ဂျပန်နိုင်ငံသို့ ပို့ဆောင်ပေးမည်ဟုဆိုကာ ငွေလိမ်လည်မှုနှင့်ဆက်စပ်၍ လူ ၂ ဦးအသတ်ခံရပြီး ပဲခူးမြို့နယ်၊ အင်းတကော် နယ်မြေအပိုင် ရွှေပြည် ၃ ရေလှောင်တမံ အနီးတွင် အလောင်း သွားရောက်ပစ်ချခဲ့မှုအတွက် ကျူးလွန်သူ တရားခံ ၄ ဦး ဖော်ထုတ်သိရှိထားပြီး ၁ ဦးဖမ်းမိထားကာ တရားခံ ၃ ဦးလွတ်မြောက်နေဆဲဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
လတ်တလော ဖမ်းဆီးရရှိထားသော တရားခံ ၁ ဦးသည် လူသတ်မှု ကျူးလွန်သည့်အဖွဲ့တွင်ပါဝင်ပြီး အသတ်ခံရသူ ၂ ဦး ၏ ရုပ်အလောင်းများကို အင်းတကော်ကားလမ်းနံဘေးတွင် လာရောက်ပစ်ချခဲ့စဉ်က အလောင်းများကို ကားပေါ်မှ ဆွဲချ ပေးခဲ့သူဖြစ်ကြောင်း သိရသည်။
အသတ်ခံရသူ ၂ ဦးသည် ညီအစ်ကို တော်စပ်ကြပြီး ညွှန့်ဝေနှင့် ညွှန့်ဆွေ ဆိုသည့် ညီအကို ၂ ဦး ဖြစ်ကြောင်း၊ အဆိုပါ ညီအစ်ကို ၂ ဦးသည် အိမ်ခြံမြေ ရောင်း၊ဝယ်၊ငှား အကျိုးဆောင် ကုမ္ပဏီတခု ဖွင့်လှစ်ထားကြောင်း၊ ညီအစ်ကို ၂ ဦးသည် ဂျပန် နိုင်ငံသို့ အလုပ်သမားပို့ဆောင်ပေးနေသော ပြည်ပအလုပ်အကိုင်ကုမ္ပဏီအမည်ခံထားသော ကုမ္ပဏီပိုင်ရှင် ကိုကျော်ကျော်နိုင်ဆိုသူနှင့် ချိတ်ဆက်၍ ဂျပန်သွားရောက်လိုသော အမျိုးသား ၆ ဦးထံမှ တဦးလျှင် ငွေကျပ် ၁၁၅ သိန်း နှုန်းဖြင့် သိန်း ၆၉၀ ကို ရယူ လိမ်လည်ခဲ့ကြောင်း၊ ကတိအတိုင်း ဂျပန်နိုင်ငံသို့ မပို့ပေးနိုင်သည့်အတွက် လိမ်လည်ခံရသူ ၆ ဦး က ညွှန့်ဝေနှင့် ညွှန့်ဆွေ ညီအစ်ကို ၂ ဦးကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် အမှုဖွင့်၍ စမ်းချောင်းမြို့နယ်တရားရုံးတွင် လိမ်လည် မှုဖြင့် တရားစွဲဆိုထားကြောင်း၊ ယင်းနောက် ငွေလိမ်ခံရသူ ၄ ဦးက ညီအစ်ကို ၂ ဦးကို သတ်ဖြတ်ခဲ့ခြင်း ဖြစ် သည် ဟု စုံစမ်းဖော်ထုတ်ရရှိထားသည်ဟု သိရှိရသည်။
“တရားခံ ၃ ဦးကို သေချာပေါက်ထပ်ဖမ်းမယ်။ ပြစ်မှုကျုးလွန်သူတွေက အသက် ၃၀ ကျော်အရွယ် လူရွယ်ပိုင်းတွေလို့ပဲ လောလော ဆယ်ပြောလို့ရမယ်။ သေတဲ့ညီအကိုက ကုမ္ပဏီတခုနဲ့ ချိတ်ဆက်ပြီး လုပ်တယ်။ ဂျပန်သွားဖို့ဆိုပြီး ပိုက်ဆံ တွေယူ၊ စကားပြောဆရာတွေဘာတွေခေါ်၊ အခန်းတွေငှားပြီး ယုတ္တိရှိရှိလုပ်ကြတာ။ ချိတ်ပေးတယ်ဆိုတဲ့ကုမ္ပဏီက ကျော်ကျော်နိုင် ဆိုတဲ့သူကတော့ ထွက်ပြေးနေတယ်။ ခြံတွေအိမ်တွေရောင်းပြီး သွားဖို့လုပ်ထားတဲ့သူတွေကျ တော့ ခံစား ချက် တွေပြင်းပြီး အခုလိုဖြစ်ကုန်တာ။ တရားစွဲပေမယ့် ထောင်ကျစေချင်တာမဟုတ်တော့ ပိုက်ဆံကို သေသူတွေ အိမ်မှာ သွား တောင်းတတ်တယ်။ လက်ရှိမှာ တရားခံတွေနာမည်ကို အသေးစိတ်မထုတ်ပြန်သေးဘူး”ဟု ပဲခူးတိုင်းဒေသကြီး ရဲမှူးကြီး ဝင်းစိန်က ဧရာဝတီသို့ပြောသည်။
အဆိုပါ အမှုကို ပုဒ်မ ၃၀၂ ( လူသတ်မှု) နှင့် ပုဒ်မ ၂၀၁ ( အလောင်းအားဖျောက်ဖျက်မှု) တို့ဖြင့် အင်းတကော်ရဲစခန်းက အမှုဖွင့် အရေးယူလျက်ရှိပြီး ယင်းအမှုကို ခရိုင်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
ပဲခူးမြို့နယ်၊ အင်းတကော် နယ်မြေအပိုင် ကားလမ်းနံဘေးတွင် မေလ ၅ ရက် နေ့လယ်ပိုင်းက လက်ပြန်ကြိုးတုပ်လျက် အနေအထားဖြင့် ဒဏ်ရာများရရှိ သေဆုံးနေသည့် အမျိုးသား ၂ ဦးကို ပရိုဘောက်စ်ကားဖြင့် လာရောက် ပစ်ချခဲ့သည်ကို ဒေသခံများက တွေ့ရှိခဲ့ပြီး ထိုသေဆုံးသူ ၂ ဦး၏ ရုပ်အလောင်း ဓာတ်ပုံများမှာ လူမှု ကွန်ရက်များတွင် ပျံ့နှံ့ခဲ့သည်။