၇ တွင် စတင်ခဲ့ရာ မိုင်းလင်းနယ်၏ အနောက်မြောက်ဘက် တောင်တန်းများတွင် လူဦးရေ ၈၀၀၀၀ ခန့်ရှိ “ဝ” လူမျိုးတို့သည် ရွာတရွာလျှင် အိမ်ခြေ ၄၀၀ မှ ၅၀၀ အထိ ရှိသော ရွာကြီးများ၌ နေထိုင်လျက်ရှိသည် ဟု သိခဲ့ရသည်။
၎င်းတို့သည် မိမိရွာအတွင်းသို့ အပြင်လူစိမ်းများကို ဝင်ခွင့်မပြု၊ လူခေါင်းဖြတ်သည့် ဓလေ့ရှိပြီး အထူးသဖြင့် နှစ်စဉ် ဖေဖော်ဝါရီလ၌ သီးနှံစိုက်ပျိုးချိန် သီးနှံအထွက်တိုးဖို့ လူခေါင်းဖြတ်၍ ယဇ်နတ် ပူဇော်လေ့ရှိသည်၊ “ဝ” နယ် အတွင်းပိုင်း ဒေသများသို့ ခရီးသွားရန် အလွန် စိုးရိမ်ရသော အချိန် ဖြစ်သည်။ ၎င်းတို့၏ နယ်မြေအတွင်းသို့ ဝင်ရောက်လာကြသော သူများအား ချုံခိုတိုက်ခိုက်ပြီး ခေါင်းဖြတ်ယူသည်။
လူခေါင်းများကို လူမျိုးအလိုက် တန်ဖိုးကွာခြားသည်ဟုဆို၏။ အဝေးဆုံးအရပ်မှ လာသောသူ၊ ဥပမာ နိုင်ငံခြားသားများ၏ ခေါင်းသည် တန်ဖိုးအကြီးဆုံး ဖြစ်သည်။ ဦးခေါင်းကို ရွာ၏ နတ်စင်တိုင်၌ ယဇ်နတ် ပူဇော်၍ စိုက်ထားပြီး ရွာ၏ ကာကွယ်ရေး၊ လုံခြုံရေး ကိစ္စရပ်များကို တာဝန်ယူစေသည်။ ရပ်ဝေးမှ လာသော သူ၏ ဦးခေါင်းသည် မိမိအရပ်သို့ မပြန်နိုင်သောကြောင့် ရွာကို စောင့်ရှောက်ရန် ပို၍ စိတ်ချရသည် ဟုလည်း ဆို၏။
သို့သော် ယူနန်နယ်၊ မိုင်းမ နယ်စပ်တွင် နေထိုင်ကြသော ပိုမိုတိုးတက်သည့် “ဝ” တို့သည် ပွင့်လင်းရာသီ၌ ကုန်ဖလှယ်သည့် စံနစ်ကို ကျင့်သုံးပြီး ရွှေဖြင့် ကွမ်းသီး၊ ဆား၊ ငွေနှင့် ကျွဲနွားများကို လဲလှယ်ကြသည်။
“ဝ” နယ်၌ စိုက်ပျိုးသီးနှံထွက်ကုန်မှာ ဝါဂွမ်း၊ စပါး၊ ပြောင်း စသည်တို့ ဖြစ်သော်လည်း အဓိက စိုက်ပျိုးသည့် သီးနှံမှာ ဘိန်းဖြစ်ပြီး၊ ပန်ဆန်းနယ်၏ အနောက်မြောက်အရပ်တွင် ဘိန်းသည် တခုတည်းသော ထုတ်ကုန်နှင့် ဘိန်း အမြောက်အမြား ထုတ်လုပ်ရာ ဒေသလည်း ဖြစ်သည်။
တရုတ်-မြန်မာ နယ်စပ်ဒေသတွင် သာမက “ဝ” တို့သည် အရှေ့မြောက်ပိုင်း၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည် ကျိုင်းတုံနယ်သည်လည်း “ဝ” တို့၏ ဒေသဖြစ်ခဲ့သည်။ အရှေ့မြောက်ပိုင်း ထိုင်းနိုင်ငံ၊ လန်းပွန်း၊ လန်းပန်း နယ်များကို “ဝ”တို့ထံမှ မွန်တို့က သိမ်းပိုက်လိုက်သည်။
မွန်တို့ထံမှ တဖန် ယွန်းရှမ်းတို့က သိမ်းယူလိုက်ပြီး အရှေ့မြောက်ပိုင်း ထိုင်းနိုင်ငံကို “ယောနက”သို့မဟုတ် “လန်းန” တိုင်းဟု သမုတ်၍ အုပ်စိုးခဲ့သည်။
