၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် မိုင်းလားအဖွဲ့ (NDAA) တို့မှာ အစိုးရနှင့် ညှိနှိုင်းနေသည့် တနိုင်ငံလုံး ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA)တွင် လက်မှတ် ရေးထိုးမည်မဟုတ် ဟု ပန်ဆန်းတိုင်းရင်းသားထိပ်သီး ညီလာခံအပြီးတွင် သတင်း မီဒီယာများကို ပြောဆိုလိုက်သည်။
UWSA မှ ဦးအောင်မြင့်က “ ကျနော်တို့ အပစ်အခတ်ရပ်စဲရေးကို ဆန့်ကျင်တာ မဟုတ်ဘူး၊ နိုင်ငံရေး ဆွေးနွေးမှုကသာ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး ရဲ့ အခြေခံဖြစ်တယ်၊ နိုင်ငံရေး ဆွေးနွေးမှု မအောင်မြင်ရင် တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးက အောင်မြင်မှာ မဟုတ်ဘူး၊ နိုင်ငံရေး ဆွေးနွေးမှုမှာတော့ တက်တက်ကြွကြွနဲ့ နှစ်ဖွဲ့လုံး ပါဝင်မှာပါ” ဟု ဆိုသည်။
UWSA နှင့် NDAA မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိထားပြီး အစိုးရနှင့် ငြိမ်းချမ်းရေး စယူ ခဲ့သည့် ၁၉၈၉ မှ စ၍ တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့ခြင်းမရှိဘဲ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများကိုသာ လုပ်ဆောင်ခဲ့သဖြင့် အပစ်အခတ်ရပ်စဲရေး ထပ်မံ လုပ်ဆောင်ရန် မလိုအပ်ဟု ယူဆ ကြောင်း ဦးအောင်မြင့်က ရှင်းပြသည်။ ထို့ပြင် UWSA က ဝအုပ်ချုပ်ရေးဒေသကို ပြည်နယ်အဆင့် သတ်မှတ်ပေးရန် တောင်းဆိုထားသည်။
အစိုးရနှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ငြိမ်းချမ်းရေး အဖွဲ့ ( NCCT ) တို့အကြား မတ်လ ၃၁ ရက်တွင် NCA စာချုပ်မူကြမ်းကို သဘောတူလက်မှတ်ရေးထိုးထား ပြီး ဖြစ်သည်။
စာချုပ်တွင် အပြီးသတ် လက်မှတ်ရေးထိုးရန် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်ကို ရယူရဦးမည်ဖြစ်ပြီး NCA ကို အပြီးသတ် လက်မှတ်ရေးထိုးပြီးပါက နိုင်ငံရေးဆွေးနွေးပွဲ များကို စတင်ကျင်းပမည် ဖြစ်သည်ဟု နေပြည်တော်အစိုးရက ပြောဆိုနေသည်။
သို့သော် တပ်မတော်နှင့် လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် ကိုးကန့်အဖွဲ့ ( MNDAA) ၊ တအာန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ရကိ္ခုင့်တပ်မတော် (AA)တို့မှာ ၎င်းတို့ တိုက်ပွဲဖြစ်ပွားနေစဉ် အစိုးရနှင့် NCCT အကြား စာချုပ်မူကြမ်း သဘောတူ သည်ကို မကျေမလည် ဖြစ်ကာ NCCT မှ နှုတ်ထွက်မည်ဟုလည်း ပြောဆိုထားသည်။
MNDAA ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက “NCCT က ထွက်ဖို့ ကျနော်တို့ ၉၀ ရာနှုန်း လောက် ဆုံးဖြတ်ပြီးပါပြီ၊ နိုင်ငံတော်အစိုးရက ကျနော်တို့ကို အသိအမှတ်မပြုဘူး၊ အဲ့တော့ ကျနော်တို့ကြောင့် နိုင်ငံရေးဖြစ်စဉ်တွေ မကြန့်ကြာစေချင်ဘူး၊ ဒါ့ကြောင့်ပါ” ဟု ဧရာဝတီကို ပြောသည်။
အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှာမူ NCA တွင် ပါဝင် လက်မှတ်ရေးထိုးရေး မထိုးရေးကို ညီလာခံတခုခေါ်ကာ အစည်းအဝေးထိုင် ဆုံးဖြတ်ဦးမည် ဖြစ်သည်ဟု သိရသည်။
ထိုအစည်းအဝေးကို ယခုလ မေလအတွင်း ခေါ်ယူသွားနိုင်ရန် စီစဉ်ထားပြီး MNDAA ၊TNLA နှင့် AA တို့ကိုပါ ခေါ်ယူဆွေးနွေးသွားမည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU ) အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
ပန်ဆန်း တိုင်းရင်းသားထိပ်သီး ညီလာခံကို UWSA စစ်ဌာနချုပ်ရှိရာ ပန်ဆန်းမြို့တွင် မေလ ၁ ရက်မှ ၆ ရက်ထိ ကျင်းပခဲ့သည်။
အစည်းဝေးကို UWSA မှ ဦးစီးကျင်းပခဲ့ပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် -မိုင်းလားတပ်ဖွဲ့ (NDAA) ၊ ရှမ်းပြည်တိုးတတ်ရေး ပါတီ (SSPP/SSA) ၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော် -ကိုးကန့်တပ်ဖွဲ့ ( MNDAA)၊ ကရင်နီအမျိုးသား တိုးတတ်ရေးပါတီ (KNPP) ၊ တအာန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ရကိ္ခုင့်တပ်မတော် (AA) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO ) တို့မှ ထိပ်သီးခေါင်းဆောင်များ ၊ စစ်ဦးစီးချုပ်များ တတ်ရောက် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ညီလာခံသို့ NCCT အဖွဲ့ဝင်များဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ၊ ဝ အမျိုးသား အဖွဲ့ချုပ် (WNO) ၊ ရခိုင်အမျိုးသား ကောင်စီ (ANC) တို့ အပါအဝင် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA) ၊ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA- PC) ၊ နာဂ အမျိုးသားဆိုရှယ်လစ် ကောင်စီ- ကပ်ပလန် (NSCN-K) ၊ ရခိုင်လွတ်မြောက်ရေး ပါတီ (ALP) ၊မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ကို UWSA မှ ဖိတ်ကြားခြင်း မရှိခဲ့ပါ။
အစည်းအဝေးအပြီးတွင် ပြည်တွင်းစစ်ကို နိုင်ငံရေးပြဿနာဖြင့် ဖြေရှင်းရန်၊ NCA လက်မှတ်ထိုးရာတွင် တိုင်းရင်းသားအားလုံး အတူတကွ လက်မှတ်ရေးထိုးရန်၊ တိုင်းရင်းသားလူမျိုး အားလုံး အတူယှဉ်တွဲ နေထိုင်ရန် သဘောတူညီချက်များကို ထုတ်ပြန်ကြေငြာခဲ့သည်။ ကြေညာချက်တွင် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် ကချင်၊ တအာန်း ၊ ကိုးကန့် နှင့် ရခိုင် ဒေသများ တွင် တိုက်ပွဲများ ချက်ချင်း ရပ်တန့်စေရန် တောင်းဆိုထားသည်။