မြန်မာပြည်လိုပဲ နှစ်ပေါင်း ၅၀ လောက် ဆက်ဆံရေး ဖြတ်တောက်ထားတဲ့ ကျူးဘားနဲ့ ဆက်ဆံရေးကို ပြန်လည်ထူထောင်မယ်လို့ မနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ကြေညာခဲ့ပြီး မကြာသေးမီက အမေရိကန် ဖလော်ရီဒါကနေ ကျူးဘားဆီ ဖယ်ရီသင်္ဘောပြန်ဆွဲဖို့ လုပ်ပါတယ်။ အမေရိကန် သမ္မတ အိုဘားမားက “၁၉၆၁ မှာ ကျနော် မွေးခဲ့ပါတယ်။ ဖီဒယ် ကက်စထရို အာဏာရပြီး ၂ နှစ်အကြာမှာဖြစ်ပါတယ်” လို့ ပြောခဲ့တယ်။ သူပြောချင်က ရှင်းပါတယ်။ ဒီလောက် နှစ်တွေ အများကြီးမှာ ကမ္ဘာ့အခြေအနေတွေ ပြောင်းလဲသွား၊ မျိုးဆက်တွေ ပြောင်းလဲသွားပေမယ့် အမေရိကန်ရဲ့ ကျူးဘားပေါ်လစီက ဘာမှ မပြောင်းလဲသလို၊ ဘာရလဒ်မှ မထွက်ဘူးလို့ ဆိုလိုတာပါ။
လွန်ခဲ့တဲ့ ဆယ်နှစ်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်က မြန်မာနဲ့ ကျူးဘား တို့ကို အာဏာရှင်တွေရဲ့ ရှေ့တန်းစခန်း “Outposts of tyranny” တွေ အဖြစ် ရည်ညွန်းခဲ့တယ်။ အခုတော့ နှစ်နိုင်ငံစလုံးနဲ့ ရွှေလမ်းငွေလမ်း ပြန်ပွင့်နေပါပြီ။ ဒါပေမယ့် ရာစုနှစ် ထက်ဝက်လောက် အထီးကျန်ခဲ့တဲ့ နှစ်နိုင်ငံစလုံးမှာ အပြောင်းအလဲတွေ ဖြစ်အောင် အမေရိကန်က ဘယ်လောက် နားချနိုင်မလဲဆိုတာကတော့ မရေရာပါဘူး။
မြန်မာနဲ့ ဝါရှင်တန် ဆက်ဆံရေး နှင်းခဲပျော်ချိန်က ကျူးဘားထက် နှစ်အနည်းငယ် ပိုစောခဲ့တယ်။ အမေရိကန်ပြည်ထောင်စုမှာ ဒီမိုကရက် သမ္မတ အိုဘားမားတက်လာတဲ့ ၂၀၀၉ မှာပဲ နိုင်ငံခြားရေး မူဝါဒမှာ စေ့စပ်ညှိနှိုင်းရေး (Engagement) ကို စတင်ကျင်သုံးခဲ့တယ်။ သမ္မတ အိုဘားမားရဲ့ ပထမဆုံး မိန့်ခွန်းမှာ “ခင်ဗျားတို့ လက်တွေကို ဖြန့်လိုက်ရင် ကျနော်တို့က လက်ကမ်း ကြိုနေပါတယ်” လို့ ပြောခဲ့တယ်။
မြန်မာပြည်နဲ့ ဆက်ဆံရေးမှာ ရီပက်ဘလစ်ကန် သမ္မတ ဂျော့ဒဗလျူဘုရှ် လက်ထက်မှာ ကျင့်သုံးခဲ့တဲ့ မူဝါဒကို စွန့်လွှတ်လိုက်ရုံမက၊ ဒီမိုကရက် သမ္မတ ကလင်တန် လက်ထက် မူဝါဒတွေကိုပါ ကျောခိုင်းခဲ့တယ်။ အိုဘားမား အိမ်ဖြူတော်ကိုရောက်လာတဲ့ အခါမှာ အရင်က ကျင့်သုံးခဲ့တဲ့ တင်းမာတဲ့ မူဝါဒတွေဟာ အလုပ်မဖြစ်ဘူး။ နိုင်ငံရေးနဲ့ စီးပွားရေး အပြောင်းအလဲတွေကို အတွက် ရလဒ်မထွက်ဘူးလို့ သုံးသပ်ခဲ့တယ်။
