မေလအတွင်း တရုတ်နိုင်ငံ၊ နမ့်စန်မြို့သို့ ကျခဲ့သည့် အမြောက်ကျည် ၆ လုံးမှာ ကိုးကန့်အဖွဲ့ (MNDAA) က မြန်မာ-တရုတ် ဆက်ဆံရေးကို ပျက်ပြားစေရန် ရည်ရွယ်၍ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု တပ်မတော် ကာကွယ်ရေး စီးဦးစီးချုပ်ရုံးက မေလ ၁၈ ရက်တွင် သတင်း ထုတ်ပြန်လိုက်သည်။
တရုတ်နိုင်ငံဘက်သို့ အမြောက်ကျည် ကျခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Mr. Yang Houlan နှင့် မြန်မာ့တပ်မတော် အကြီးအကဲများ နေပြည်တော်တွင် မေလ ၁၈ ရက်က တွေ့ဆုံအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
တပ်မတော်နှင့် ကိုးကန့်အကြား တိုက်ပွဲဖြစ်ပွားနေစဉ် မေလ ၁၄ ရက်တွင် အမြောက်ကျည် ၂ လုံး၊ မေလ ၁၅ ရက်တွင် အမြောက်ကျည် ၄ လုံး တရုတ်နိုင်ငံ၊ နန်ဆန်မြို့အတွင်းသို့ ကျရောက်ခဲ့သည်။
မေလ ၁၄ ရက်နေ့ညက တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းမြို့၊ ကျိမ့်ခန်း ခရိုင်၊ နန်ဆန်မြို့သို့ လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့ပြီး လူ ၅ ဦး ထိခိုက် ဒဏ်ရာခဲ့သည်။
မြန်မာ တပ်မတော်ကမူ မေလ ၁၄ ရက်၊ ညပိုင်းတွင် ၎င်းတို့က ပစ်ခတ်မှုများ မပြုလုပ်ခဲ့သဖြင့် တရုတ်ဘက်သို့ ကျသည့် အမြောက်ကျည်မှာ တပ်မတော်က ပစ်ခတ်ခြင်းမဟုတ်ဟု သတင်းထုတ်ပြန် ငြင်းဆိုလိုက်သည်။
မြန်မာစစ်တပ် အကြီးအကဲများက အမြောက်ကျည်များ တရုတ်နိုင်ငံသို့ ကျပေါက်ကွဲခြင်းတွင် မရိုးသားမှုများ ပါရှိနေကြောင်း၊ MNDAA က မြန်မာ-တရုတ် နှစ်နိုင်ငံ နှင့် တပ်မတော်များအကြား ဆက်ဆံရေး ထိခိုက်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း Mr. Yang Houlan ကို ပြောဆိုလိုက်သည်ဟု သိရသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာပြည်တွင်း သတင်းဌာနများတွင် MNDAA က ဝါဒဖြန့်နေကြောင်း၊ ထိုကဲ့သို့ ဝါဒဖြန့်သတင်းများကို မြန်မာအစိုးရနှင့် တရုတ်အစိုးရတို့က ဝိုင်းဝန်းထိန်းသိမ်းရန် လိုအပ်ကြောင်း တရုတ်သံအမတ်ကြီးကို ပြောဆိုခဲ့သည်ဟု သိရသည်။
တပ်မတော်နှင့် MNDAA တို့ ဖေဖော်ဝါရီ ၉ ရက်မှ စ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲ ဖြစ်ပွားနေစဉ် တပ်မတော်ဘက်မှ MNDAA အဖွဲ့ကို လေကြောင်းဖြင့် တိုက်ခိုက်မှုများ ရှိခဲ့သည်။ မတ်လ ၈ ရက်တွင် တပ်မတော်က လေကြောင်းဖြင့် ပစ်ခတ်လိုက်သည့် ကျည်မှာ တရုတ်နိုင်ငံ ဘက်သို့ ကျရောက်ပေါက်ကွဲပြီး တရုတ်လယ်သမား ၄ ဦး သေဆုံးခဲ့ကာ ၉ ဦး ဒဏ်ရာ ရရှိခဲ့သည်။
လက်ရှိတွင် တပ်မတော်မှ MNDAA ၏ စစ်ဆင်ရေး တောင်ကုန်း ၅ ခုကို သိမ်းပိုက်ထားပြီး စစ်ရေးအရ အသာစီးရ ထားသည်ဟု ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းများ ထုတ်ပြန်ထားသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က MNDAA အဖွဲ့ဝင်များမှာ တိုက်ပွဲမှ ဆုတ်ခွာနေပြီ ဖြစ်သဖြင့် တရုတ်နိုင်ငံ အတွင်း ဖြတ်သန်းသွားလာခြင်း မရှိစေရန် စစ်ဆေးကြပ်မတ်ပေးပါဟူ၍လည်း Mr. Yang Houlan ကို တောင်းဆိုခဲ့သည်ဟု သိရသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံဘက်မှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ အရာရှိကြီးများ၊ တရုတ်နိုင်ငံဘက်မှ တရုတ်နိုင်ငံ သံအမတ်ကြီး နှင့် စစ်သံမှူး Senior Colonel Wang Jinbo တို့ ပါဝင် ဆွေးနွေးခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ MNDAA အဖွဲ့၊ ပြောရေး ဆိုခွင့် ရှိသူ ဦးထွန်းမြတ်လင်းကို ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်ရာ ဆက်သွယ်၍ မရပါ။