ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့နယ်အတွင်း အစိုးရ တပ်မတော်နှင့် ကိုးကန့် တပ်မတော် (MNDAA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်မတော် (AA) ပူးပေါင်း မဟာမိတ် တပ်ဖွဲ့များ အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေကြောင်း သိရသည်။
“တိုက်ပွဲအခြေအနေက ဒီရက်ပိုင်းမှာ တော်တော် အရှိန်ပြင်းထန်လာတယ်။ တပ်မတော်ဘက်က တောက်လျှောက် ထိုးတက်လာတယ်” ဟု TNLA အထွေထွေ အတွင်းရေးမှူး မိုင်းဘုန်းကျော်က ဧရာဝတီကို ပြောသည်။
အစိုးရ တပ်မတော် စစ်ကြောင်းများက ကိုးကန့်ဒေသ အတွင်း၌ ပူးပေါင်းမဟာမိတ် တပ်ဖွဲ့များကို ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်မှုများ ပြုလုပ်နေပြီး နောက်ရက်များတွင်လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်နိုင်ဖွယ် ရှိနေသည်ဟု မိုင်းဘုန်းကျော်က ဆိုသည်။
ယခုရက်ပိုင်းအတွင်း ဖြစ်ပွားသော တိုက်ပွဲများ အတွင်း၌ MNDAA တပ်ဖွဲ့ဝင်များ အဓိက ခြေကုပ်ယူထားသော ပွိုင့်-၁၆၀၇၊ ပွိုင့်-၁၇၀၉ နှင့် ပွိုင့်-၁၇၄၂ တောင်ကုန်း သုံးခုအား အစိုးရ တပ်မတော် စစ်ကြောင်းများက တိုက်ခိုက် သိမ်းပိုက်နိုင်လိုက်ကြောင်း မေလ ၁၂ ရက်ထုတ် တပ်မတော်ပိုင် မြဝတီ သတင်းစာတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် သီတင်းအပတ်မှ စတင်ပြီး ယနေ့နံနက်ပိုင်း အထိ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး အစိုးရ တပ်မတော်ဘက်က ဝေဟင်မှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ကူခြင်း၊ မြေပြင် စစ်ကြောင်းများဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု MNDAA ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းက ဧရာဝတီသို့ ပြောသည်။
“တိုက်ပွဲကတော့ အရှိန်မြင့်တယ်။ မနေ့က တော်တော် ပြင်းပြင်းထန်ထန် ဖြစ်တယ်။ တပ်မတော်က ကျနော်တို့ကို ပစ်တာ လက်နက်ကြီးကျည် တမျိုးထဲကို ၄ ထောင်လောက် ရှိတယ်” ဟု ၎င်းက ဆိုသည်။
ရက်ဆက် ဖြစ်ပွားနေသည့် အဆိုပါ တိုက်ပွဲများ အကြားတွင် နှစ်ဖက်သေဆုံး၊ ဒဏ်ရာရရှိမှုများ ရှိနေသည်။
မေလ ပထမပတ်မှ စတင် ဖြစ်ပွားခဲ့သော အဆိုပါ တိုက်ပွဲများတွင် MNDAA တပ်ဖွဲ့များက မြေအနေအထား အသာစီး ရယူကာ လက်နက်ကြီးများ၊ စက်သေနတ်ကြီးများ၊ စနိုက်ပါများ၊ လက်ပစ်ဗုံးများဖြင့် ပုံသေပစ်ကြောင်းဆင်၍ခုခံ တိုက်ခိုက် သကဲ့သို့ တပ်မတော်စစ်ကြောင်း များကလည်း ပစ်ကျင်းများတူး၍ အဆင့်ဆင့် ချဉ်းကပ်ထားပြီး လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများရယူကာ တိုက်ခိုက်ခဲ့ရကြောင်း မြဝတီ သတင်းစာတွင် ဆက်ဖော်ပြထားသည်။
မေလ ၁၁ ရက်က နှစ်ဖက်တိုက်ပွဲတွင် MNDAA တပ်ဖွဲ့ဝင် ၇ ဦး ရုပ်အလောင်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်း နိုင်ခဲ့ကြောင်းနှင့် တပ်မတော်ဘက်မှ ကျဆုံးစစ်သည်များ ရှိခဲ့ကြောင်း၊ ထို့အပြင် ဒဏ်ရာရ စစ်သည်များကို တပ်မတော် ဆေးရုံများသို့ ပို့ဆောင်ပြီး ဆေးကုသပေးလျက် ရှိကြောင်း မြဝတီ သတင်းစာတွင် ပါရှိသည်။
ယခုလ ၁ ရက်မှ ၆ ရက် အထိ “ဝ” ပြည် သွေးစည်းညီညွှတ်ရေး ပါတီ (UWSP) ထိန်းချုပ်နယ်မြေ တည်ရှိရာ ပန်ဆန်းမြို့၌ ပြုလုပ်သော “တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ထိပ်သီးခေါင်းဆောင်များ မျက်နှာစုံညီ အစည်းအဝေး” တွင် အစိုးရ တပ်မတော်နှင့် လက်ရှိတွင် တိုက်ပွဲများ ဖြစ်ပွားနေသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ရပ်စဲပြီး ဆွေးနွေးညှိနှိုင်း အဖြေရှာရန် တိုက်တွန်းထားသည်။