ကံကြမ္မာရဲ့ သရော်ချက်ကတော့ ဒီမူဝါဒတွေကို အကောင်အထည် ဖော်ခဲ့တဲ့သူဟာ ကလင်တန်ရဲ့ ဇနီးဟယ်လာရီ ကလင်တန် ဖြစ်ခဲ့ပါတယ်။ မြန်မာပြည်ဆိုင်ရာ ပေါ်လစီကို ပြင်ဆင်ပြီး ထိတွေ့ဆက်ဆံရေး မူဝါဒကို အကောင်အထည်ဖော်ခဲ့တယ်။ မြန်မာပြည်ဟာ အမေရိကန်အတွက် အလားအလာကောင်းတဲ့ ဈေးကွက်တခု အနေနဲ့ရော၊ သံယံဇာတ ကြွယ်ဝတဲ့ နိုင်ငံအနေနဲ့ရော၊ ဒေသတွင်းမှာ တရုတ် သြဇာကို ထိန်းညှိဖို့ မဟာဗျူဟာမြောက် နေရာမှာ တည်ရှိတဲ့ နိုင်ငံအနေနဲ့ရော ဝါရှင်တန်ဘက်က ရှုမြင်သုံးသပ်ခဲ့တယ်။
မြန်မာပြည်ကို ဈေးကွက်တခု အဖြစ်မြင်တဲ့ အမေရိကန် ကုမ္ပဏီတွေကလည်း မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုကို ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့တာ ကြာနေပြီ။ အမေရိကန် အစိုးရ အရာရှိတွေကလည်း မြန်မာပြည်ဟာ အာရှဒေသမှာ မီးရထားလမ်း၊ ကားလမ်း၊ ပင်လယ် ရေကြောင်းလမ်းတို့ရဲ့ အလယ်ဗဟို ဆုံးချက်နေရာမှာ ကျရောက်တယ်လို့ မြင်ကြတယ်။
၂၀၁၂ ခုနှစ် သမိုင်းဝင် ခရီးစဉ်မှာ အိုဘားမားက “ ကျနော့် ကတိအတိုင်း မိတ်ဆွေအဖြစ် လက်ကမ်းဖို့ လာတာပါ” လို့ ပြောခဲ့တယ်။ ၂၀၁၄ နိုဝင်ဘာလထဲမှာ ၉ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီး အစည်းအဝေးကို တက်ဖို့ နောက်တခေါက် ပြန်ရောက်တဲ့အခါ မြန်မာပြည်ရဲ့ အပြောင်းအလဲက အရှိန်ကုန်ရုံမရ၊ နောက်ကြောင်းပြန်မယ့် အရိပ်အယောင်တွေ ပေါ်နေပါတယ်။
အမေရိကန်ရဲ့ မြန်မာပြည်ဆိုင်ရာ နိုင်ငံခြားရေး မူဝါဒ ဘယ်အတိုင်းအတာထိ အောင်မြင်သလဲ ဆိုတာ သုံးသပ်သူတွေ တယောက်နဲ့ တယောက် မတူပါဘူး။ ဆယ်စုနှစ်ပေါင်းများစွာ အဆက်ဖြတ် ထားခဲ့ပြီးမှ ပြန်ဆက်ဆံတဲ့ အမေရိကန် အစိုးရရဲ့ ရှုမြင်ပုံနဲ့ ဆယ်စုနှစ်ပေါင်းများစွာ အပြောင်း အလဲကို စောင့်မျှော်နေတဲ့ မြန်မာပြည်သူတွေရဲ့ ခံစားချက်က သဘာဝအရ ခြားနားပါတယ်။
အမေရိကန်အစိုးရ အထိုင်ကနေ ကြည့်ရင် ဒီမိုကရေစီ အပြောင်းအလဲဆိုတာ နေ့ချင်းညချင်း ဖန်တီးယူလို့ ရတာမဟုတ်ဘူး။ မြန်မာပြည်မှာ ပြဿနာပေါင်းစုံ ရှိနေတာ မှန်ပေမယ့် အရင်ထက် ပွင့်လင်းလာတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း အိမ်အချုပ်က လွတ်ပြီး ကြားဖြတ် ရွေးကောက်ပွဲမှာ အန်အယ်ဒီက အနိုင်ရခဲ့တယ်။ အခုဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ဆက်တွန်းနေတယ်။
