ကပ္ပလီ ပင်လယ်ပြင်အတွင်းတွင် ကြံခိုင်မှုမရှိသော လှေများဖြင့် မျောပါနေသည့် အရေအတွက် မသိရသော ဒုက္ခသည်များ တိုးပွားလာနေသည့်အရေး ဒေသတွင်းဆွေးနွေးအဖြေရှာရန် ဖိအားပေးတိုက်တွန်းမှုများကို မြန်မာအစိုးရအနေဖြင့် ကြုံတွေ့နေရပြီဖြစ်သည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ထိုင်းနှင့် မလေးရှား ဝန်ကြီးချုပ်များထံ တိုက်ရိုက်တယ်လီဖုန်းဆက်သွယ်ခဲ့သလို ၎င်း လက်ထောက် Jan Eliasson ကလည်း ဘင်္ဂလားဒေ့ရှ်နှင့် အင်ဒိုနီးရှားထံသို့ ဆက်သွယ်ခဲ့သည်။
ထိုသို့ပြောကြားရာတွင် လှေစီးဒုက္ခသည်များ၏ အသက်ကို ကယ်တင်ရေး နိုင်ငံတကာ ဥပဒေနှင့်အညီ ကူညီရန် လိုအပ်ကြောင်း၊ လာမည့် မေလ ၂၉ ရက်နေ့ ဘန်ကောက်မြို့တွင် ကျင်းပမည့် လှေစီးဒုက္ခသည်အရေးဆွေးနွေးပွဲတွင် ဒေသတွင်းနိုင်ငံများ ပါဝင်ရန်လည်း တိုက်တွန်းခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် အဆိုပါဆွေးနွေးပွဲကို တက်ရောက်မည် မဟုတ်ဟု သမ္မတရုံး ဒါရိုက်တာဦးဇော်ဌေးက မီဒီယာများသို့ ဖြေဆိုခဲ့သည်။ သို့ရာတွင် လှေစီးဒုက္ခသည်များအရေး မြန်မာနိုင်ငံသားများ ဟုတ်မဟုတ် စိစစ်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ မှန်ကန်ကြောင်း သက်သေအထောက် အထား ပြနိုင်ပါကလိုအပ်သည့် ကာကွယ်စောင့်ရှောက်မှု ပြုလုပ်သွား မည်ဖြစ်ကြောင်း၊ သို့သော် ၎င်းတို့ကို ရခိုင်ပြည်နယ်မှ ထွက်ပြေးတိမ်းရှောင်နေသည့် ဒုက္ခသည်များဟု မယူဆကြောင်း၊ ဤပြဿနာမှာ မြန်မာနှင့် ဘင်္ဂလားဒေရှ်မှ လူများကို ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား သို့ ပို့ဆောင်နေသည့် လူကုန်ကူးမှု၏ အကျိုးဆက်ဟု ရှုမြင်ကြောင်း၊ ဤကိစ္စကို ဒေသတွင်းနိုင်ငံ များ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ရန်ကုန်မြို့ မြန်မာနိုင်ငံငြိမ်း ချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) ၌ ယမန်နေ့က ပြုလုပ်သော ပြည်ထောင်စု ဝန်ကြီးများနှင့် နိုင်ငံတကာသံတမန်များ တွေ့ ဆုံပွဲတွင် ပြောဆိုသည်။
ကုလသမဂ္ဂကလည်း လှေစီးဒုက္ခသည်များကို ပြန်လည် နှင်ထုတ်ခြင်းမပြုရန် အရှေ့တောင်အာရှနိုင်ငံများသို့ တောင်းဆိုခဲ့ပြီး ဖြစ်သည်။
အမျိုးသမီးနှင့် ကလေးငယ်အများအပြားပါဝင်သည့် အဆိုပါလှေစီးဒုက္ခသည်များသည် ယခုအခါ ပင်လယ်ပြင်တွင်းတွင် ကျန်းမာရေးချို့ယွင်းခြင်း၊ အစာရေစာ ပြတ်လတ်ခြင်းများဖြင့် ကြုံတွေ့နေကြရသည်။ သတင်းများ၏အဆို ၎င်းတို့သည် မြန်မာနိုင်ငံ အနောက်ခြမ်းနှင့် ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးလာကြသူများ ဖြစ်ကြောင်း သိရသည်။
