နိုင်ငံရေးမှာ ကဗျာဆန်ဖို့ မလိုဘူးတချို့က တွေးကောင်းတွေးကြလိမ့်မယ်။ ဒါပေမယ့် ကမ္ဘာ့မှာ လူဦးရေ အများဆုံး နှစ်နိုင်ငံကို ဦးဆောင်နေတဲ့ ခေါင်းဆောင်နှစ်ယောက်ကတော့ ဒီလို မတွေးကြပါဘူး။
အိန္ဒိယ ဝန်ကြီးချုပ် နရိန်ဒြာ မိုဒီရဲ့ မေလလယ်ပိုင်းတုန်းက တရုတ်ပြည် ခရီးစဉ်ဟာ စီးပွားရေး၊ ကုန်သွယ်ရေး၊ နယ်စပ်ရေးရာ၊ မဟာဗျူဟာမြောက်ဆက်ဆံရေး၊ ပထဝီနိုင်ငံရေး စသဖြင့် ကိစ္စတွေ အတော် များများ ပါသွားတယ်။ သုံးရက်တာ ခရီးအတွင်း အစီအစဉ်တွေကို ကြည့်လိုက်ရင် ကုန်သွယ်ရေး စာချုပ်စာတမ်းတွေ လက်မှတ်ထိုးမယ့် ကိစ္စတွေ ပါဝင်သလို ကုန်သွယ်ရေးမှာ တရုတ်က အသာစီးယူထားတဲ့ ကိစ္စ၊ နယ်စပ်ပြဿနာတွေကလည်း ရှောင်လွှဲမရပါဘူး။
အမျိုးသားရေး ဝါဒီတွေအဖြစ် နာမည်ကြီးတဲ့ ခေါင်းဆောင်နှစ်ယောက်က ဒီလို အမှားအယွင်း မခံတဲ့ ပြဿနာတွေကို စိတ်လိုလက်ရ ဆွေးနွေးလိုက်ကြရင် မီးဟုန်းဟုန်း တောက်ဖို့ပဲ ရှိပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ဒီလို မဟုတ်ဘဲ ထိပ်တိုက်မတွေ့အောင် ခေါင်းဆောင်နှစ်ယောက် စီစဉ်ထားပုံက ကဗျာဆန်ပါတယ်။
နရိန်ဒြာ မိုဒီရဲ့ တရုတ်ခရီးစဉ်မှာ အရင်ဆုံး ခြေချတဲ့ ဒေသက ရှီအန် ဆိုတဲ့ တရုတ်ပြည် အနောက်မြောက်ပိုင်းက ရှေးဟောင်းမြို့ ဖြစ်ပါတယ်။ ရှီအန်မြို့ဟာ ရှီကျင့်ပင်ရဲ့ မွေးဖွားရာ ဇာတိ ရှန်ဇီး ပြည်နယ်ထဲမှာ တည်ရှိပါတယ်။ မနှစ် စက်တင်ဘာလတုန်းက ရှီကျင့်ပင်က အိန္ဒိယကို သွားတဲ့အခါ နယူးဒေလီကို အရင်မသွားဘဲ မိုဒီရဲ့ ဇာတိ ဂူဂျာရတ် ပြည်နယ်ကို အရင်သွားခဲ့တယ်။ ဂူဂျာရတ် ပြည်နယ်မှာ မိုဒီက ရှီကျင့်ပင်ကို တခမ်းတနား ကြိုခဲ့သလိုပဲ၊ တရုတ်သမ္မတလည်း အိန္ဒိယ ဝန်ကြီးချုပ်ကို ရှီအန် မြို့အထိသွားပြီး ခရီးဦးကြိုပါတယ်။ တရုတ် ခေါင်းဆောင်တယောက်က နိုင်ငံခြား ဧည့်သည်တယောက်ကို ဘေဂျင်းမဟုတ် တခြားတမြို့မှာ ထွက်ကြိုတာဟာ အစဉ်အလာ မဟုတ်ပါဘူး။ ဒါဟာ ပထမဆုံးလည်း ဖြစ်ပါတယ်။
