ပဲခူးမြို့နယ်၊ အင်းတကော် နယ်မြေအပိုင် ရွှေပြည် ၃ ရေလှောင်တမံအနီး ကားလမ်းနံဘေးတွင် အမျိုးသား အလောင်း နှစ်လောင်း လာရောက်ပစ်ချခဲ့မှုနှင့် ပတ်သက်သည့် အဓိက တရားခံ အပါအဝင် တရားခံ သုံးဦးကို ထပ်မံ ဖမ်းဆီးမိပြီ ဖြစ်ကြောင်း ပဲခူးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။
“နောက်ထပ် သုံးယောက် ထပ်ဖမ်းမိတာပါ။ တနေ့က မနက်ပိုင်းက ကားသမား နှစ်ယောက် ထပ်ဖမ်းမိတယ်။ မနေ့က ညနေပိုင်းမှာ အဓိက တရားခံဖြစ်တဲ့ ကျော်သူရကို ဖမ်းမိတာပါ။ ကျော်သူရကတော့ သူ့ဟာသူ ရဲစခန်းကို လာရောက် အဖမ်းခံတာပါ” ဟု ပဲခူးတိုင်း ဒေသကြီး ရဲမှူးကြီး ဝင်းစိန်က ဧရာဝတီကို ပြောသည်။
ထိုလူသတ်မှုကို ကျူးလွန်ခဲ့သည့် တရားခံသည် ငါးဦး ဖြစ်သည်ဟု ယူဆရပြီး ၁ ဦးကို ဖမ်းမိထားပြီး၊ ကျန် ၃ ဦးကို ထပ်မံ ဖမ်းမိခြင်းဖြစ်၍ တရာခံပြေး ၁ ဦးသာ ကျန်ရှိနေသေးကြောင်း၊ လက်ရှိတွင် ဖမ်းဆီးထားသည့် တရားခံများကို စစ်ဆေးမှုများ လုပ်ဆောင်နေသဖြင့် မှုခင်းဖြစ်စဉ် အခြေအနေများကို မပြောပြနိုင်သေးကြောင်း ပဲခူးမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တဦးက ပြောဆိုသည်။
ပြီးခဲ့သည့် မေလ ၅ ရက် နေ့လည်ပိုင်းက လက်ပြန်ကြိုးတုပ်လျက် အနေအထားဖြင့် ဒဏ်ရာများရရှိ သေဆုံးနေသည့် အမျိုးသား ၂ ဦးကို ပရိုဘောက်စ်ကားဖြင့် လာရောက် ပစ်ချခဲ့သည်ကို ဒေသခံများက တွေ့ရှိခဲ့ပြီး ထိုသေဆုံးသူ ၂ ဦး၏ ရုပ်အလောင်း ဓာတ်ပုံများမှာ လူမှု ကွန်ရက်များတွင် ပျံ့နှံ့ခဲ့သည်။
သက်ဆိုင်ရာ ရဲဌာနများ၏ စုံစမ်းမှုအရ အသတ်ခံရသူ ၂ ဦးသည် ညွှန့်ဝေနှင့် ညွှန့်ဆွေ ဆိုသည့် ညီအကို ၂ ဦး ဖြစ်ကြောင်း၊ အဆိုပါ ညီအစ်ကို ၂ ဦးသည် အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှား အကျိုးဆောင် ကုမ္ပဏီတခု ဖွင့်လှစ်ထားကြောင်း သိရသည်။
ထိုညီအစ်ကို ၂ ဦးသည် ဂျပန်နိုင်ငံသို့ အလုပ်သမား ပို့ဆောင်ပေးနေသော ပြည်ပအလုပ်အကိုင် ကုမ္ပဏီ အမည်ခံထားသည့် ကုမ္ပဏီပိုင်ရှင် ကိုကျော်ကျော်နိုင် ဆိုသူနှင့် ချိတ်ဆက်ပြီး ဂျပန်သွားရောက်လိုသော အမျိုးသား ၆ ဦးထံမှ တဦးလျှင် ငွေကျပ် ၁၁၅ သိန်း နှုန်းဖြင့် သိန်း ၆၉၀ ကို ရယူလိမ်လည်ခဲ့ ကြောင်း၊ ကတိအတိုင်း ဂျပန်နိုင်ငံသို့ မပို့ပေးနိုင်သည့် အတွက် လိမ်လည်ခံရသူ ၆ ဦးက ညွှန့်ဝေနှင့် ညွှန့်ဆွေ ညီအစ်ကို ၂ ဦးကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် အမှုဖွင့်ခဲ့ပြီး စမ်းချောင်းမြို့နယ် တရားရုံးတွင် လိမ်လည်မှုဖြင့် တရားစွဲဆိုခဲ့ကြောင်း၊ ယင်းနောက် ငွေလိမ်ခံရသူ ၄ ဦးက ညီအစ်ကို ၂ ဦးကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု စုံစမ်းဖော်ထုတ် ရရှိထားသည်ဟု အင်းတကော် ရဲစခန်းမှ စုံစမ်း သိရှိရသည်။
လိမ်လည်မှုတွင် ပါဝင်သည့် ကုမ္ပဏီပိုင်ရှင် ကိုကျော်ကျော်နိုင် ဆိုသူမှာလည်း ထွက်ပြေး တိမ်းရှောင်နေကြောင်းနှင့် အဆိုပါ လူသတ်တရားခံများကို ပုဒ်မ ၃၀၂ ( လူသတ်မှု) နှင့် ပုဒ်မ ၂၀၁ ( အလောင်းအား ဖျောက်ဖျက်မှု) တို့ဖြင့် အင်းတကော် ရဲစခန်းက အမှုဖွင့် အရေးယူလျက်ရှိပြီး ယင်းအမှုကို ခရိုင်ရဲတပ်ဖွဲ့မှူး ကိုယ်တိုင် စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။