လှေစီးဒုက္ခသည် ၁၂၀၀၀၀ ကို လက်ခံထားခဲ့ပြီးဖြစ်သည် ဆိုသော မလေးရှားနိုင်ငံက နောက်ထပ် လက်မခံလိုတော့ကြောင်း ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီး ဖြစ်သလို ယခုအခါတွင် မြန်မာအစိုးရက တာဝန်ယူရတော့မည် ဖြစ် သည်ဟု မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ်က မေလ ၁၇ ရက်နေ့တွင် ပြောကြားခဲ့သည်။
“မြန်မာ အစိုးရရဲ့ တာဝန်က သူတို့အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စတွေကို ပြည်တွင်းမှာ ဖြေရှင်းဖို့ ပါပဲ” ဟု မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Muhyiddin Yassin က သတင်းစာ ရှင်းလင်းပွဲတခုတွင် ပြောကြားခဲ့သည်။ အဆိုပါ ဝန်ထုပ်ဝန်ပိုးက အခြားသော အာဆီယံ အဖွဲ့ဝင်များ ပေါ်သို့ ရောက်မလာသင့် ဟုလည်း သူကထပ်ပြောသည်။
လက်ရှိ အချိန်တွင် အာဆီယံအဖွဲ့၏ ဥက္ကဌတာဝန်ယူထားရသည့် မလေးရှားနိုင်ငံက ယခုပြဿနာကို နိုင်ငံတကာ အဆင့် သို့ ရောက်ရှိမသွားမီ မြန်မာနိုင်ငံနှင့် ဆွေးနွေးရန် မျှော်လင့်ထားသည်ဟု နိုင်ငံခြားရေးဝန်ကြီး Anifah Aman က သတင်း ထောက်များကို ပြောသည်။
ယခုနှစ် ပထမ ၃ လ အတွင်းတွင် မှောင်ခိုလှေများဖြင့် ထွက်ပြေးခဲ့ကြသော ရိုဟင်ဂျာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၅၀၀၀ ခန့်ရှိသည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကခန့်မှန်းထားသည်။ ၂၀၁၄ ခုနှစ် ပထမ ၃ လ ပတ်နှင့်စာလျှင် ၂ ဆနီးပါးဖြစ်သည်။
မြန်မာနိုင်ငံမှ ထွက်ခွာလာသည့် ရိုဟင်ဂျာဟု ခေါ်ဆိုနေကြသော မွတ်စလင်များနှင့် နိုင်ငံခြားတွင် ပိုမိုကောင်းမွန်သည့် ဘဝရှာဖွေနိုင်ရန် ထွက်ခွာလာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအတွက် ထိုင်းနိုင်ငံသည်လည်း မလေးရှားနိုင်ငံသို့ မှောင်ခို ဝင်ရောက်ရန် အဓိကကျသော လမ်းကြောင်းဖြစ်သည်။
လှေစီးဒုက္ခသည်ကိစ္စကို အရေးပေါ်ဆွေးနွေးရန်အတွက် နိုင်ငံပေါင်း ၁၅ နိုင်ငံပါဝင်သည့် ဆွေးနွေးပွဲတခုကို ဘန်ကောက်မြို့တွင် မေလ ၂၉ ရက်နေ့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးမည်ဟု ထိုင်းနိုင်ငံက ပြောကြားခဲ့သည်။
သို့သော်လည်း ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိလာသော ဒုက္ခသည် ၂၅၀၀ ခန့်နှင့် ပင်လယ်တွင်းတွင် ရှိနေဆဲဖြစ်သော အခြား ဒုက္ခသည် ၅၀၀၀ ခန့်နှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန် ဒေသတွင်း အစိုးရများထံမှ တုန့်ပြန်မှု မရရှိသေးပါ။