တကယ်တော့ ခေါင်းဆောင်နှစ်ယောက် ရှီအန်မြို့မှာ ဆုံရပ်ရွေးချယ်သတ်မှတ်လိုက်တဲ့ နောက်မှာ လေးနက်တဲ့ တခြားအဓိပ္ပါယ်တွေ ရှိပါသေးတယ်။ ရှီအန်မြို့ဟာ တရုတ်မင်းတွေရဲ့ အတိတ်က ထီးနန်းစိုက်ရာ မြို့ဖြစ်ခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၂၀၀ က နတ်ရွာစံခဲ့တဲ့ တရုတ်ပြည်ရဲ့ ပထမဆုံး ဧကရာဇ် ကျင့်ရှီဟောင် ကို မြှုပ်နှံရာ၊ နာမည်ကျော် မြေအုတ်ရုပ်တုတွေ ရှိရာ ရှေးဟောင်းစစ်ပြတိုက် တည်ရှိတဲ့ မြို့ ဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁၀၀ က တန်မင်းဆက်ခေတ်မှာလည်း ရှီအန်မြို့ဟာ ကြီးကျယ်ခမ်းနားတဲ့ နန်းမြု့ိတော် ဖြစ်ခဲ့တယ်။
အရေးအကြီးဆုံးကတော့ ရှီအန် မြို့ဟာ အိန္ဒိယနဲ့ တရုတ်တို့ ယဉ်ကျေးမှု ပေါင်းဆုံရာ နေရာ ဖြစ်ခဲ့တာပါပဲ။ ဒီနေ့ တကမ္ဘာ့လုံးမှာ ရုပ်ရှင်အဖြစ်လည်း အောင်မြင်တဲ့ နာမည်ကျော် တရုတ် ဂန္တဝင် ဝတ္ထု “အနောက်ဘက်သို့ ခရီး” ဟာ ရှီအန် မြို့ကနေ ဇာတ်အိမ် တည်ခဲ့တာပါ။ လွန်ခဲ့တဲ့ အနှစ် ၁၄၀၀ လောက်က (၇ ရာစုလောက်က) ဇူယန်ကျန် ဆိုတဲ့ တရုတ် ဘုန်းတော်ကြီးတပါးဟာ ဒီနေ့ အိန္ဒိယ နိုင်ငံ ရှိတဲ့ နိုင်ငံဘက်ကို ခရီးထွက်ခဲ့တယ်။ ၁၇ နှစ်ကြာတဲ့အခါ တရုတ်ပြည်ကို ပြန်သွားတဲ့အခါ ဗုဒ္ဓ ကျမ်းတွေ၊ ဓာတ်တော်မွေတော်တွေကို ပင့်ဆောင်သွားခဲ့တယ်လို့ ဆိုတယ်။ ချန်အန် ဆိုတဲ့ မြို့မှာ ဘုရားတဆူ တည်ပြီး ဓာတ်တော်မွေတော်တွေကို ဌာပနာခဲ့တယ်လို့ အဆိုရှိတယ်။ အဲဒီ ချန်အန် မြို့ဟာ ရှီအန် မြို့ပါပဲ။
ဗုဒ္ဓ ဓာတ်တော် မွေတော်တွေ ဌာပနာထားတဲ့ စေတီတော်ဟာ ငန်းရိုင်းစေတီလို့ အမည်တွင်ပါတယ်။ ဒါကြောင့် ရှီအန်မြို့ဟာ အဲဒီခေတ်က တရုတ်ပြည်မှာ ဗုဒ္ဓသာသနာ ဖြန့်ဖြူးရာ ဗဟိုချက်ဖြစ်ခဲ့တယ်။ ရှီအန်မြို့က ဒါဇင်ရှန် ဘုန်းကြီးကျောင်းဟာ အိန္ဒိယ ဘုန်းတော်ကြီးတွေဟာ ဗုဒ္ဓကျမ်းဂန်တွေကို တရုတ် ဘာသာ ပြန်ဆိုခဲ့တဲ့ နေရာဌာန ဖြစ်ခဲ့ဖူးတယ်။
