လက်ပံတောင်းတောင် အကြမ်းဖက် ဖြိုခွင်းမှုနှင့် ပတ်သက်၍ ရန်ကုန်မြို့ရှိ တရုတ်သံရုံးအနီးတွင် ဆန္ဒပြမှုနှင့် အဖမ်းခံထားရသည့် ဦးနေမျိုးဇင်၊ ဦးတင်ထွဋ်ပိုင်၊ ဦးသန်းဆွေ၊ ဒေါ်နော်အုန်းလှ၊ ဒေါ်စိန်ထွေးနှင့် ဒေါ်စန်းစန်းဝင်း (ခေါ်) ဒေါ်လေးလေးတို့ ၆ ဦးကို ယနေ့ ရန်ကုန်မြို့၊ ဒဂုံတရားရုံးမှ အလုပ်နှင့် ထောင်ဒဏ် ၄ နှစ် ၄ လ သီးခြားစီ ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။
ပုဒ်မ (၃၅၃) တာဝန်ဝတ္တရား နှောင့်ယှက်မှုအတွက် ၁ နှစ်၊ ၅၀၅ (ခ) အများပြည်သူ အကျိုးပျက်စီးအောင် လုပ်ဆောင်မှု အတွက် ၂ နှစ်၊ ပုဒ်မ (၁၄၇) ရုန်းရင်းဆန်ခတ်မှုနှင့် ဆိုင်သော အမှုအတွက် ၁ နှစ်နှင့် ပုဒ်မ (၁၈) ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ဆိုင်သောအမှု တို့ဖြင့် စုစုပေါင်း ၄ နှစ် ၄ လ စီ ချမှတ်ခဲ့ကြောင်း သိရသည်။
“အားလုံးပေါင်း ၄ နှစ်နဲ့ ၄ လကို သီးခြားစီ ကျခံစေလို့ အမိန့်ချလိုက်ပါတယ်။ ကာယကံရှင်တွေက အယူခံဝင်လိုတဲ့ ဆန္ဒမရှိကြဘူး။ အယူခံဝင်တဲ့အပေါ်ကိုလည်း အယုံအကြည် မရှိဘူးလို့ ပြောတယ်။ ပုဒ်မ ၅၀၅ (ခ) ကို သတ်မှတ်ထားတဲ့ ပုဒ်မ အပြည့်ချတာ တွေ့ရတယ်။ ဒီကိစ္စဟာ အပြစ်မပေးသင့်တာကို အပြစ်ပေးတယ်လို့ပဲ ကျနော်မြင်တယ်” ဟု အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့ ပြည်ထောင်စု ရိပ်သာလမ်းရှိ တရုတ် သံရုံးအနီးတွင် ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်၊ ဒေါ်နော်အုန်းလှ အပါအဝင် တက်ကြွလှုပ်ရှားသူ ၁၀၀ နီးပါးခန့်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် လူထိခိုက်သေဆုံးမှုရှိခဲ့သည့် အကြမ်းဖက်ဖြိုခွင်းမှုကို အလိုမရှိကြောင်းနှင့် အမှုမှန်ဖော်ထုတ်ပေးရန် တရုတ်သံရုံးရှေ့သို့ သွား၍ ဆန္ဒပြရန် ကြိုးစားစဉ် လုံခြုံရေး ယူထားသည့် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ဒဂုံမြို့နယ် ရဲစခန်းမှ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။