၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်တွင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်များ မဲပေးနိုင်ရေးအတွက် နည်းလမ်း ၂ ရပ်ဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကိုက “ဒီလို စစ်ဘေးရှောင် မဲပေးပိုင်ခွင့်ရှိတဲ့သူတွေ မဲပေးခွင့် မဆုံးရှုံးအောင် နည်းလမ်း ၂ ရပ်နဲ့ ဆောင်ရွက်ဖို့ အစီအစဉ် ရှိပါတယ်” ဟု ပြောသည်။
ပထမ နည်းလမ်းမှာ စစ်ဘေးရှောင် ဒုက္ခသည် စခန်းများရှိ မဲပေးမည့်သူများ၏ အထောက်အထားပေါ်တွင် မူတည်ပြီး မဲပေးခွင့် ရှိမည်ဖြစ်ကြောင်း၊ ဒုတိယ နည်းလမ်းမှာ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွင် နေထိုင်သူများ မှာ ရက်ပေါင်း ၁၈၀ ကျော်လွန်သူများ ဖြစ်ပါက မဲပေးခွင့်ရရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းရှိ စစ်ဘေးရှောင် ဒုက္ခသည် စခန်များမှာ ကချင်၊ ရှမ်းနှင့် ရခိုင် ပြည်နယ်တို့တွင် အများဆုံး တည်ရှိပြီး ၎င်းနေရာများရှိ ပြည်သူများ မဲပေးခွင့် ရရှိရေး အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တွင် မေလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေး ပါတီများကြား ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရေး ဆွေးနွေးပွဲတွင် ကော်မရှင် တာဝန်ရှိသူတချို့က ပြောသည်။
ပြည်တွင်း စစ်ဘေးရှောင် စခန်းများရှိ လူပုဂ္ဂိုလ်များ၏ လူဦးရေ၊ အိမ်ထောင်စုဦးရေနှင့် ၎င်းတို့မှာ မည်သည့် အရပ်က တိမ်းရှောင်လာသည်ဆိုသော စာရင်းများမှာ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ အသီးသီးတွင် ရှိပြီးသားဖြစ်သဖြင့် ယင်း အချက်အလက်ပေါ်တွင် မူတည်၍ နည်းလမ်း ၂ မျိုးဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ပထမ နည်းလမ်းအနေဖြင့် ရွှေ့ပြောင်း ထွက်ပြေးလာသူများ၏ အိမ်ထောင်စု ဇယား အထောက်အထားများကို သက်ဆိုင်ရာ မြို့နယ် လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနထဲမှ စာရင်းများနှင့် စစ်ဘေးရှောင် စခန်းရှိ စာရင်းများ တိုက်ဆိုင် စစ်ဆေးပြီး မူရင်းဒေသရှိ မဲလက်မှတ်များကို ရွေးကောက်ပွဲ ကျင်းပသည့် အချိန်တွင် ကြိုတင်မဲစနစ် ပုံစံမျိုးဖြင့် ယင်းစစ်ဘေးရှောင်စခန်းသို့ ပေးပို့ကာ မဲပေးနိုင်ရန် စဉ်းစားထားခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဒုတိယ နည်းလမ်းအနေဖြင့် စစ်ဘေးရှောင်စခန်းတွင် ရောက်ရှိနေသူများသည် မူရင်းနေထိုင်ရာဒေသတွင် မဲစာရင်း မပေါ်ခြင်း၊ ၎င်းတို့ ကိုယ်တိုင် မည်သည့်အရပ်က ရွှေ့လာခြင်းကို မမှတ်မိလောက်သည့် အခြေအနေတွင် ယင်းစစ်ဘေးရှောင်စခန်းသို့ ရောက်ရှိနေထိုင်သည့် ရက်ပေါင်း ၁၈၀ ကျော်နေပါက ၎င်းတို့၏ ဆန္ဒကို မေးမြန်းကာ ရွေးကောက်ပွဲ ကြေညာပြီးသည့် အချိန်တွင် မဲပေးခွင့် ပုံစံများ ဖြန့်ဖြူးမည်ဖြစ်ကြောင်း၊ ရောက်ရှိနေသည့် ဒေသရှိ မဲစာရင်းတွင် ဥပဒေနှင့်အညီ ထည့်သွင်းပြီး ယင်းဒေသတွင် မဲပေးနိုင်ရေးအတွက် စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ အတွင်းရေးမှူး ဦးကျော်စိုးအောင်က “သူတို့ပြောတဲ့ အတိုင်းလုပ်မယ် ဆိုရင်တော့ နည်းနည်း မျှမျှတတဖြစ်မယ်လို့ သုံးသပ်ပါတယ်။ သူတို့ဘက်က တကယ် အတိအကျ အမှန်တကယ် လုပ်မယ်ဆိုရင် သူတို့နဲ့ ဝိုင်းဝန်းပြီးတော့ ပံ့ပိုးပေးနိုင်အောင်၊ အဲဒီဒေသခံတွေကို ကိုယ်စားပြုနိုင်တဲ့ နိုင်ငံရေးပါတီတွေကို လက်တွဲခေါ်ဖို့ အရေးကြီးတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၂၀၁၁ မှ ၂၀၁၅ ခုနှစ်၊ ဧပြီလအထိ စစ်ဘေးရှောင် ဒုက္ခသည် အရေအတွက် ၂၄၀၀၀၀ ကျော်ရှိကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှု အကူအညီပေးရေး ပေါင်းစပ် ညှိနှိုင်းရေးရုံး (OCHA) ၏ သတင်း ထုတ်ပြန်ချက်များအရ သိရသည်။
နယ်မြေ တည်ငြိမ် အေးချမ်းမှု မရှိသဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၌ အင်ဂျန်းယန်မြို့နယ် မဲဆန္ဒနယ် ၂ နှင့် ဆွမ်ပရာဘွန် မြို့နယ် မဲဆန္ဒနယ် ၂ တို့တွင် လည်းကောင်း၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၌ ဖားကန့်၊ မိုးကောင်း၊ ဗန်းမော်တို့တွင် လည်းကောင်း ရွေးကောက်ပွဲ မပြုလုပ်နိုင်ခဲ့ပေ။