မိုဒီရဲ့ ခရီးစဉ် ပထမနေ့မှာပဲ တရုတ်သမ္မတ ရှီကျင့်ပင်က ရှေးဟောင်း စစ်ပြတိုက်ကို လိုက်ပို့ သလို၊ နှစ်နိုင်ငံ ယဉ်ကျေးမှု ပေါင်းဆုံရာဖြစ်တဲ့ ငန်းရိုင်းစေတီကိုလည်း အတူ ဖူးမြော်ခဲ့ကြတယ်။ ဟိန္ဒူ အမျိုးသားရေး ဝါဒီနဲ့ ကွန်မြူနစ် ခေါင်းဆောင်တို့ ပေါင်းစည်းမှုဟာ ရှေးခေတ် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတပါးက အခြေခံတာ ဆန်းနေတာပေါ့။
တကယ်တော့ မိုဒီဟာ တရုတ်ပြည်နဲ့ စိမ်းသူတော့ မဟုတ်ပါဘူး။ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ်ဘဝမှာ တရုတ်ပြည်ကို မကြာခဏသွားခဲ့ဖူးပါတယ်။ ဂူဂျာရတ်မှာ ဟိန္ဒူ မွတ်စလင် လူမျိုးရေး အဓိကရုဏ်းအပြီး ၂၀၀၅ မှာ အမေရိကန်က မိုဒီကို ပြည်ဝင်ခွင့်ပိတ်ခဲ့ပါတယ်၊ ဒါပေမယ့် ၂၀၁၁ မှာ မိုဒီခေါင်းဆောင်တဲ့ စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သွားတဲ့အခါ တရုတ် အစိုးရက ပြည်နယ်ဝန်ကြီးချုပ်ကို နိုင်ငံခေါင်းဆောင်တယောက်လို ကောဇောနီခင်းပြီး ကြိုခဲ့ပါတယ်။ အခုတော့ အိန္ဒိယ ဝန်ကြီးချုပ်ဖြစ်နေတဲ့ မိုဒီက ဒါကို မေ့မှာ မဟုတ်ပါဘူး။
အကျိုးစီးပွားအရလည်း အိန္ဒိယက တရုတ်ကို လိုအပ်ပါတယ်။ မနှစ်က စာရင်းအရ နှစ်နိုင်ငံ ကုန်သွယ်ရေးတန်ဖိုးက အမေရိကန် ဒေါ်လာ ၇၀ ဘီလီယံကျော်ရှိတယ်။ အိန္ဒိယဘက်က ကုန်သွယ်မှု လိုငွေက ၃၈ ဘီလီယံနီးပါးလောက် ရှိနေတယ်။ ဒါကြောင့် အိန္ဒိယထုတ်ကုန်တွေကို တရုတ်ဘက်က ပိုဝယ်အောင် ညှိနှိုင်းဖို့ လိုနေတယ်။ သုံးရက်တာ နောက်ဆုံးရက် မေလ ၁၆ ရက်နေ့မှာ ရှန်ဟိုင်းမှာ စီအီးအိုတွေနဲ့ တွေ့ဆုံမယ့် အစီအစဉ်လည်း ပါဝင်တယ်။ ဒါကို အိန္ဒိယက လိုအပ်နေတဲ့ အခြေခံ အဆောက်အဦပိုင်းမှာ တရုတ်ရဲ့ ငွေပင်ငွေရင်းနဲ့ ကျွမ်းကျင်မှုတွေလည်း လိုအပ်တယ်။
မနှစ် စက်တင်ဘာလတုန်းက တရုတ်သမ္မတက အိန္ဒိယကို သွားတုန်းက လာမယ့် ငါးနှစ်အတွင်း တရုတ်က အိန္ဒိယမှာ ၂၀ ဘီလီယံ ရင်းနှီးမြှုပ်နံှဖို့ ကတိပြုခဲ့တယ်။ အရင်လတုန်းက တရုတ်သမ္မတ အိန္ဒိယရဲ့ ပြိုင်ဖက် ပါကစ္စတန်ကို သွားပြီး အခြေခံ အဆောက်အဦ ကဏ္ဍမှာ ၄၆ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့ ကတိပြုခဲ့တယ်။ အိန္ဒိယမှာလည်း တရုတ် ကုမ္ပဏီတွေ ရထားလမ်းနဲ့ စက်မှုဇုန်တွေ တည်ဆောက်ဖို့ ရည်ရွယ်ချက်ရှိတယ်လို့ တရုတ်သမ္မတက ပြောနေပေမယ့် အစဉ်အလာ ပြိုင်ဖက်ဖြစ်လာတဲ့ အာရှစူပါပါဝါ နှစ်နိုင်ငံကြားမှာ ယုံကြည်မှု တည်ဆောက်ဖို့ အများကြီး လိုအပ်နေပါသေးတယ်။