ဒေသတွင်းက အမေရိကန် အကျိုးစီးပွား ရူ့ထောင့်က ကြည့်ရင်လည်း အကောင်းမြင်စရာတွေ ရှိနေတယ်။ မြန်မာပြည်ဟာ ပွင့်လင်းလာတာနဲ့အမျှ တရုတ်ကို လုံးလုံးလျားလျား မှီခိုရတဲ့ ဘဝကနေ လွတ်မြောက်လာမယ်။ အမေရိကန-် မြန်မာဆက်ဆံရေး ပြေလည်တဲ့အတွက် အမေရိကန်နဲ့ အာဆီယံလို ဒေသတွင်း အဖွဲ့အစည်းကြားက ဆက်ဆံရေးမှာလည်း အဖုအထစ် ဖြစ်စရာမရှိတော့ဘူး။ ဒါဟာ အိုဘားမား လက်ထက်မှာ အရေးကြီးတဲ့ မူဝါဒ ဖြစ်တဲ့ rebalancing (အင်အားချိန်ခွင်ညှာ ညှိခြင်း) အတွက်လည်း အကျိုးဖြစ်ထွန်းစေပါတယ်။
နောက်တချက်ကလည်း မြန်မာနဲ့ ဆက်ဆံရေးသစ်ဟာ တခြား တံခါးပိတ်နိုင်ငံတွေ၊ အာဏာရှင် နိုင်ငံတွေ အတွက် နမူနာ ဖြစ်လာလိမ့်မယ်လို့ တွက်ခဲ့ပုံရပါတယ်။ နောက်ပိုင်းမှာ ကျူးဘား၊ အီရန်တို့နဲ့ ဆက်ဆံရေးကို ကြည့်ရင် မြန်မာနဲ့ ဝါရှင်တန် ဆက်ဆံရေး ပုံစံကို ယူထားတာ သိသာပါတယ်။
ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် ကွန်မြူနစ် ကျူးဘားမှာ ဆင်းရဲတွင်း ပိုနက်စေတာ မှန်ပေမယ့် ကက်စထရို အစိုးရကတော့ အာဏာမြဲနေခဲ့တယ်။ အမေရိကန်မှာ သမ္မတ ၁၀ ယောက် ပြောင်းသွားခဲ့တယ်။ ဆိုဗီယက် ပြည်ထောင်စုကြီးလည်း ပြိုကွဲပြီး ခေါင်းဆောင်တွေ တယောက်ပြီးတယောက် မြင်ကွင်းက ပျောက်သွားတယ်။ ကျူးဘားမှာတော့ ကက်စထရိုပဲ အုပ်ချုပ်ထားတယ်။ လက်ရှိ အသက် ၉၀ အရွယ် ဖီဒယ် ကက်စထရိုက သူ့ညီ ရာအူးကို ၂၀၁၁ မှာ အာဏာလွဲပေးခဲ့တယ်။ ရာအူးကတော့ ၂၀၁၈ မှာ ရာထူးကနေ ဆင်းဖို့ ရည်ရွုယ်ထားပါတယ်။
ကျူးဘားနဲ့ အမေရိကန် ဆက်ဆံရေး ထူထောင်နိုင်ဖို့ အိုဘားမား အစိုးရဟာ ခက်ခက်ခဲခဲ၊ လျှို့လျှို့ဝှက်ဝှက် ကြိုးစားခဲ့ရတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ကလည်း ကြားကနေ အကူအညီပေးခဲ့ရတယ်။ ဒါပေမယ့် အမေရိကန် သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ်ကတော့ကတော့ အိုဘားမားရဲ့ မဟာအမှားလို့ မြင်တယ်။ “ရာအူးအတွက် ကြီးမားတဲ့ နိုင်ငံရေး အောင်ပွဲပဲ” လို့ ပြောပါတယ်။ ဥပဒေကြောင်းအရ ဖြေလျှော့မှုတွေ တကယ်လုပ်ရတဲ့အခါ လွှတ်တော်တွင်းမှာ ကန့်ကွက်မယ့် ရီပက်ဘလစ်ကန် အမတ်တွေလည်း ရှိနေပါတယ်။ အမေရိကန်ရောက် ကျူးဘား မျိုးဆက်ဟောင်းတွေကလည်း သဘောမတူကြပါဘူး။
