“For Who” ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံက သဘာဝ သယံဇာတဆိုင်ရာ ပြဿနာတွေကို မြန်မာကာတွန်း ဆရာတွေ စုပေါင်းပြီး ထောက်ပြ ရေးဆွဲထားတဲ့ ကာတွန်းပြပွဲတခုကို မေလ ၁၅ ရက်နေ့က ရန်ကုန်မြို့ ၃၅ လမ်း အလယ်ဘလောက်မှာ ရှိတဲ့ River Ayeyarwaddy Gallery ပန်းချီပြခန်းမှာ ဖွင့်လှစ်ပြသခဲ့ပါတယ်။
ပြပွဲမှာ ဝါရင့် မြန်မာ ကာတွန်းရေးဆရာတွေ ဖြစ်တဲ့ ရွှေမင်းသား၊ မောင်မောင် အောင်၊ အော်ပီကျယ်နဲ့ မောင် မောင်ဖောင်တိန်တို့အပြင် လူငယ်ကာတွန်းဆရာတွေရဲ့ စုစုပေါင်း ကာတွန်းဆရာ ၂၀ ရဲ့ ကာတွန်း လက်ရာ ၆၀ ကို ပြသထားပါတယ်။
ပြပွဲမှာ သဘာဝ သယံဇာတဆိုင်ရာ ပြဿနာတွေကို ဖော်ကြူးထားတာ ဖြစ်တဲ့အတွက် ပြသထားတဲ့ ကာတွန်း တွေဟာ မြန်မာနိုင်ငံရဲ့ မြေပေါ်မြေအောက်နဲ့ ရေထွက် သယံဇာတတွေကို နိုင်ငံနဲ့ ပြည်သူတွေရဲ့ အကျိုးအ တွက် သုံးသင့်သလား၊ ဒါမှမဟုတ် နိုင်ငံကို အုပ်ချုပ်တဲ့ အစိုးရက ပိုင်သလား၊ သယံဇာတ ပေါကြွယ်ဝပေ မယ့် ပြည်သူတွေ ဘာကြောင့် ဆင်းရဲနေရသလဲစတဲ့ မေးခွန်းတွေကို သရုပ်ဖော်ထားတာ တွေ့ရပါတယ်။
ပြပွဲကို သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုတွေ ပြုလုပ်တဲ့ Spectrum (Sustainable Development Knowledge Network)က စီစဉ်တာ ဖြစ်ပါတယ်။
အဲဒီအဖွဲ့ရဲ့ Program Officer ကိုလိုင်လုဏ်က “ကျနော်တို့ မြန်မာနိုင်ငံကြီးက ချမ်းသာတယ်။ သယံဇာတတွေ ရှိနေပါရဲ့နဲ့ ဘာဖြစ်လို့များ ဆင်းရဲနေရပါသလဲဆိုတာရယ်။ ပြီးတော့ နောက်ပိုင်း မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှု တွေ အများကြီး ရောက်လာပြီ။ ပရောဂျက်တွေ၊ ဒါပေမယ့် အဲဒီ ပရောဂျက်တွေက ဘယ်သူ့အတွက်လဲပေါ။့ Development for who ပေါ့ဗျာ” လို့ ပွဲစီစဉ်ဖြစ်တဲ့အကြောင်း ဧရာဝတီကို ပြောပါတယ်။
ပြည်သူတွေဆီကို ကာတွန်းဆရာတွေရဲ့ အတွေးအခေါ်တွေ ပိုရောက်စေချင်တယ်လို့ ကာတွန်းဆရာ အော်ပီကျယ်က ဆိုပါတယ်။
ကာတွန်းဆရာ အော်ပီကျယ်က”ဒီပြပွဲက ကာတွန်းတွေကို မီဒီယာတွေ များများမှာ ပြန်ဖော်ပြ အွန်လိုင်းပဲ ဖြစ် ဖြစ် ပုံနှိပ်မီဒီယာမှာပဲဖြစ်ဖြစ် များများဖော်ပြရင် လူတွေ များများ ဖတ်မိကြရင် ကောင်းမယ်”လို့ ဆိုပါတယ်။
လူငယ် ကာတွန်းဆရာ တယောက်ဖြစ်တဲ့ ဘီရုမာက”လက်ရှိလည်း အပြင်မှာ မြင်တွေ့နေရတဲ့အတိုင်း မြန်မာ မှာရှိတဲ့ သယံဇာတတွေဟာ ဘယ်သူ့အတွက်လဲ ဆိုတာလေးကို သရော်တဲ့ဘက်ကနေ ကာတွန်းအမြင်နဲ့ ဆွဲပေးထားပါတယ်” လို့ ဧရာဝတီကို ပြောပါတယ်။
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ပညာရှင် ဒေါ်ဒေဝီသန့်စင်ကလည်း “နိုင်ငံတော်က သာ မြေပေါ် မြေအောက် သယံဇာတကို ပိုင်တာပါ။ အစိုးရ လုပ်တဲ့သူက မပိုင်ပါဘူး။ နိုင်ငံတော်က ပိုင်တယ် ဆိုကတည်းက ဒါဟာ ပြည်သူပိုင်တဲ့ ပစ္စည်းတွေပါ”လို့ ဖွင့်ပွဲနေ့က အမှတ်တရစကား ပြောခဲ့ပါတယ်။
ပြပွဲအဖွင့်နေ့မှာ ကာတွန်းဆရာတွေ၊ အနုပညာရှင်တွေ၊ သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီကာတွန်းပြပွဲကို ၂၀၁၅ ခုနှစ်၊ မေလ ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ ၃ ရက်တာ ပြသထားမှာ ဖြစ်ပြီး ပြပွဲက ကာတွန်းတွေဟာ ရောင်းချဖို့အတွက် မဟုတ်ပေမယ့် စိတ်ဝင်စားသူတွေကတော့ ကာတွန်းဆရာတွေနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။