ယွန်းရှမ်းတို့သည် လော၊ မြန်မာ၊ ထိုင်းနိုင်ငံတို့ ဆုံရာ နယ်စပ်၌ နေထိုင်သူများဖြစ်၍ ၎င်းတို့၏ သမိုင်းဝင် ပထမဆုံး အုပ်ချုပ်သူမှာ ဖရားမန်းဂရိုင်း ဖြစ်ပြီး၊ ၎င်းသည် ယူနန်နယ်တွင်းရှိ ကျိုင်းရုံးကြီးနယ် အုပ်ချုပ်သူများ၏ အနွယ်တော် ဖြစ်သည်။ ဖရားမန်းဂရိုင်းသည် ခရစ်နှစ် ၁၂၆၃ ၌၊ ကျိုင်းရဲမြို့ကို ထူထောင်ခဲ့၍ ကျိုင်းရဲသည် ဖရားမန်းဂရိုင်း၏ မြို့ ဟု အမည်တွင်ခဲ့သည်။
ခရစ်နှစ် ၁၂၈၁ သို့မဟုတ် ၁၂၉၂ တွင် မွန်တို့၏ လက်ထဲမှ လန်းပွန်းမြို့ကို သိမ်းပိုက်လိုက်ပြီး ခရစ်နှစ် ၁၂၉၆ တွင် ဇင်းမယ်မြို့ကို ထူထောင်ခဲ့သည်။
ခရစ်နှစ် ၁၃၂၇ တွင် ၎င်း၏ အနွယ်တော်တဦးက ကျိုင်းဆင်မြို့ကို ထူထောင်ပြီး ခရစ်နှစ် ၁၃၅၀ ခန့်တွင် ထိုင်းနိုင်ငံအရှေ့ မြောက်ပိုင်း ဒေသတခုလုံးသည် ယွန်းရှမ်းတို့၏ အုပ်ချုပ်မှုအောက်သို့ ရောက်ရှိခဲ့သည်။
နှစ်များ မကြာမီ “နန်း” နှင့် “ဖရဲ” နယ်များသည်လည်း “လန်းန” နိုင်ငံတော်၏ အစိတ်အပိုင်းဖြစ်လာခဲ့သည်။ ယွန်းရှမ်းတို့သည် မွန်တို့၏ လန်းပွန်း၊ လန်းပန် ဒေသများကို သိမ်းပြီးနောက် နှစ်အနည်းငယ်အတွင်း မွန်တို့၏ အုပ်ချုပ်ရေးသြဇာပြန့်နှံ့သော ဧရိယာထက်များစွာ ကျယ်ဝန်းသော ယွန်းရှမ်းတို့၏ “လန်းန” နိုင်ငံတော်ကြီးကို ထူထောင်နိုင်ခဲ့ကြသည်။
ဖရားမန်းဂရိုင်းသည် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းသာမက၊ မြန်မာနိုင်ငံအရှေ့ပိုင်း ကျိုင်းတုံနယ်ကိုလည်း “ဝ” တို့ လက်ထဲမှ ခရစ်နှစ် ၁၂၆၂ တွင် သိမ်းပိုက်လိုက်ပြီး “ဝ” ညီနောင် နှစ်ဦး ဖြစ်သော “မန်ခွန်” နှင့် “မန်ခိန်” တို့ကို အုပ်ချုပ်သူ အဖြစ် ခန့်ထားခဲ့သည်။ တရုတ်မြန်မာနယ်ခြားဒေသရှိ “ဝ”နယ်ကို တရုတ်တို့က “ဟုလူ (Hulu)” ဟုသာ သိ၍ စိတ်မဝင်စား။ ၁၈၈၅ ခုအထိ “ဝ” နယ်ထဲသို့ ဝင်ရောက်ရန် မကြိုးစားခဲ့ပေ။
တရုတ်မြန်မာ နယ်ခြားဒေသ သတ်မှတ်ခြင်း မရှိသေး၍ “ဝ” နယ်သည် အုပ်ချုပ်ရေး မရှိသော ဒေသ၊ မည်သူမှ ပိုင်ဆိုင်ခြင်း မရှိသည့်ဒေသ ဖြစ်ခဲ့ ရသည်။ ၁၈၈၅ တွင် အင်္ဂလိပ်တို့ အထက် မြန်မာနိုင်ငံနှင့် ရှမ်းနယ်များကို သိမ်းပြီးနောက် “ဝ”နယ်ကို ချွင်းချန် ထားခဲ့ခြင်းမှာ စီးပွားရေးအရ အကျိုးမရှိခြင်း၊ အုပ်ချုပ်ရေး အတွက် စားရိတ် အကုန်အကျ များမည်ဖြစ်ခြင်းနှင့် တရုတ်တို့နှင့်နယ်နိမိတ်ခြင်း ဆက်စပ်လာမည်ကို ရှောင်ရှားလိုခြင်းကြောင့်ဖြစ်သည်။
