အစိုးရတပ်နှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) တို့အကြား ဖြစ်ပွားခဲ့သည့် မေလ ၁၄ ရက်နေ့ တိုက်ပွဲများတွင် မြန်မာနိုင်ငံဘက်မှ လက်နက်ကြီး ကျည် ၂ လုံး တရုတ်နိုင်ငံဘက်သို့ ကျရောက် ပေါက်ကွဲခဲ့ပြီး လူ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး နေအိမ် ၄ လုံး ပျက်စီးသွားကြောင်း သတင်းရရှိသည်။
မေလ ၁၄ ရက်နေ့ ည ၈ နာရီခွဲခန့်က မြန်မာနိုင်ငံဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးမှာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ လင်ချန်းမြို့၊ ကျိမ့်ခန်း ခရိုင်၊ နန်ဆန်မြို့ရှိ ဖုန်ချန် ဟိုတယ်အနီး ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း တရုတ် သတင်းများက ဖော်ပြသည်။
လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသား ၁ ဦးနှင့် မြန်မာနိုင်ငံသား ၄ ဦး ဒဏ်ရာရရှိကာ ကား ၃ စီးနှင့် နေအိမ် ၄ လုံး ပျက်စီးသည်ဟု ဆင်ဟွာ မြန်မာပိုင်းသတင်းတွင် ရေးသားထားသည်။
မြန်မာ-တရုတ် နယ်စပ်၊ ယူနန်ပြည်နယ်တွင် နေထိုင်သည့် တရုတ်အမျိုးသားတဦးက မြန်မာဘက်မှ မတော်တဆ ကျလာသည့် လက်နက်ကြီးများကြောင့် ၎င်း၏ နေအိမ်တွင်ပင် နေထိုင်ရန် ကြောက်ရွံ့နေပြီဟု ပြောကြောင်း South China Morning Post သတင်းစာက ဖော်ပြသည်။
ပေါက်ကွဲမှု ဖြစ်ပွားခြင်းနှင့် ပတ်သက်၍ ပြန်ကြားရေး ဝန်ကြီးဌာနမှ ဝန်ကြီး ဦးရဲထွဋ်က “ပေါက်ကွဲမှုတခု ဖြစ်တိုင်း ဗုံးဆိုတာကို ကျနော်တို့က မစစ်ဆေးဘဲ ပြောလို့ မရဘူး၊ ပေါက်ကွဲမှုတခု ဖြစ်တယ်ဆို အရင်တ ခေါက်ကလိုပဲ အချိန်ယူရမယ်။ ကျနော်တို့ဘက်က အသုံးပြုတဲ့ ယမ်းအမျိုးအစားလား၊ ဗုံးအမျိုးအစားလား၊ ဘယ်လို အမျိုးအစားလဲ ဆိုတာကို ကြည့်ပြီးမှ ကျနော်တို့ ပြောလို့ရမယ်” ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့များကြား တိုက်ပွဲများအတွင်း တရုတ်နိုင်ငံဘက်သို့ မြန်မာဘက်မှ လက်နက်ကြီး ကျရောက် ပေါက်ကွဲသည်မှာ ယခုအကြိမ်ဆိုလျှင် တတိယအကြိမ် ရှိပြီ ဖြစ်ကြောင်း သိရသည်။
ပထမအကြိမ် ကျရောက်ခဲ့သည့် ၂၀၁၅ ခုနှစ်၊ မတ်လ ၈ ရက်နေ့က တရုတ်နိုင်ငံသား လယ်သမား ၄ ဦး သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာ ရရှိခဲ့ကာ ဒုတိယအကြိမ် ကျရောက်မှုတွင် ထိခိုက်ဒဏ်ရာ ရရှိသူ မရှိခဲ့ပေ။
ပထမဆုံးအကြိမ် တရုတ်နိုင်ငံသားများ ထိခိုက်မှုကြောင့် မြန်မာအစိုးရက တရုတ်အစိုးရဘက်သို့ တရားဝင် တောင်းပန်ခဲ့ရပြီး သေဆုံးခဲ့သည့် တရုတ်နိုင်ငံသားများကို တဦးလျှင် အမေရိကန် ဒေါ်လာ တသောင်း ကျော်စီ လျော်ကြေးပေးမည်ဟု ကမ်းလှမ်းထားသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
ကိုးကန့်ဒေသတိုက်ပွဲများတွင် MNDAA ဘက်မှ တအောင်း (ပလောင် )အမျိုးသား လွတ်မြောက်ရေး တပ်မ တော် (TNLA) နှင့် ရကိ္ခုင့် တပ်မတော် (AA) တို့မှ မဟာမိတ်များအဖြစ် ဝင်ရောက် တိုက်ခိုက်ပေးလျက် ရှိသည်။
တပ်မတော်နှင့် MNDAA တို့မှာ မြန်မာ-တရုတ် နယ်စပ်ရှိ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှ စ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။