တရုတ်ပြည်ကို မသွားခင်မှာ မိုဒီက တရုတ်လူမှုကွန်ယက်မီဒီယာ Weibo အကောင့်ဖွင့်ပြီး Hello China လို့ နှုတ်ဆက်ခဲ့တယ်။ တရုတ်ပြည်က အင်တာနက် အသုံးပြုသူတွေနဲ့ တိုက်ရိုက် ဆက်သွယ်ဖို့ ကြိုးစားတာဖြစ်ပါတယ်။ like နဲ့ reply သောင်းဂဏန်းအနည်းငယ်ပဲ ရခဲ့လို့ Twitter မှာ follower ၁၂ ဒသမ ၂ သန်းနဲ့ နှိုင်းယှဉ်ရင် အလွန်နည်း ပါတယ်။ မိုဒီက Hello China လို့ နှုတ်ဆက်တဲ့ အောက်မှာ တရုတ်တွေက တိဘက် တောင်ပိုင်း နယ်မြေကို ပြန်ပေးဖို့ ရိုင်းရိုင်းစိုင်းစိုင်း တောင်းဆိုကြတာမျုးိလည်း တွေ့ရတယ်။
တိဘက် တောင်ပိုင်း နယ်မြေဆိုတာ အိန္ဒိယနိုင်ငံ အာရန်နာချယ်ပရာဒေ့ရှ် ပြည်နယ်ကို ရည်ညွန်းတာပါ။ အကျယ်အဝန်း ဧရိယာ စတုရန်းမိုင် ၃၄၀၀၀ ရှိပါတယ်။ အိန္ဒိယ ဘက်က လည်း ဂျမူးနဲ့ကက်ရှမီးယား မြောက်ပိုင်းက အကျုယ်အဝန်း စတုရန်း ကီလိုမီတာ ၁၅၀၀၀ ကို တရုတ်က တရားမဝင် ကျူးကျော် သိမ်းယူထားတယ်လို့ စွပ်စွဲနေတုန်းပါပဲ။ ၁၉၆၂ ခုနှစ်တုန်းက အဲဒီ နယ်မြေအတွက် နှစ်နိုင်ငံ စစ်ဖြစ်ခဲ့ကြပါတယ်။ စက်တင်ဘာလတုန်းက တရုတ်သမတရဲ့ အိန္ဒိယ ခရီးစဉ် ကာလမှာပဲ နယ်စပ်မှာ နှစ်ဖက်တပ်တွေ နယ်မြေ ကျူးကျော်တယ်လို့ အပြန်အလှန် စွပ်စွဲပြီး သေနတ်ပေါက်တော့မလို ဖြစ်ခဲ့ပါတယ်။
အိန္ဒိယ ဝန်ကြီးချုပ်ရဲ့ အခု ခရီးစဉ်မှာ နယ်စပ်ပြဿနာ ဆွေးနွေးမှာ သေချာပေမယ့် အဖြေထွက်ဖို့တော့ မရှိပါဘူး။ ဒီလိုပဲ အိန္ဒိယရဲ့ ပြိုင်ဖက် ပါကစ္စတန်ကို တရုတ်က စစ်ရေးရော၊ စီးပွားရေးပါ ကျောထောက် နောက်ခံပေးထားတဲ့ ကိစ္စ၊ အိန္ဒိယက တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ ပြည်ပရောက် တိဘက်အစိုးရကို လက်ခံထားတဲ့ ကိစ္စလိုမျိုး တခြား ထိလွယ်ရှလွယ် ကိစ္စတွေ ရှိပါတယ်။ ဒီလိုပဲ အိန္ဒိယနဲ့ အမေရိကန် ဆက်ဆံရေး၊ အိန္ဒိယနဲ့ အာဆီယံ ဆက်ဆံရေး အဆင်ပြေနေတာတွေကို တရုတ်အတွက် ကသိကအောင့် ကိစ္စဖြစ်သလို၊ တောင်အာရှ ဒေသမှာ တရုတ်သြဇာ ဖြန့်ကျက်တာကိုလည်း အိန္ဒိယက စိုးရိမ်ပါတယ်။