၁၈၉၀ မှသာ အင်္ဂလိပ်တို့ “ဝ” နယ်လေ့လာရေး ခရီးကို စတင် ဆောင်ရွက်ခဲ့သည်။ ရည်ရွယ်ချက်မှာ ဝနယ်ကို လေ့လာလို၍ မဟုတ်ဘဲ မြောက်ပိုင်းရှမ်းနယ်များရှိ မည်သည့်နယ်သည် တရုတ်တို့နှင့် မဟာမိတ်ပြုလုပ်ထားသည်ကို စူးစမ်းရန်ဖြစ်သည်။ ယင်းသို့ လေ့လာစိစစ်ပြီး မြန်မာနှင့် တရုတ်နိုင်ငံတို့ကြား ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများကို ချင့်ချိန်ပြီးနောက် ၁၈၉၂ တွင် အင်္ဂလိပ်အရာရှိတို့က တရုတ်တို့နှင့် နယ်နမိတ် သတ်မှတ်ပြီး “ဝ” နယ်တခုလုံးကို သိမ်းပိုက်ရန် အစိုးရကို အကြံပြု တိုက်တွန်းခဲ့သည်။ အင်္ဂလိပ်အစိုးရက ၁၈၉၃ တွင် “ဝ” နယ် အတွင်းပိုင်း အထိ “စကော့” ကို စေလွှတ်ခဲ့သော်လည်း ရည်ရွယ်ချက်မှာ တောင်ပိုင်းနယ်ရှိ မိုင်းလွန်းနယ်တွင် အုပ်ချုပ်ရေး စတင်ရန်သာ ဖြစ်သည်။
တရုတ်နှင့် အင်္ဂလိပ် အစိုးရတို့၏ ၁၈၉၄ စာချုပ်အရ – အင်္ဂလိပ်တို့က မြန်မာမင်းများ ပိုင်ဆိုင်ခဲ့သော ယူနန်နယ် အတွင်းရှိ ရှမ်းနယ်များ ဖြစ်သည့် ကိုင်းမ၊ မိုင်းတုံ၊ မိုင်းကိုးနှင့် မိုင်းလင်းနယ်များကို တရုတ်တို့အား လွှဲပြောင်း ပေးအပ်ပြီး တောင်ပိုင်း “ဝ” နယ်ရှိ မိုင်းလွန်းနယ်ကို အင်္ဂလိပ်တို့ ရရှိသည်။
သို့သော် “ဝ” နယ်တခုလုံးနှင့် ပတ်သက်၍ အင်္ဂလိပ်နှင့် တရုတ်အစိုးရတို့ နယ်နမိတ် သတ်မှတ်ခြင်း မပြုလုပ်ခဲ့ပေ။ ၁၈၉၇ တွင် ချုပ်ဆိုသော စာချုပ်တွင်လည်း၊ ၀ နယ်အရေးကို ချန်ထားခဲ့သည်။ ထို့ပြင် ၁၈၉၉၊ ၁၉၀၀ ၊ ၁၉၃၅-၃၆ နှစ်များ ဖွဲ့စည်းခဲ့သော တရုတ်မြန်မာ နယ်ခြား ကော်မရှင်များကလည်း ဝနယ်အရေးကို မဖြေရှင်း၊ မဆုံးဖြတ်နိုင်ကြပေ။
ဆာစကော့၏ တရုတ်မြန်မာ နယ်နမိတ်သတ်မှတ်ရေး ၁၈၉၉-၁၉၀၀ အစီရင်ခံစာအရ – တရုတ်မြန်မာနယ်ခြားဒေသ “ဝ” နယ် အတွင်း မိုင် ၂၀၀ ခန့်ရှိသော နယ်ခြားဒေသ အရေးကို မကြာခဏ စဉ်းစားခဲ့ သော်လည်း “ဝ”နယ်ကို အုပ်ချုပ်ရေး မရှိသည့် ဒေသ အဖြစ်သတ်မှတ်ခဲ့သည်။ အင်္ဂလိပ်လက်အောက် မြန်မာနိုင်ငံ အစိုးရကလည်း နယ်နမိတ် သတ်မှတ်ခြင်း မရှိသေးသည့် “ဝ” နယ် အတွင်းသို့ ၁၉၃၃-၃၄ အထိ အုပ်ချုပ်ရေး စတင်ရန် မပြုလုပ်ခဲ့ခြင်း၊ တရုတ် အင်္ဂလိပ် နယ်ခြားကော်မရှင်များ၏ အငြင်းပွားမှုကြောင့် ၁၉၃၅-၃၆ အထိ နယ်နမိတ်သတ်မှတ်ရေး မပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဤ အငြင်းပွားသည့် ဒေသမှာ မြောက်ပိုင်း “ဝ” နယ်အတွင်း၌ ရှိပြီး နယ်နမိတ်သတ်မှတ်ခြင်း မပြုလုပ်နိုင် သေးသောကြောင့် မည်သည့်နိုင်ငံ၏ ပိုင်နက်ဖြစ်ကြောင်း မပြောနိုင်ပါဟု ဆိုပါသည်။