ကျူးဘားအစိုးရဘက်မှာလည်း သူ့အကြောင်းနဲ့ သူပါပဲ။ ကက်စထရိုရဲ့ မိတ်ဆွေရင်း အမေရိကန် ဆန့်ကျင်ရေးသမား ဗင်နီဇွဲလား သမ္မတ ဟူဂိုချာဗက်ဟာ ၂၀၁၃ ခုနှစ်မှာ ကွယ်လွန်သွားခဲ့တယ်။ ဗင်နီဇွဲလားဟာ ကျူးဘာက လိုသလောက် ရေနံတွေ ဈေးချိုချိုနဲ့ပေးသလို၊ ဒေါ်လာ ဘီလီယံနဲ့ချီပြီး အကူအညီတွေ ပေးခဲ့တယ်။ ဒါပေမယ့် အခု ရေနံ ဈေးကျနေတယ်။ ဗင်နီဇွဲလားမှာလည်း နိုင်ငံရေး မငြိမ်သက်မှုတွေ ပေါ်ပေါက်နေတယ်။ ဒီလို အခြေအနေမျိုးမှာ ဗင်နီဇွဲလား ဆီက အကူအညီရဖို့ မျှော်လင့်ချက်နည်းသွားတဲ့အတွက် အမေရိကန်ဘက်ကို မျက်စပစ်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်တာတွေလည်း ရှိတယ်။
အမေရိကန် ဘက်ကလည်း အကျိုးစီးပွားကို ကြည့်တဲ့အခါ လွန်ခဲ့တဲ့ နှစ်တွေအတွင်း အမေရိကန် ခေါင်းဆောင်တွေဟာ လက်တင် အမေရိကား နိုင်ငံတွေနဲ့ ဆက်ဆံရေးမြှင့်တင်ဖို့ ကြိုးစားခဲ့ပေမယ့် ကျူးဘားကြောင့် ရှေ့မတိုးနိုင်ဖြစ်ခဲ့ရတယ်။ (အာဆီယံနဲ့ဆက်ဆံရေးမှာ မြန်မာကြောင့် အဖုအထစ်ဖြစ်ခဲ့တာမျိုးနဲ့ တူပါတယ်) အမေရိကားတိုက် နိုင်ငံများ အဖွဲ့ (တောင်နဲ့ မြောက် အမေရိကား တိုက်ထဲက ၃၅ နိုင်ငံ) ကို အသက်သွင်းဖို့ ကြိုးစားခဲ့တာ ထင်သလောက် ခရီးမပေါက်ပါဘူး။ ဒီလိုပဲ အမေရိကား နိုင်ငံများ ထိပ်သီးအစည်းအဝေး (Summit of the Americas) မှာလည်း ကျူးဘားကို ချန်ထားလို့ တခြား နိုင်ငံတွေက မကျေမနပ် ဖြစ်ခဲ့ကြဖူး ပါတယ်။ ၂၀၁၅ အစည်းအဝေးမှာ ကျူးဘားကို မဖိတ်ရင် သပိတ်မှောက်မယ်ဆိုပြီး တခြား နိုင်ငံတွေက ခြိမ်းခြောက်ခဲ့ကြတယ်။
ဧပြီလ ထိပ်သီး အစည်းအဝေးကိုတော့ ပနာမားမှာ ကျင်းပခဲ့ပြီး ရာအူးကက်စထရိုနဲ့ အိုဘားမားတို့ လက်ဆွဲ နှုတ်ဆက်ရုံမက သီးခြားလည်း တွေ့ဆုံခဲ့ပါတယ်။ စီးပွားရေး၊ ကုန်သွယ်ရေး၊ ငွေရေးကြေးရေးကိစ္စတွေ aပိတ်ပင်ထားတဲ့အတွက် ကျူးဘား စီးပွားရေးကို အကြီးအကျယ် ထိခိုက်စေတယ်။ ဒါတွေကို ဖွင့်ပေးဖို့ ရာအူးက တောင်းဆိုခဲ့တယ်။
ဒါပေမယ့် အမေရိကန်ဟာ ကျူးဘားမဟုတ်ပါဘူး။ နှစ်ပေါင်း ၅၀ ကြာ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ဥပဒေအဖြစ် အသက်ဝင်နေတာများလို့ အိုဘားမားတယောက်တည်းနဲ့ မပြီးဘဲ လွှတ်တော်ဆုံးဖြတ်ချက်အပေါ် မူတည်တဲ့ ကိစ္စတွေ အများကြီးရှိနေပါတယ်၊ နောက်ဆုံး အမေရိကန် သံအမတ်ကြီးကို ပြန်ခန့်ဖို့တောင် ဆီနိတ် (အထက်လွှတ်တော်) ရဲ့ သဘော တူညီချက် လိုပါတယ်။