နေပြည်တော် သမ္မတရုံး ဒါရိုက်တာ ဦးဇော်ဌေးက ဘန်ကောက်ဆွေးနွေးပွဲအတွက် တရားဝင် ဖိတ်ကြားမှု မရှိသေးကြောင်းနှင့် ရိုဟင်ဂျာ ဆိုသည့် အသုံးအနှုံးကို အသုံးပြုပါက တက်ရောက်မည် မဟုတ်ကြောင်း မေလ ၁၇ ရက်နေ့တွင် ပြောကြားခဲ့သည်။
နိုင်ငံတကာ အစိုးရများက လူကုန်ကူးမှုနှင့် ကျွန်ပြုခြင်း ပြဿနာများကို မြန်မာနိုင်ငံ အပေါ် အပြစ်ပုံချခြင်းဖြင့် ဖြေရှင်းရန် ကြိုးစားနေကြသည်ဟု သူက စွပ်စွဲလိုက်သည်။ “မြန်မာနိုင်ငံဟာ ပြဿနာရဲ့ အရင်းအမြစ်လို့ စွပ်စွဲနေကြတာကို ကျနော်တို့ လက်မခံပါဘူး” ဟု သူက ပြောသည်။
အမေရိကန် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Eric Schultz က ရွှေ့ပြောင်းနေထိုင်သူများနှင့် ပက်သက်၍ မြန်မာနိုင်ငံအပေါ် အမေရိကန် အစိုးရ၏ စိုးရိမ်မှုများ ဆက်ရှိနေမည်ဟု ဆိုသည်။ “ဘာကြောင့်လဲဆိုတော့ လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခတွေ အပြင် ဆိုးရွားတဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ စီးပွားရေး အခြေအနေတွေ ကြုံတွေ့နေကြရလို့ ဖြစ်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ခွဲခြားကန့်သတ်မှုများ အဆုံးမသတ်သေးသရွေ့ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်သန်း၍ အန္တရယ်များသည့် လမ်းမှ စွန့်ခွာထွက်ပြေးမှုများ ဆက်လက်ရှိနေလိမ့်မည်ဟု ကုလသမဂ္ဂအဖွဲ့ကလည်း ပြောခဲ့သည်။
မြန်မာနိုင်ငံမှ လူဦးရေ ၁.၁ သန်းခန့်ရှိသည့် ရိုဟင်ဂျာများဟု ကိုယ့်ကိုယ်ကိုယ်ခေါ်ပြီး ဘင်္ဂလီများဟု မြန်မာအစိုးရက ခေါ်သည့် မွတ်ဆလင်များသည် နိုင်ငံမဲ့များဖြစ်ကြပြီး လူမျိုးရေးခွဲခြားခံရသည့် အခြေအနေမျိုးတွင် နေထိုင်နေကြသူများ ဖြစ်သည်။
လတ်တလောရက်များအတွင်း မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့က လူအပြည့်အသိပ် တင်လာသည့် လှေများကို သူတို့၏ ကမ်းခြေများမှ ပြန်နှင်ထုတ်ခဲ့ခြင်းကို International Organization for Migration (IOM) က ပင်လယ်တွင်းတွင် “လူ့အသက်များဖြင့် ပင်ပေါင်ကစားခြင်း”ဟု ဝေဖန်ခဲ့သည်။
ရာနှင့် ချီသော ရွှေ့ပြောင်းဝင်ရောက်လာသူများ လိုက်ပါလာသည့် လှေကို ထိုင်းရေတပ် ပင်လယ်ပြင်သို့ ပြန်လည်ဆွဲယူ သွားခြင်းနှင့် မလေးရှားတာဝန်ရှိသူများက ကြားဖြတ်ဟန့်တားခြင်းများကို ထိုင်းနိုင်ငံ နယ်စပ်ကမ်းရိုးတန်း အနီးမှ မော် တော်ဘုတ် တစီးပေါ်တွင် ရှိနေသော ရိုက်တာသတင်းထောက်များက ၂ ကြိမ် မြင်တွေ့ခဲ့ရသည်။
အမေရိကန် နိုင်ငံက ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံကို လူကုန်ကူးမှုအများဆုံးရှိရာ နိုင်ငံများ စာရင်းတွင် အဆင့်နှိမ့် ဖော်ပြ ခဲ့သည်။