ရခိုင်ပြည်နယ် တောင်ကုတ် – စစ်တွေ ပြေးဆွဲနေသော အောင်တံခွန် အမှတ် (၃) သင်္ဘော နစ်မြုပ်မှု၌ သေဆုံးခဲ့ သူများအနက် တရားဝင် လက်မှတ်ဖြင့် စီးနင်းလိုက်ပါသူများကိုသာ လျော်ကြေး ပေးဆောင်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟံစိန်က ပြောသည်။
သင်္ဘော နစ်မြုပ်ရာတွင် သေဆုံး၊ ဒဏ်ရာရရှိမှုများနှင့် ပျက်စီးဆုံးရှုံးမှုများအပေါ် ပို့ဆောင်ရေး ဝန်ကြီးဌာန အနေဖြင့် လျော်ကြေး ပေးရန်ရှိ မရှိကို မေလ ၁၃ ရက်နေ့က ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန် အစည်းအဝေးတွင် ပြည်သူ့ လွှတ်တော် အမတ် ဒေါ်ခင်စောဝေ (ရသေ့တောင်) ၏ မေးမြန်းမှုအပေါ် ဒုတိယဝန်ကြီး ဦးဟံစိန်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
“အသက်သေဆုံးမှု၊ ကုန်ပစ္စည်း ဆုံးရှုံးမှုများနဲ့ ပတ်သက်ပြီး ကျနော်တို့က ခရီးသည်လက်မှတ်ပေါ်မှာသာ သူတပါးထိခိုက်မှု အာမခံ ထားတာကြောင့် အာမခံကြေး ငွေ ကျပ်ငါးသိန်းကိုသာ လျော်ကြေးအဖြစ်ရမှာဖြစ်ပါတယ်။ လက်မှတ်အပေါ်မှာ အသက် အာမခံတို့ ပစ္စည်းဆုံးရှုံးမှုအာမခံတို့ ထားရှိခြင်းမရှိတဲ့ အတွက်ကြောင့်မို့ ဒီဟာအတွက်လျော်ကြေးပေးရန် အစီအစဉ်မရှိကြောင်း ဖြေကြားအပ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးဟံစိန်က ဆိုသည်။
သို့သော်လည်း သေဆုံးသူ၊ ကုန်ပစ္စည်းနှင့် ဒဏ်ရာရသူ အရေအတွက်ကို ပြောဆိုသွားခြင်း မရှိခဲ့ပေ။ ထို့အပြင် သင်္ဘော နစ်မြုပ်မှု၌ သေဆုံးသူတချို့ကို ကျပ် ၅ သိန်းစီ ပေးဆောင်ကြောင်း ဒေသတွင်း သတင်းရပ်ကွက်များထံမှ သိရှိရ သော်လည်း ပေးဆောင်သည့် အရေအတွက်ကို တရားဝင် ထုတ်ဖော် ရှင်းလင်းခြင်းမရှိသဖြင့် ပွင့်လင်းမြင်သာမှု မရှိကြောင်း ဒေါ်ခင်စောဝေက ပြောသည်။
“တယောက် ၅ သိန်းစီ ပေးတယ်လို့ကြားရပေမယ့် စုစုပေါင်း ဘယ်နှယောက်ကိုပေးတယ်၊ ဘယ်မြို့နယ်၊ ဘယ်ဒေသက ဘယ်သူတွေ အစရှိသဖြင့် တိတိကျကျ ဖြေရှင်းချက်တွေ မလုပ်တော့ ပွင့်လင်းမြင်သာမှု မရှိဘူးဖြစ်နေတယ်။ ၁၃ ရက်နေ့က လွှတ်တော်မှာ ဖြေရှင်းသွားတာကိုက ရှင်းရှင်းလင်းလင်းမရှိဘူး” ဟု ဒေါ်ခင်စောဝေက ဧရာဝတီသို့ပြောသည်။
အောင်တံခွန် အမှတ် (၃) သင်္ဘောသည် ကျောက်ဖြူမြို့မှ တဆင့် စစ်တွေသို့ ထွက်ခွာလာစဉ် မြေပုံမြို့နယ် ငပုသုန်ကျွန်းနှင့် မျောက်ကျွိန်ကျွန်း အနီး၌ မတ်လ ၁၃ ရက် ည ၈ နာရီ ဝန်းကျင်တွင် နစ်မြုပ်ခဲ့ခြင်း ဖြစ်ပြီး နစ်မြုပ်မှုကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး အလောင်း ၇၀ ကျော်ကို ဆယ်ယူ ရရှိခဲ့သည်ဟု ပြည်နယ်လွှတ်တော် စုံစမ်းရေးအဖွဲ့က အစီရင်ခံစာ တစောင် ထုတ်ပြန်ခဲ့သည်။
ယင်းသင်္ဘောနစ်မြုပ်မှုနှင့် ပတ်သက်ပြီး ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ မြို့နယ်အဆင့် မန်နေဂျာ ၂ ဦးကို ဧပြီလမှ စ၍ တာဝန်မှ ရပ်စဲလိုက် သကဲ့သို့ တခြားသော အောက်ခြေဝန်ထမ်း ၁၀ ဦး ကျော်ကိုလည်း ရာထူးမှတဆင့် လျှော့ ချလိုက်ခြင်း၊ အငြိမ်းစား ပင်စင်ပေးခြင်း၊ လစာတဝက် ဖြတ်တောက်ခြင်း စသည့် အပြစ်ပေးမှုများကိုပါ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သို့သော်လည်း ရာထူးမှ ရပ်စဲခံထားရသူများ၏ မိသားစုဝင်များက အဆိုပါဖြစ်စဉ်၌ တကယ့်တာဝန်ရှိသူကို အပြစ်ပေး အရေးယူရန် ပျက်ကွက်ခဲ့ပြီး အောက်ခြေဝန်ထမ်းများကို အရေးယူခြင်းဖြစ်သဖြင့် တရားနည်းလမ်းမကျကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။
နစ်မြုပ်သွားသည့် အောင်တံခွန်သင်္ဘောကို ပြန်လည်ဆယ်ယူရန် ပို့ဆောင်ရေး ဝန်ကြီးဌာနမှ ဆုံးဖြတ်ဆောင်ရွက်လျက် ရှိကြောင်း ဒုတိယဝန်ကြီး ဦးဟံစိန်က ပြောသည်။
ရခိုင်ပြည်နယ်အတွင်းပြေးဆွဲနေသည့် ကြံ့ခိုင်မှုအားနည်းနေပြီဖြစ်သော တရုတ်နိုင်ငံထုတ် ရေယာဉ် ဟောင်းများ အစား စံချိန်ပြည့်မီသည့့် ရေယာဉ်အသစ်များ အစားထိုးရန်ရှိမရှိ ဒေါ်ခင်စောဝေ၏ မေးခွန်းကိုတော့ ဂျပန်အစိုးရ၏ ကူညီမှုဖြင့် ရေယာဉ်အသစ်များ အစားထိုး ပြေးဆွဲရန်ရှိကြောင်းနှင့် ခရီးသည်များကိုလည်း ရေယာဉ်နှင့်ပက်သက်သည့် သိသင့်သည် များကိုလည်း ကြိုတင်အသိပေးခြင်းများပြုလုပ်နေကြောင်း ဒုဝန်ကြီးက ဖြေကြားသွားသည်ကို တွေ့ရသည်။