လောလောဆယ် လုပ်နိုင်တာကတော့ အမေရိကန်ရောက် ကျူးဘားနွယ်ဖွားတွေ ဇာတိမြေက ဆွေမျိုးသားချင်းနဲ့ လွတ်လပ်လပ်လပ် ကူးလူးဆက်ဆံနိုင်မယ်။ လူသားချင် စာနာမှုနဲ့ ဆိုင်တဲ့ လုပ်ငန်းတွေ၊ ပြည်သူ့အကျိုးပြုလုပ်ငန်း၊ အားကစားကိစ္စနဲ့ ပတ်သက်လို့ ကျူးဘားကို သွားနိုင်ကြမယ်။ ကျူးဘားရောက်ရင် ဘဏ်ကဒ်တွေကို အသုံးပြုနိုင်ကြမယ်။ ကျူးဘားကို အလည်သွားရင် ဒေါ်လာ ၄၀၀ ဖိုးလောက်အထိ အိမ်အပြန် လက်ဆောင်ပစ္စည်းတွေ ဝယ်လာ နိုင်မယ်။ အမေရိကန်ရောက်ကျူးဘားနွယ်ဖွားတွေက ငွေလွှဲနိုင်တဲ့ပမာဏ တိုးလာမယ်။
နောက်ပိုင်းမှာတော့ အမေရိကန် စီးပွားရေးသမားတွေက ကျူးဘားဈေးကွက်ထဲကို ဝင်ချင်နေကြတယ်။ ဒါပေမယ့် ကျုးဘားစီးပွားရေးဟာ အစိုးရက အပြည့်အ၀ ထိန်းချုပ်ထား ပါတယ်။ ရှေ့မှာ ဘယ်အတိုင်းအတာထိ စီးပွားရေးသမားတွေရဲ့ မှန်းချက်နဲ့နှမ်းထွက် ကိုက်မလဲဆိုတာ မသိနိုင်သေးပါဘူး။ စီးပွားရေးက စပြီး ပြုပြင်ပြောင်းလဲမယ်လို့ မှန်းနေကြပေမယ့် သိပ်တော့ အာမခံချက်မရှိပါဘူး။
မြန်မာပြည် နမူနာကို ကြည့်ရင် မြန်မာပြည်ဟာ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက စိတ်ကူးယဉ်ခဲ့သလို စီးပွားရေး သမားတွေအတွက် နိဗ္ဗာန်ဘုံ ဖြစ်မလာပါဘူး။ မူဝါဒ ချမှတ်တဲ့ အပိုင်းမှာ ပွင့်လင်းမှု မရှိတာတွေ၊ တရားဥပဒေ စိုးမိုးမှု အပိုင်း အားနည်းတယ်၊ လာဘ်ပေးလာဘ်ယူကိစ္စ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး အာမခံချက် မရှိသေးတာ၊ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ အချိန်မရွေး ထပေါက်ကွဲနိုင်သေးတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေကို တုံ့ဆုတ်နေတုန်းပါပဲ။
တကယ်တော့ ၂၀၁၂ ခုနှစ်ကတည်းက အမေရိကန် အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖြေလျော့ပေးပြီ ဖြစ်သလို၊ အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ငွေရေးကြေးရေး ဝန်ဆောင်မှု ကိစ္စတွေ အားလုံး ခွင့်ပြုထားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် မနှစ် သြဂုတ်လတုန်းက Wall Street Journal မှာ ဖော်ပြချက် အရ အမေရိကန် ကုမ္ပဏီတွေက မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ ကြံရွယ်ထားတဲ့ ပမာဏက အမေရိကန် ဒေါ်လာ သန်း ၂၅၀ ပဲ ရှိပါတယ်။ မြန်မာပြည် လူဦးရေက သန်း ၅၀ ရှိပါတယ်၊ လူဇင်ဘတ်လို လူဦးရေ ငါးသိန်းလောက်ပဲ ရှိတဲ့ နိုင်ငံမှာတောင် အမေရိကန် ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏက မြန်မာပြည်ထက် ဆယ်ဆသာပါတယ်။
