တနိုင်ငံလုံး အပစ်ရပ်စဲရေးသဘော တူညီချက်ကို လက်နက်ကိုင် တိုင်းရင်းသားများ အားလုံးသဘောတူညီ ချက်ရရှိရေး နောက်ဆက်တွဲ ကြိုးပမ်းသည့်အနေဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ ခေါင်းဆောင်ပြီး ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း တိုင်းရင်းသားကိုယ်စားလှယ်များနှင့် တွေ့ဆုံလက်ဆွဲနှုတ်ဆက်ခဲ့သည်။ တချိန်တည်းတွင် အမျိုးသားပညာရေး ပြုပြင်ပြောင်းလဲရေးအတွက် သပိတ် မှောက်ခဲ့သည့် ခေါင်းဆောင်များမှာမူ သံတိုင်များနောက် ပစ်ထားခံရ သည်မှာ ၂ လကျော်လာပြီဖြစ်သည်။
ပြောရလျှင် မြန်မာပြည်တွင် အစိုးရအဆက်ဆက်ကို ကျောင်းသား များက ဆန့်ကျင်ပုန်ကန်မှုမှာ တိုင်းရင်းသားလက်နက်ကိုင် ပုန်ကန်မှုကဲ့ သို့ ကြာညောင်းလှပြီဖြစ်သည်။ သို့ရာတွင် ယခု ဖမ်းဆီးထိန်းသိမ်းခံထား ရသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင်များအပါအဝင် ကျောင်းသားကျောင်းသူ ၇၀ သည် အစိုးရကို တော်လှန်ရေးထက် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးကို တောင်းဆို ခဲ့ကြခြင်းသာ ဖြစ်ပြီး ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြသူများသာ ဖြစ်ပါသည်။ အစိုးရအနေဖြင့် ကျောင်းသားသမဂ္ဂအား ကျောင်းသားများလက်ထဲ လွတ်လပ်စွာ ဖွဲ့စည်းလုပ်ကိုင်ခွင့်ကိုအာမခံခြင်းဖြင့် အစိုးရနှင့်ကျောင်း သားများအကြား အမြင်မကြည်မှုများအား တစခန်းရပ်လိုက်သင့်သော် လည်း အကြမ်းဖက်နှိမ်နင်းခြင်း၊ ဖမ်းဆီးထိန်း သိမ်းခြင်းတို့ဖြင့်သာ အဆိုး ကျော့သံသရာ ပြန်လည်ခဲ့သည်။
ဖမ်းဆီးခံ ကျောင်းသားများ၏ ရှေ့နေများက သပိတ်စစ်ကြောင်း ဖြတ်သန်းခဲ့ရာ မြို့နယ်များတွင် ပုဒ်မ ၁၈ ကဲ့သို့ အမှုများဖွင့်နေခြင်း၊ လွတ်မြောက်နေသေးသော ဆန္ဒပြကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုကျော်ကိုကို၊ ကိုမြတ်သူအောင်နှင့် ကိုရဲရင့်ကျော်တို့ကို ဖမ်းဆီးမိသည် အထိ တရားရုံးသို့ အမှုတင်ရန် ရဲကစောင့်ဆိုင်းနေခြင်းတို့သည် တရား စီရင်ရေးအတွက် မကောင်းဟု ဆိုကြသည်။ သပိတ်ခေါင်းဆောင်များကို ပြစ်မှုထင်ရှားကြောင်း တရားစီရင်ချက်ချခဲ့လျှင်လည်း လူအများဒေါသ ထွက်ကြဖွယ်ရှိပြီး ၂၀၁၅ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသည့် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွက် အခြေ အနေ ပိုဆိုးစေနိုင်မည်ဖြစ်သည်။ သပိတ်ကို ဖြိုခွင်းအပြီး ဆိုရှယ်မီဒီယာ များ၊ နေ့စဉ်ထုတ် သတင်းစာများ၊ အပတ်စဉ်ထုတ် ဂျာနယ်များ စာမျက် နှာများတွင် ယင်းဒေါသပေါက်ကွဲမှုကို ခံစားသိရှိခဲ့ရပြီးဖြစ်သည်။
၆၅ နှစ်ကြာ လက်နက်ကိုင်ပုန်ကန်မှုကို ရပ်တန့်သွားရန်အပြင် နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆက်ဖြစ်ထွန်းစေရေး ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပနိုင်ရေး အစိုးရက ဦးတည်လုပ်ဆောင်နေချိန် အပြောင်းအလဲတွင် ကျောင်းသားများ ပါဝင် လှုပ်ရှားခွင့်အား ပိတ်ပင်နေခြင်းကို ဧရာဝတီအနေဖြင့် နားမလည်နိုင် ပါ။ ယခု ကျောင်းသားလှုပ်ရှားမှုအနေဖြင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲ ရေးသည်သာ အနိ္တမရည်မှန်းချက်ဖြစ်သည်။ တိုင်းပြည် မငြိမ်မသက် ဖြစ်စေရန် ဆူပူလှုံ့ဆော်ခြင်း မဟုတ်ခဲ့ပါ။ သပိတ်ကာလတလျှောက်လုံး မီဒီယာလွတ်လပ်ခွင့် ပိုရလာသော ဂျာနယ်လစ်များအနေဖြင့် အစအဆုံး မှတ်တမ်းတင်ခွင့်ရခဲ့သောကြောင့် ယင်းကို သိရှိနိုင်ခဲ့ပါသည်။
လက်ရှိအခြေအနေတွင် နိုင်ငံရေးခေါင်းဆောင်များနှင့် ကာကွယ် ရေးဦးစီးချုပ်ပါဝင်သော ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခြင်း၊ လက်နက်ကိုင် တိုင်းရင်းသားများနှင့် တွေ့ဆုံဆွေးနွေးခြင်းတို့ဖြင့် ယခင်က မရှိခဲ့ဖူးသည့် စိတ်ကောင်းစေတနာတို့ကို အစိုးရအနေဖြင့် ပြသနေသည့်အားလျော်စွာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး စိတ်ထားဖြင့် ပြသရန်လိုနေသော အခြားနောက်တခုမှာ ဖမ်းဆီးခံ သပိတ်မှောက်ကျောင်းသားများအား ြွခင်းချက်မရှိ လွှတ်ပေးရေးဖြစ်သည်။ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်သည် လက်ရှိအစိုးရနှင့် ၂၀၁၅ ရွေးကောက်ပွဲဝင်မည့် အာဏာရပါတီတို့အတွက် အကောင်းဆုံး လူထုဆက်ဆံရေး ခြေလှမ်းပင် ဖြစ်ပါလိမ့်မည်။