ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့မှ မူဆယ်မြို့သို့ သွားသည့် လမ်းပေါ်ရှိ ကွတ်ခိုင်မြို့နယ် အတွင်း ပလောင် (တအာင်း) လွတ်မြောက်ရေး တပ်မတော်(TNLA)က ခရီးသွားကားများထံမှ ဆက်ကြေးငွေများ ထပ်မံ ကောက်ခံလျက်ရှိကြောင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ ရဲစခန်း က ပြောသည်။
ယနေ့ နံနက်ပိုင်းမှ စတင်ပြီး ညနေ ၄ နာရီခန့်အထိ လားရှိုး-မူဆယ်လမ်းပိုင်း၊ နမ့်ဖက်ကာ ပန်ဂျရော့ပ် ကုန်းဆင်းတွင် ကားသေး ကားကြီး ပေါ်မူတည်၍ ကျပ် ၂ သောင်းမှ ၅ သိန်းအထိ ငွေကြေး(ဆက်ကြေး) ကောက်ခံလျက် ရှိကြောင်း နမ့်ဖက်ကာ ဒေသခံ ကိုမိုးထက် က ဧရာဝတီသို့ ပြောသည်။
TNLA က ကားအသေး နံပါတ်အနီ တစီးလျှင် ကျပ် ၂ သောင်း၊ နံပါတ် အနက် ၅ သောင်း၊ ကုန်တင် ၁၂ဘီးကား တစီးလျှင် ၃ သိန်းနှင့် ၁၂ဘီး အထက် ကားများကို ၅သိန်းနှုန်းဖြင့် နမ့်ဖက်ကာ ပန်ဂျရော့ပ် ကုန်းဆင်း နှစ်ဘက်တွင် ငွေကြေး ကောက်ခံနေမှုကြောင့် နမ့်ဖက်ကာနှင့် မူဆယ်ဘက်တို့တွင် ကားလမ်း ပိတ်ဆို့မှုများ ဖြစ်လျက်ရှိကြောင်း ဒေသခံများက ပြောပြသည်။
နမ့်ဖက်ကာ ရဲစခန်းမှ ဒုရဲအုပ်တစ်ဦးက “နယ်မြေခံ တပ်ရင်းဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတော့ရှိတယ်၊ ခြောက်လှန့်ပစ်ခတ် တဲ့ သဘောပါ။ နယ်မြေ ရှင်းလင်း တိုက်ခိုက်တာတော့ မရှိသေးဘူး”ဟု ဧရာဝတီသို့ ပြောသည်။
TNLA က ၂၀၁၅ ခုနှစ် ဧပြီ ၂၉ ရက်ကလည်း “အဖွဲ့ ရန်ပုံငွေ”အမည်တပ်ပြီး ခရီးသွားများထံမှ ငွေကြေး ကောက်ခံမှုများ ပြုလုပ် ခဲ့ရာတွင် နယ်မြေခံ တပ်ရင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ယခုတကြိမ် ထပ်မံ၍ ဆက်ကြေး ကောက်ခံမှု ပြုလုပ်ခြင်း ဖြစ်သည်။
ပလောင် ဒေသတွင် တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး အသုံးစရိတ် များပြားလာသည့်အတွက် ငွေကြေးကောက်ခံရခြင်းဖြစ်ကြောင်း TNLA ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီးမိုင်းအိုက်ကျော် က ဧရာဝတီ သို့ ပြောသည်။
ဗိုလ်ကြီး မိုင်းအိုက်ကျော်က“ကျနော်တို့က ရန်ပုံငွေအနေနဲ့ပဲ ကောက်တာပါ။ ပေးနိုင်တဲ့ နှုန်းထားပဲ ကောက်တာ ဖြစ်တယ်”ဟု ပြော ဆိုသည်။
ငွေကြေးကောက်ခံရာတွင် ပထမအကြိမ် ပေးထားသည့် ပြေစာပြနိုင်ပါက ထပ်မံပေးဆောင်စရာ မလိုကြောင်း၊ ငွေမပေးနိုင်သည့် ကုန်ကားများမှ စပါယ်ယာတချို့ကို ခေါ်ယူထားသော်လည်း ဖမ်းဆီးနှိပ်စက်ခြင်းမျိုး မရှိကြောင်း နမ့်ဖက်ကာ ဒေသခံ ကိုမိုးထက်က ပြောပြသည်။
ကိုမိုးထက်က“ဒေသခံဖြစ်တဲ့ ကျနော်တို့ကတော့ ဘာမှမပြောချင်တော့ဘူး။ ဒီမှာက နှစ်ဘက်စလုံး အဆင်ပြေဖို့ လိုတယ်၊ ပစ်ခတ်မှုတွေဖြစ်လို့ ဒေသခံတွေ ထိမှာတော့ စိုးရိမ်တယ်”ဟု ပြောသည်။
ငွေကြေး ကောက်ခံနေသည့်နေရာသည် နယ်မြေခံ ခြေလျင်တပ်ရင်း(ခလရ) ၁၂၃ နှင့် ၂ မိုင်ခန့်သာ ကွာဝေးပြီး TNLA တပ်မဟာ ၁ ဒု တပ်ရင်းမှူး ကိုယ်တိုင် ဦးစီး၍ ကောက်ခံနေခြင်း ဖြစ်ကြောင်း ယင်းနေရာသို့ ရောက်ရှိနေသည့် မြန်မာ့ခေတ် သတင်းထောက် ကိုစိုင်းကံသာ ကလည်း ပြောပြသည်။
TNLA က တပ်မတော်နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး မေ ၁၄ ရက် ညနေပိုင်းကလည်း ကွတ်ခိုင်မြို့နယ် အခြေစိုက် ခြေ လျင် တပ်ရင်း(ခလရ) ၂၄၂ တောင်ကုန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သေးသည်။
TNLA သည် ကိုးကန့်ဒေသ တိုက်ပွဲများတွင် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ်(MNDAA)ဘက်မှ ဝင်ရောက် တိုက်ခိုက်လျက် ရှိပြီး အစိုးရနှင့် ပဏာမအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးထားခြင်းမရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခု ဖြစ်သည်။