မြန်မာနိုင်ငံအင်္ဂလိပ်အစိုးရ အုပ်ချုပ်သည့် ခေတ်နှင့် ၁၉၄၈ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိလာသည့် ခေတ်တိုင်အောင် “ဝ” နယ်အတွင်း မိုင် ၂၀၀ ခန့်ရှိသော နယ်စပ်ဒေသကို တိတိကျကျ သတ်မှတ်နိုင်ခြင်း မရှိသဖြင့် ယင်းအရေး ကိစ္စ သည် လွတ်လပ်ရေး ရပြီး ဖွဲ့စည်းခဲ့သည့် ရှမ်းပြည်အစိုးရ၏ ဖြေရှင်းရမည့် ပြဿနာဖြစ်လာခဲ့သည်။
“ဝ” နယ်အရေးသည် တရုတ်နိုင်ငံနှင့် နယ်နမိတ်ခြင်း ဆက်စပ်နေမှုကြောင့်နှင့် စီးပွားရေးအရ အကျိုး မဖြစ်နိုင်မှန်း သိသဖြင့် အင်္ဂလိပ်တို့က မဖြေရှင်းခဲ့ခြင်းဖြစ်သည် အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် နှစ်အတန်ကြာမှ “ဝ” နယ် အတွင်းရှိ သတ္တုမိုင်းများအပေါ် အင်္ဂလိပ်တို့ စိတ်ဝင်စားလာခဲ့သည်။
၁၉၀၀ တွင် အင်္ဂလိပ်တို့က မန္တလေးမှ ဝနယ်ဝင်ပေါက် ကွန်လုံအထိ မီးရထားလမ်းဖောက်ရန် စဉ်းစားခဲ့ကြသည်။ တရုတ်တို့ကလည်း “ဝ” နယ်၊ ပန်လုံနှင့် ပန်ဟုန်းနယ်၌ သတ္တုမိုင်းများကို များစွာ စိတ်ဝင်စားလာသဖြင့် အင်္ဂလိပ်တို့၏ အုပ်ချုပ်ရေး မရှိသေးသော “ဝ” နယ်အတွင်းပိုင်းသို့ တရုတ်တို့ တိုးဖောက်ဝင်ရောက်လာကြသည်။
“ဝ” နယ်အရေး ကိစ္စကို အင်္ဂလိပ်တို့က မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့သည့် ၁၉၄၈ အထိ မဖြေရှင်းခဲ့သဖြင့် လွတ်လပ်ပြီးစ မြန်မာနိုင်ငံအစိုးရ ရင်ဆိုင်ဖြေရှင်းရသော အဓိကပြဿနာများမှာ (၁) “ဝ”နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ (၂) တရုတ်တို့ ကျူးကျော်ဝင်ရောက်မှု၊ (၃) ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး နှင့် (၄) စနစ်ကျသော အုပ်ချုပ်မှုစနစ် ထူထောင်နိုင်ရေးတို့ ဖြစ်သည်။
(ရန်ကုန် အခြေစိုက် သမိုင်း ဆရာ စိုင်းခမ်းမိုင်းသည် ၁၉၇၁ ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ သမိုင်းအထူးပြုဖြင့် မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့ပြီးနောက် ၁၉၈၈ ခုနှစ်အထိ မန္တလေး တက္ကသိုလ်၊ ရန်ကုန် တက္ကသိုလ်၊မိတ္ထီလာ ကောလိပ်တို့တွင် နည်းပြ အဖြစ်လည်းကောင်း၊ လက်ထောက် ကထိက အဖြစ်လည်းကောင်း တာဝန် အဆင့်ဆင့် ထမ်းဆောင်ခဲ့ ပြီး ၁၉၈၉ ခုနှစ်တွင် ဆန္ဒအရ အလုပ်မှ နုတ်ထွက်ခဲ့သည်။ နိုင်ငံခြား တက္ကသိုလ် တချို့တွင် သုတေသီ ပညာရှင် အဖြစ်လုပ်ကိုင်ခဲ့သည်။)