နိုင်ငံရေးအပိုင်းကို ကြည့်ရင် ပြုပြင်ပြောင်းလဲရေးဟာ မီးဇာကုန် ဆီခန်း ဖြစ်နေပါပြီ၊ အာဏာလက်မလွှတ်ချင်တဲ့ စစ်တပ်နဲ့ ဗိုလ်ချုပ်ဟောင်းတွေဟာ သူတို့ စိတ်ကြိုက်ရေးထားတဲ့ ဒီမိုကရေစီမကျတဲ့ ဖွဲ့စည်းပုံကို ပြင်ဖို့ အမျိုးမျိုးအကြောင်းပြ အချိန်ဆွဲ နေတုန်းပါပဲ။ တရားဥပဒေ စိုးမိုးမှုနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ပြသနာတွေကလည်း မဖြေရှင်းနိုင်သေးပါဘူး။
ဒါပေမယ့် အမေရိကန်ဘက်က မြန်မာဗိုလ်ချုပ်ဟောင်းတွေနဲ့ စစ်တပ်ကို နောက်ထပ် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့အတွက် မက်လုံး၊ ဆုလာဘ်ပေးဖို့ မကျန်တော့သလောက် ဖြစ်နေပြီလို့ ဝေဖန်သူတွေက ဆိုကြတယ်။ အပြောင်းအလဲတွေ အာမခံချက် မရှိသေးခင်မှာပဲ စောစောစီးစီး ရက်ရက်ရောရော ပေးလိုက်လို့ အခုတော့ နောက်ထပ် ပေးစရာ မကျန်တော့တဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ မြန်မာပြည်အတွက် ပေးထားတဲ့ အကူအညီက အမေရိကန် ဒေါ်လာ သန်း ၁၈၀ ကျော် ရှိတယ်လို့ သိရပါတယ်။
မြန်မာပြည် အပြောင်းအလဲဟာ မြန်မာပြည်သူတွေရဲ့ လက်ထဲမှာ ရှိတာ မှန်ပေမယ့် အမေရိကန် အစိုးရက မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲရေးတွေ နောက်တဆင့် တက်ဖို့ တွန်းအားပေးဖို့တော့ လိုနေပါတယ်။ ဒီလို မှမဟုတ်ဘဲ မိအေး နှစ်ခါနာ ဖြစ်ရသူတွေဟာ မြန်မာပြည်သူတွေဟာ ဖြစ်ကြပါလိမ့်မယ်။ အိုဘားမား လက်ထက် ရှားရှားပါးပါး အောင်မြင်မှုအဖြစ် လက်ညိုထိုးပြစရာ စေ့စပ်ညှိနှိုင်းရေး (Engagement) မူဝါဒဟာလည်း နာမည်ဆိုးနဲ့ ကျန်ရစ်ပါလိမ့်မယ်။ ၂၀၁၆ ရွေးကောက်ပွဲမှာ အိုဘားမားရဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟယ်လာရီ ကလင်တန် အရွေးခံရရင် သူကိုယ်တိုင်ရေးခဲ့တဲ့ ဇာတ်ညွန်း ဘယ်အခန်းရောက်နေသလဲဆိုတာကို သူကိုယ်တိုင် ပြန်ကြည့်ခွင့်ရပါလိမ့်မယ်။
(ညီစောလွင်သည် မြန်မာ့ရေးရာနှင့် ကမ္ဘာ့ရေးရာ သုံးသပ်ချက်များကို ရေးသားနေသူ ဖြစ်သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လတ်တလော နေထိုင်သည်။)