အပူချိန်မြင့်မားမှုနှင့် မိုးခေါင်မှုတို့ကြောင့် မြန်မာနိုင်ငံ တဝန်း သောက်သုံးရေ ရှားပါးပြတ်လပ်မှု ကြုံတွေ့နေရပြီး အစိုးရနှင့် ပုဂ္ဂလိက ရေအလှူရှင်များ လိုအပ်လျက်ရှိကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်း၊ မကွေးတိုင်း ၊ ပဲခူးတိုင်း ၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့ရှိ ဆင်ခြေဖုံးဒေသများနှင့်ကျေးရွာများတွင် ရေပြတ်လပ်မှုကြုံတွေ့နေရပြီး အကူအညီများ အရေးပေါ်လိုအပ်လျက်ရှိသည်ဟု သိရှိရသည်။
ပဲခူးတိုင်းတွင် ကျေးရွာ ၆၀ ထက်မနည်း သောက်သုံးရေ ပြတ်လပ်နေပြီး ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်တိုက်နယ်ရှိ ကျေးရွာတချို့တွင်လည်း သောက်သုံးရေ အခက်အခဲ ဆိုးရွားစွာ ကြုံတွေ့နေရကြောင်း ၊မန္တလေးတိုင်းဒေသကြီးအတွင်း ပုသိမ်ကြီးမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ညောင်ဦးမြို့နယ်အတွင်းမှ ကျေးရွာတချို့တွင် ရေအခက်အခဲ ဖြစ်နေ ကြောင်း၊ မကွေးတိုင်းဒေသကြီး မလွန်မြို့နယ်၊ ပဒါန်းတပ်နယ်ရှိ ငဖဲမြို့နယ်၊ ချောက်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေပြတ်လပ်နေကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၊ ခရမ်း၊ သုံးခွ ၊ ကြည့်မြင်တိုင်မြို့နယ် တဖက်ကမ်း တို့တွင် လည်း ရေရှားပါးမှု များကြုံတွေ့နေရပြီး အဓိကအားဖြင့် ပုဂ္ဂလိက အလှူရှင်များနှင့်အဖွဲ့အစည်းများကိုသာ မှှီခိုအားထား နေရသည်ဟု သိရှိရသည်။
“သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ စုပေါင်းပြီး ခရမ်း၊ သုံးခွဘက်ကို သောက်သုံးရေတွေ တပတ်တခါ သွားလှူနေတယ်။ အဲဒီမှာ အဝီစိတွင်းတွေ တူးလို့မရတော့ ရေကန်တွေကိုပဲ အားကိုးနေရတယ်။ အခုတော့ အဲဒါတွေ ခန်းသွားတော့ သူတို့အတွက် တော်တော် အခက်အခဲ ဖြစ်နေကြတယ်” ဟု ပုဂ္ဂလိက ရေအလှူရှင်တဦးဖြစ်သူ စမ်းချောင်းမြို့နယ်မှ မမော်မော်က ဆိုသည်။
မြန်မာနိုင်ငံ၏ ရာသီဥတု ပြောင်းလဲလာမှု အခြေအနေများကြောင့် ၁၉၈၀ ခုနှစ် နောက်ပိုင်းကစ၍ မုတ်သုံအဝင် နောက်ကျ၍ နှစ်စဉ် မိုးရွာသွန်းမှု လျော့နည်းလာမှုကြောင့် မြေအောက်ရေ သိုလှောင်မှု အပြည့်အ၀ မရရှိရာကနေ သောက်သုံးရေ ရှားပါးမှုများကို ကြုံတွေ့လာရခြင်းဖြစ်သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)ကလည်း သောက်သုံးရေ ပြတ်လပ်မှုများကို ရေတိုအနေနှင့် လှူဒါန်းကူညီမှုများ တဖက်တွင် လုပ်ဆောင်နေပြီး တဖက်တွင်လည်း ရေရှည် စီမံကိန်းများအဖြစ် စက်ရေတွင်း တူးဖော်ခြင်း၊ ရေတွင်း၊ ရေသိုလှောင်ကန်များတည်ဆောက်ခြင်းများ ဆောင်ရွက်ပြီး ဖြေရှင်းနေကြောင်း၊ နာရေးကူညီမှု အသင်း၏ ကူညီဆောင်ရွက်မှုနှင့် ၂၀၁၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ အဝီစိတွင်းပေါင်း ၁၂၅ တွင်း တူးဖော်ပေးခဲ့ကြောင်း အဆိုပါ အသင်းထံမှ သိရှိရသည်။
“ကျနော်တို့ နာရေးကူညီမှု အသင်း( ရန်ကုန်)ကနေ ၂၀၁၀ ခုနှစ်ကတည်းက ရေရှားပါးတဲ့နေရာတွေကို ရေကားတွေနဲ့ သွားလှူတာတွေ ဆက်တိုက်လုပ်ခဲ့တယ်။ ရေရှားပါးမှုက နှစ်စဉ်ဖြစ်လာတော့ အခုဆို အဝီစိတွင်းရေ တူးလို့ ရမယ့်နေရာတွေ တင်ပြလာရင် ကွင်းဆင်းလေ့လာပြီး ရေတွင်းတွေ တူးပေးနေပါတယ်” ဟု နာရေးကူညီမှုအသင်းဥက္ကဌ ဦးကျော်သူက ဆိုသည်။
ရန်ကုန်မြို့တွင်လည်း မီးအားကျဆင်းမှုနှင့် ရေခမ်းခြောက်လာမှုတို့ကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ က ပေးဝေလျက်ရှိသော ရေပေးဝေမှု လျော့နည်းလျက်ရှိရာ ရန်ကုန်မြို့လယ်ခေါင် အထပ်မြင့်တိုက်များတွင် ရေရှားပါးမှု ပြဿနာ ကြုံတွေ့နေရကြောင်း သိရှိရသည်။