ငန်းရိုင်းစေတီကို ဖူးမြော်ရင်း ဓမ္မ လက်ဆောင်တွေ လက်ခံရရှိတဲ့ ပုံကို အိန္ဒိယဝန်ကြီးချုပ်က သူ့ Facebook မှာ တင်ထားပါတယ်။ လက်ဆောင်တခုကတော့ တရုတ်ဘုန်းတော်ကြီး ဇူယန်ကျန် ရဲ့ ရုပ်ထုပုံဖြစ်ပြီး၊ နောက်တခုကတော့ ဘောင်သွင်းထားတဲ့ ဓာတ်ပုံကားချပ်ကြီး ဗုဒ္ဓပုံတော်ဖြစ်ပါ တယ်။ ဗုဒ္ဓပုံ ကားချပ်မှာ Water The Friendship Between India and Chain With Oriental Wisdom ဆိုတဲ့ စာသားလည်း ရေးထားပါတယ်။ “အရှေ့တိုင်း ဉာဏ်ပညာဖြင့် အိန္ဒိယပြည်နှင့် တရုတ်ပြည်တို့ကြားမှာ ချစ်ခင်ရင်းနှီးမှုကို ရေစင်သွန်းလောင်းပါ” လို့ အဓိပ္ပါယ် ကောက်ယူ နိုင်ပါတယ်။ ဒါက မနှစ်က တရုတ်သမတရဲ့ အိန္ဒိယ ခရီးစဉ်မှာ မိုဒီ ပြောခဲ့တာကို ရောင်ပြန်ဟပ် ပါတယ်၊ မိုဒီက တရုတ်နဲ့ အိန္ဒိယတို့ဟာ “နှစ်ကိုယ့်တစိတ်” ပါလို့ ပြောခဲ့ဖူးပါတယ်။
မေလ ၁၄၊ ၁၅၊ ၁၆ သုံးရက်တာ ခရီးစဉ်အတွင်း တခြား ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်တွေလည်းပါဝင်ပါတယ်။ ဘေဂျင်းမှာ အိန္ဒိယ ယောဂနဲ့ တရုတ် တိုင်းချီ ပွဲတော်ကို တရုတ်သမတနဲ့ အတူတက်ရောက်တာ၊ ရှန်ဟိုင်းမှာ ရှိတဲ့ ဖူဒန်း တက္ကသိုလ်မှာ ပထမဆုံး ဂန္ဒီလေ့လာရေးဌာနဖွင့်လှစ်တဲ့ အစီအစဉ်လည်း ပါဝင်ပါတယ်။
တရုတ်နဲ့ အိန္ဒိယတို့ကြားက ယဉ်ကျေးမှု သံခင်းတမန်ခင်း (culture diplomacy) မှာ မျက်နှာစာနှစ်ဖက် ရှိနိုင်ပါတယ်။ မျက်နှာစာတဖက်ကတော့ နှစ်နိုင်ငံကြားမှာ ယဉ်ကျေးမှု ပေါင်းကူးခဲ့တဲ့ အတိတ်သမိုင်းကို ဖော်ထုတ်ပြီး ညီညွတ်မှု ဆုံမှတ်ကိုရှာဖွေတာပါ။ တခြား မျက်နှာစာမှာလည်း နှစ်နိုင်ငံလုံးဟာ ဟိုးအတိတ်ကတည်းက ကြီးကျယ်တဲ့ ယဉ်ကျေးမှု ကိုယ်စီရှိကြတဲ့ အတွက် ဘယ်သူ့ဘယ်သူမှ အောက်ကျခံစရာမလိုဘဲ၊ အပြန်အလှန် လေးစားမှုနဲ့ ထိုက်တန်တယ် ဆိုတာကို ပြသတဲ့ သဘောလည်း ဖြစ်နိုင်ပါတယ်။