မြန်မာနိုင်ငံတွင် ယခုရက်များအတွင်း အပူချိန် အမြင့်ဆုံး ၄၅ ဒီဂရီ စင်တီဂရိတ် အထိ မြင့်တက်လာသဖြင့် အယ်နီညို ဖြစ်ပွားရန် ၇၀ ရာခိုင်နှုန်းကျော် ရှိနေကြောင်း နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားရေးမှူး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မိုးဦးက ပြောသည်။
“အယ်နီညို ဖြစ်ပေါ်ဖို့ ၇၀ ရာခိုင်နှုန်း ကျော်တယ်။ တချို့ မိုးလေဝသ ဌာနတွေက အယ်နီညို ဖြစ်နေပြီ ဆိုပြီး ထုတ်ပြန်တာ ရှိတယ်။ အယ်နီညို ဖြစ်ရင်တော့ မူမမှန်တဲ့ ရာသီဥတုတွေ ဖြစ်ပေါ်မယ်။ မိုးရွာသွန်းမှု မူမမှန်တာတွေ အပူရှိန် မြင့်တက်လာမှု မူမမှန်တာတွေ ပြီးတော့ မုန်တိုင်းတွေလည်း ဖြစ်တတ်ပါတယ်” ဟု ၎င်းက ဧရာဝတီကို ပြောသည်။
မုတ်သုန် ဝင်လာမည် ဆိုပါက အပူရှိန် ကျသွားနိုင်ကြောင်း၊ လက်ရှိတွင် မြန်မာပြည် အနှံ့အပြားတွင် အပူချိန် ၄၀ နှင့် အမြင့်ဆုံး ၄၅ ဒီဂရီ စင်တီဂရိတ် ရှိနေသဖြင့် အယ်နီညို ရာသီဥတု ဖြစ်ပွားရန် အခြေအနေ ရှိနေကြောင်း ဦးကျော်မိုးဦးက ဆိုသည်။
“နေအရမ်းပူတယ်။ နေ့လယ်ဆိုရင် အပြင်ထွက်ရမှာတောင် ကြောက်တယ်။ ဒါပေမယ့် တက္ကစီ မောင်းတော့လည်း ဘယ်တတ်နိုင်မှာလဲဗျာ။ နေအရမ်းပူတော့ မိုးကိုမျှော်နေရတယ်။ ဒီလိုနေပူတဲ့ အရှိန်ကြောင့် မနှစ်ကဆိုရင် တက္ကစီသမား တဦး ဦးနှောက်သွေးကြော ပြတ်ပြီး သေတာ ကြားရတယ်။ ဒါကြောင့် ဒီလိုနေပူရင် ကျနော်တို့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက် နေနေရတယ်” ဟု ရန်ကုန်မြို့နေ တက္ကစီ သမားတဦးက ဧရာဝတီကို ပြောသည်။
နေ့ အပူချိန်များသည် မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း အောက်ပိုင်းတို့တွင် အပူချိန် 43°C – 44°C ခန့်၊ ရန်ကုန်တိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း တို့တွင် 39°C – 40°C ခန့်၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် မွန်ပြည်နယ်တို့တွင် အပူချိန်သည် 35 °C – 38°C နှင့် ကျန် တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင့် နေ့ အပူချိန်များသည် 26 °C- 34°C ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဌာနက အသိပေး ထုတ်ပြန်ထားသည်။
နေ့ အပူချိန်များ မြင့်တက်မှုနှင့် ပတ်သက်ပြီး မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က “အပူချိန်က ၄၀ ဒီဂရီ ကနေ ၄၅ ဒီဂရီ စင်တီဂရိတ် အထိတော့ မြင့်တက်နိုင်တယ်။ အထူးသဖြင့်တော့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း အောက်ပိုင်းတွေမှာ အပူရှိန် မြင့်တက်နိုင်တယ်။ မန္တလေးတိုင်းကတော့ မိုးရွာဖို့ ရှိတယ်။ ရန်ကုန်က မန္တလေးလောက်တော့ မပူဘူး။ မုန်တိုင်းက နောက် ၄၈ နာရီ အတွင်း မဖြစ်သေးဘူး။ ခရမ်းလွန် ရောင်ခြည် အန္တရာယ်ကတော့ နေပူထဲ မထွက်နဲ့၊ နံနက် ၁၁ နာရီကနေ ညနေ ၃ နာရီ အတွင်း နေပူထဲ မထွက်နဲ့။ အကြာကြီး အပြင်ကို မသွားဖို့ လိုတယ်” ဟု ဧရာဝတီကို ပြောသည်။
မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် နေ့ အပူချိန်များသည် 43- 44 °C ခန့် အထိ မြင့်တက်လာနိုင်သည် ဟု ခန့်မှန်းထားကြောင်း၊ အပူချိန် မြင့်မားလွန်ကဲ့သည့် အတွက် တတိုင်းပြည်လုံး ခရမ်းလွန်ရောင်ခြည် လွန်ကဲသည့် အဆင့် ရှိနိုင်ကြောင်း၊ အသက်အရွယ် ကြီးရင့်သူများ၊ ကလေးငယ်များ၊ ရောဂါ ခံစားနေရသော ဝေဒနာရှင်များ အနေဖြင့် အထူးဂရုစိုက် နေထိုင်ကြရန်နှင့် သာမန် ပြည်သူများ အနေဖြင့် အပူဒဏ်ကို ဂရုစိုက်ကြရန် လိုအပ်ကြောင်း ဦးထွန်းလွင်က ဆက်ပြောသည်။
အယ်နီညို ဖြစ်ပွားမှုသည် ၂ နှစ်ခြား၊ ၃ နှစ်ခြား တကြိမ် ဖြစ်ပွားလေ့ရှိပြီး အယ်နီညို ရာသီဥတုသည် ၁၉၈၀ နှင့် ၁၉၉၀ ခုနှစ် အကြားတွင် ဖြစ်ပွားခဲ့ကြောင်း၊ လူသိများခဲ့သည့် အယ်နီညို ရာသီဥတုသည် ၁၉၉၈ ခုနစ်၊ ၂၀၁၀ ပြည့်နှစ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။