ပဲခူးမြို့နယ်၊ အင်းတကော် နယ်မြေအပိုင် ရွှေပြည် (၃) ရေလှောင်တမံ အနီး လာရောက် ပစ်ချသွားသည့် အမျိုးသား အလောင်း နှစ်လောင်းသည် ငွေကြေးကိစ္စဖြင့် အသတ်ခံရဖွယ် ရှိနိုင်ကြောင်း ပဲခူးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ရဲမှူးကြီး ဝင်းစိန်က ပြောသည်။
“မသင်္ကာသူ ဘယ်သူ ဖြစ်တယ်ဆိုတာ လောလောဆယ်တော့ မထုတ်ပြန်သေးဘူး။ သတ်တာကတော့ ငွေကြေး ကိစ္စကြောင့်လို့ ယူဆရတယ်။ တရားခံ မပေါ်သေးတော့ ဘာကြောင့် ဖြစ်တယ်ဆိုတာ အတိအကျ ပြောလို့ မရသေးဘူး။ မသင်္ကာသူတွေကို လက်ရှိ စုံစမ်းရသလောက်တော့ ငွေရေးကြေးရေး ကိစ္စပေါ့” ဟု ရဲမှူးကြီး ဝင်းစိန်က ဧရာဝတီကို ပြောသည်။
လက်ပြန်ကြိုးတုပ်လျက် အနေအထားဖြင့် ဒဏ်ရာများရရှိ သေဆုံးနေသည့် အမျိုးသား ၂ ဦးသည် ဦးညွန့်ဆွေနှင့် ဦးညွှန့်ဝေ ဆိုသည့် ညီအစ်ကို အရင်းများ ဖြစ်ကြကြောင်း၊ ၎င်းတို့ ၂ ဦးစလုံးသည် ရန်ကုန်မြို့တွင် နေထိုင်သူများ ဖြစ်ကြောင်း သူက ဆိုသည်။
ပဲခူးမြို့နယ်၊ အင်းတကော် နယ်မြေအပိုင် ကားလမ်းနံဘေးတွင် မေလ ၅ ရက် နေ့လယ်ပိုင်းက လက်ပြန်ကြိုးတုပ်လျက် အနေအထားဖြင့် ဒဏ်ရာများရရှိ သေဆုံးနေသည့် အမျိုးသား ၂ ဦးကို ပရိုဘောက်စ်ကားဖြင့် လာရောက် ပစ်ချခဲ့သည်ကို ဒေသခံများက တွေ့ရှိခဲ့ပြီး ထိုသေဆုံးသူ ၂ ဦး၏ ရုပ်အလောင်း ဓာတ်ပုံများကို လူမှု ကွန်ရက်များတွင် တင်ထားရာမှ ၎င်းတို့၏ မိသားစုများက တွေ့ရှိပြီး ပဲခူးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့သို့ လာရောက်စုံစမ်းရာမှ သေဆုံးသူ မည်သူမည်ဝါ ဖြစ်သည်ကို သိရှိရခြင်း ဖြစ်ကြောင်း ပဲခူးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောသည်။
ပဲခူးမြို့နယ်အတွင်း လက်ရှိကာလ၌ မူခင်းဖြစ်ပွားမှုနှင့် ဒုစရိုက်လုပ်ရပ် ကျူးလွန်မှုများ ဖြစ်ပွားမှု များပြားနေကြောင်း၊ မူးယစ်ဆေးဝါး ပြဿနာများ၊ ပဲခူးမြို့ရှိ ပြည့်တန်ဆာခန်းများနှင့် အနှိပ်ခန်းများတွင်ပါ မူးယစ်ဆေးဝါး ဖြန့်ချိရောင်းချမှုများ ရှိနေသည်ဟု ပဲခူးမြို့ ဒေသခံများက ပြောဆိုကြသည်။
“ပဲခူးမြို့ပေါ်မှာတင် လူငယ်တချို့က ဆိုင်ကယ်ထဲ တုတ်၊ ဓားတွေ ထည့်ပြီး သွားနေကြတာမျိုးတွေ တွေ့နေရတယ်။ ဟိုတလောကလည်း ဒုရဲအုပ်တယောက် အသတ်ခံရတယ်လို့ ကြားရတယ်။ အခုလည်း အင်းတကော်နားမှာ သတ်ပြီး လာပစ်သွားတာတွေ ဖြစ်လာတော့ ဒေသခံတွေက စိုးရိမ်နေကြတယ်။ ရဲတွေ အနေနဲ့ လုံခြုံရေးတာဝန် ပိုယူသင့်ပြီ” ဟု ပဲခူးမြို့ပေါ်နေ ဒေသခံ ကိုဆန်းလင်းက ပြောသည်။
ပဲခူးတိုင်း ဒေသကြီးအတွင်း မှုခင်းကျဆင်းရေး လုပ်ဆောင်မှုများ အားနည်းနေပြီး မြို့နယ်များတွင် ခိုးဝှက်မှုများ၊ တရားခံ မပေါ်သေးသည့် အမှုများ ရှိနေသဖြင့် စစ်ဆေးစုံစမ်းနေသည့် မြို့နယ်ရဲမှူးများကို ခရိုင်ရဲတပ်ဖွဲ့က တပတ်တကြိမ် သီးခြား ခေါ်ယူတွေ့ဆုံ ညွန်ကြားခြင်း၊ မှုခင်းသတင်း ကြားသည်နှင့် တပြိုင်နက် စီမံချက် ရေးဆွဲ ဖမ်းဆီးရေး၊ မှုခင်းကျဆင်းရေး ဟောပြောပွဲများ ပြုလုပ်ခြင်းများ ဆောင်ရွက်လျက် ရှိသည်ဟု ပဲခူးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။