မဲဆန္ဒရှင် စာရင်းများ ထုတ်ပြန်ရာတွင် မှားယွင်းမှုနှင့် လိုအပ်ချက်များ ရှိနေသဖြင့် ပြန်လည် ပြင်ဆင်ပေးရန် ရွေးကောက်ပွဲ ကော် မရှင်ထံသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက တင်ပြထားကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၁၀ခုတွင် ပထမဆုံးအကြိမ် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ခဲ့ရာတွင် အမည် မပါဝင်မှုများ၊ မပါဝင် သင့် သူများနှင့် သေဆုံးသူများ ပါဝင်နေခြင်းများအပေါ် ကော်မရှင်မှ ပြန်လည် ပြင်ဆင်မှုများ ပြုလုပ်ပေးနိုင်ရန် တင်ပြရခြင်းဖြစ်ကြောင်း NLD မှ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က ဧရာဝတီသို့ ပြောသည်။
မဲစာရင်း၌ ပါဝင်ခွင့်မရှိသူများတွင် သာသနာ့ဝန်ထမ်း၊ ထောင်ဒဏ်ကျခံနေရသူ၊ စိတ်ပေါ့သွပ်နေသည်ဟု သက်ဆိုင်ရာ ဥပဒေက ပြ ဌာန်းထားသည့်အတိုင်း သတ်မှတ်ခြင်းခံရသူ၊ လူမွဲအဖြစ် ဆုံးဖြတ်ကြေညာခံထားရခြင်းမှ လွတ်မြောက်ခွင့်မရသေးသူ၊ ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအရ တားမြစ်ခြင်းခံရသူနှင့် နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားအဖြစ် ခံယူထားသူများ ပါဝင်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။
ဦးထွန်းထွန်းဟိန်က“မဲစာရင်းက အိမ်ထောင်စုဇယားနဲ့ ချိတ်ဆက်ထားတော့ အိမ်ထောင်စုဇယား ပျောက်သွားရင် မဲပေးခွင့် ပျောက် သွားမှာပဲ။ အဲဒီလို ရှိနေတာတွေကို ကော်မရှင်က ဖြေရှင်းပေးနိုင်ဖို့ တင်ပြတာ လုပ်ထားပါတယ်”ဟု ပြောသည်။
အခြေခံ မဲဆန္ဒရှင်စာရင်းကို အိမ်ထောင်စု စာရင်းပုံစံကို အခြေခံကာ ကောက်ယူခြင်းဖြစ်ပြီး မြို့နယ်တခုမှ တခြား မြို့နယ်တခုသို့ ပြောင်းရွှေ့ နေထိုင်သည့်အခါ အိမ်ထောင်စု စာရင်းပုံစံကို မပြောင်းဘဲထားပါက ၎င်း၏ အမည်သည် ယခင်နေထိုင်ခဲ့သည့် မြို့နယ် မဲစာရင်းတွင်သာ ပါဝင်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီး ၁၀ မြို့နယ်ရှိ မဲဆန္ဒရှင်စာရင်းများတွင် အမည် မပါဝင်ခြင်းကြောင့် လာရောက် လျှောက် ထားသူ ဦးရေမှာ ၄၅၀၀ ကျော်၊ ကိုယ်ရေး အချက်အလက်များ မှားယွင်းနေခြင်းကြောင့် အမှား ပြင်ဆင်ရန် လာ ရောက် လျှောက်ထားသူ ၂၉၀၀ ကျော်၊ မဲစာရင်းတွင် ကွယ်လွန်ပြီးသူများအပြင် မပါဝင်သင့်သူများ ပါဝင်နေခြင်းကြောင့် ကန့်ကွက်လွှာတင်သူ ၁၂၀၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကိုကိုက“အခုကပ်တဲ့ မဲဆန္ဒရှင် စာရင်းတွေ သည် အားလုံး ပြည့်စုံ မှန်ကန်ပြီလို့ မပြောပါဘူး။ အဲဒီ မဲစာရင်းတွေမှာ အားနည်းချက်တွေ၊ မမှန်ကန်တာတွေ ပါနေဦးမှာပါ။ ပါနေတဲ့ ဟာတွေကို ပြင်ချင် လို့ ကပ်ပေးတာဖြစ်လို့ လာကြည့်ပါလို့ ပြောတာပါ” ဟု ပြောသည်။
လက်ရှိထုတ်ပြန်ထားသည့် မဲစာရင်းများအတွင်း ပျမ်းမျှအနေဖြင့် ၄၀ ရာခိုင်နှုန်းခန့် မှားယွင်းမှုများရှိနေသဖြင့် ၎င်းတို့ကို ကော်မရှင် ကသာ ဖြေရှင်းနိုင်မည်ဖြစ်ပြီး ပါတီအနေဖြင့် မဲစာရင်း စိစစ်မှုများကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဦးထွန်းထွန်းဟိန်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၁၀ ခုတွင် ထုတ်ပြန်ပြီးသည့် မဲစာရင်းများ၏ အားနည်းချက်များအပေါ် ပြည်တွင်း အရပ်ဘက် အဖွဲ့အစည်း ၇ ခုက ပူးပေါင်းလေ့လာခဲ့ရာ အချက်အလက် မှားယွင်းမှုများစွာ တွေ့ရှိရသဖြင့် ကော်မရှင်ထံသို့ အစီအရင်ခံစာ တင်သွင်း သွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မည့် အဖွဲ့ အစည်းတခုဖြစ်သော ဖန်တီးအိမ်အဖွဲ့မှ ဒေါ်ခင်လေးငယ်က ဧရာဝတီသို့ ပြောသည်။
ပြည်သူလူထုအနေဖြင့် မဲစာရင်းများအပေါ် လာရောက်ကြည့်ရှုရန် စိတ်ပါဝင်စားမှု နည်းပါးပြီး မဲဆန္ဒရှင် ပြည်သူ များအား အသိ ပညာ ပေးမှုများကို ယခုထက်ပိုမို လုပ်ဆောင်ပေးသင့်ကြောင်း မဲဆန္ဒရှင် ပညာပေးရေး လုပ် ဆောင်နေသည့် New Myanmar Foundation မှ ဦးသန့်စင် ကလည်း ပြောသည်။
ဒုတိယအဆင့် အခြေခံ မဲဆန္ဒရှင်စာရင်းများကိုလည်း မေလ ၂၅ ရက်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး ၁၄ မြို့နယ်တွင် ၁၄ ရက်ကြာ ကပ်ပေးသွားမည်ဖြစ်ပြီး နောက်ဆုံးကျန်ရှိသည့်မြို့နယ်များကို ဇွန်လကုန်တွင် အပြီး ထုတ်ပြန်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။