၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့ နံနက်ပိုင်း။ ကောင်းကင်တခုလုံး အုံ့မှိုင်းနေပြီး မုန်တိုင်းရှိသည်ဟု ကြေညာထားသော်လည်း ဟိုင်းကြီးကျွန်းမြို့နယ် ပတ်ဝန်းကျင်တွင် အေးဆေး တည်ငြိမ်နေဆဲ။ မုန်တိုင်းလာမည့်အရေး စိုးရိမ်ပြင်ဆင်သူများ ရှိသကဲ့ သို့ အေးအေးလူလူ ဂရုမမူဘဲ နေသူများရှိနေသည်။ မွန်းတည့်ချိန်နီးကပ်လာသည်နှင့်အမျှ ပင်လယ်ဘက်မှ လေကြမ်းများ တရစပ် ရိုက်ခတ်လာပြီး ပတ်ဝန်းကျင်တခုလုံးမှောင်အတိကျသွားသည်။ ယင်းနောက် မိုးနှင့်လေပါ အပြင်းအထန် ရိုက်ခတ် လာပြီး ပင်လယ်ဘက်မှ ဒီရေများ တရှိန်ထိုးမြင့်တက်လာသည်။
ဟိုင်းကြီးကျွန်းမြို့နယ်ရှိ ၁၆ ကုတင်ဆန့် တိုက်နယ်ဆေးရုံတွင် အထက်တန်းသူနာပြုဘဝဖြင့် တာဝန်ကျနေသော ကိုစနိုင်နိုင်ထွန်း တယောက် မုန်တိုင်းရှိသည်ဆိုသော ကြေညာချက်ရှိကတည်းက စိုးရိမ်ပူပန်မှုများရှိခဲ့ရာ ယခုအခါ နာဂစ်ဆိုင်းကလုန်းမုန်တိုင်းကြီးက သူနေထိုင်ရာ ဟိုင်းကြီးကျွန်းမြို့နယ်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီ။
“အဲဒီအချိန်မှာ ကျနော်တို့ကို ကျနော်တို့ သက်မှတ်ထားလိုက်တာက သေလူပါပဲ။ ဒီရေတွေနဲ့အတူ လှိုင်းတွေ၊ လေတွေ အရမ်း မြင့်တတ်လာတာဟာ အသက်ရှင်ဖို့ လမ်းတောင် မမြင်တော့ဘူးလို့ ထင်မိတယ်”ဟု အသက် ၃၇ နှစ်အရွယ် ကိုစနိုင်နိုင်ထွန်း က ပြောသည်။
ကိုစနိုင်နိုင်ထွန်းသည် နာဂစ်မုန်တိုင်း၏ ဗဟိုချက်မနှင့် အနီးဆုံးဖြစ်သည့် ဟိုင်းကြီး ကျွန်းမြို့နယ်တွင် ရှိနေခဲ့ပြီး မုန်တိုင်း၏ ဒဏ်ကို လည်း အလူးအလည်း ခံခဲ့ရသူများတွင် တဦး အပါအဝင် ဖြစ်သည်။
“ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ မုန်တိုင်းသတင်း ကြေညာတော့ ကျနော်တို့ သိပ်ကြောက်ရွံ့တာမျိုး မဖြစ်ခဲ့ဘူး။ ဒါပေမယ့် မုန်တိုင်း သတင်းကိုတော့ ဆေးရုံက လူနာတွေရော လူနာစောင့်တွေအားလုံးကိုပါ သတိပေးထားတယ်။ မုန်တိုင်း တိုက် တဲ့နေ့ နေ့လည် ၁၂ နာရီလောက်မှာ လေတွေ တော်တော်တိုက်လာပြီ ရေဒီယိုကနေလည်း လေတိုက်နှုန်း မိုင် ၁၀၀ ကျော် လာပြီဆိုတာကိုလည်း အော်နေသံ ကြားနေရတယ်။ အဲဒီတုန်းက ကျနော်တို့တွေ ရေဒီယိုဖွင့်ထားကြတယ်။ နောက် တနာရီ လောက်မှာ ဆေးရုံဘေးက အိမ်လေးတွေရဲ့ အမိုးတွေ အကုန် လန်ကုန်ပြီ။ အဲဒီကနေ မကြာဘူး။ ကျနော်တို့ ဆေးရုံ အမိုးတွေလည်း လှန်ကုန်တယ်။ နောက်တော့ လေအရမ်းကြမ်းလာပြီး ဆေးရုံက ထုပ်တန်းတွေ၊ မျက်နှာကြက်တွေ အကုန် ပြုတ်ကျလာတယ်။ အဲဒီမှာ ကျနော်တို့လည်း ဒီလိုနေလို့ မဖြစ်တော့ဘူးဆိုပြီး။ လူနာတွေရော၊ လူနာစောင့် တွေကို ပါ နီးစပ်ရာ သံကုတင်အောက်တွေမှာ ပုန်းနေခိုင်းလိုက်တယ်။ ကုတင်အောက်တွေမှာ ပုန်းနေရင်း သိမ့်မကြာဘူး။ လေတွေ အရမ်းတိုက်နေရင်းနဲ့ အတူ ဒီရေတွေပါ တက်လာတော့တာပဲ” ဟု ကိုစနိုင်နိုင်ထွန်းက ပြောသည်
နာဂစ်မုန်တိုင်းတိုက်ခတ်ချိန် ဟိုင်းကြီးကျွန်းမြို့နယ်၊ တိုက်နယ်ဆေးရုံတွင် မီးဖွားထားသည့် မိခင် ၂ ဦးနှင့် မွေးစ ကလေး ငယ် ၂ ဦး အပါအဝင် လူနာ ၂၀ ကျော်၊ လူနာစောင့်များ၊ ဆေးရုံဝန်ထမ်းများ အပါအဝင် စုစုပေါင်း လူ ၇၀ ခန့်ရှိနေသည်။
မုန်တိုင်း တိုက်ခတ်နေသည့်အချိန် ဆေးရုံအပြင်ဘက်တွင် သစ်ပင်ကြီး၊ ငယ် အားလုံးလိုလို ပြိုလဲနေပြီး ပတ်ဝန်းကျင် အရပ်ရပ် မှ လေနှင့်အတူ လွှင့်လာသည့် အိမ်အမိုး သွပ်ပြားများကြောင့် ဆေးရုံအဆောက်အအုံအတွင်း ရှိနေကြသည့် လူပေါင်း ၇၀ နီးပါးမှာ ဆေးရုံအပြင်ဘက်သို့ ထွက်ပြေးရန် အခွင့်မသာဘဲ အသက်ဘေးလွတ်ရာ အတွက် ဆေးရုံတိုက်ခန်း အတွင်း တွင်ပင် ရှိနေကြသည်ဟု ဆိုသည်။
“ကျနော်တို့ အပြင်ထွက်ပြေးလို့မရတော့ အဲဒီမှာရှိတဲ့ သံကုတင်တွေဆင့်ပြီး အပေါ်ကို တင်နေရင်းနဲ့ပဲ ဒီရေက ရင်ခေါင်း နား ကို ရောက်လာတယ်။ ရေတတ်တာအရမ်းမြန်တယ်။ အဲဒါနဲ့ တချို့ကို ကုတင်ပေါ်မှာ နေခိုင်းတယ်။ လူများတော့ ကုတင် ပေါ်နဲ့ မလောက်ဘူး။ ရေတွေကလည်း ထပ်တက်လာပြီဆိုတော့ ရေထပ်တက်လာရင် ရေမြုပ်သွားနိုင်တယ်လို့ တွေးပြီး အရေးကြီးတဲ့ လူနာတွေကို ကုတင်ပေါ်ကနေ ဆေးရုံအဆောက်အအုံနံရံပေါ်က ထုပ်တန်းတွေအပေါ်ကို တက် ခိုင်းရတယ်။ မွေးစ ကလေးနဲ့ လူနာတွေကိုလည်း အတင်းတက်ခိုင်းရတယ်။ အဲဒီအချိန် ဘာမှ စဉ်းစားတွေဝေနေလို့ မရတော့ဘူး။ ဒီရေတွေက လေကြမ်းတွေနဲ့အတူ တောက်လျှောက်တက်လာနေပြီ” ဟု သူက ဆိုသည်။
ဆေးရုံအတွင်းရှိ လူနာများနှင့် လူများအားလုံး လုံခြုံစိတ်ချရနိုင်သည့် အခြေအနေရောက်မှ ကိုစနိုင်နိုင်ထွန်းတယောက် နီးစပ်ရာ ဆေးရုံပြူတင်းပေါက်မှန်ကို ရိုက်ခွဲ၍ ပြတင်းတံခါးဘောင်ပေါ်တက်နေခဲ့ရသည်ဟု သူက ဆိုသည်။
နာဂစ်မုန်တိုင်းသည် မေလ ၂ရက်နေ့ ညနေ ၅ နာရီအထိ တိုက်ခတ်နေပြီး ညနေ ၆ နာရီခန့်တွင် တဖြည်းဖြည်း အရှိန် လျော့ကာ မုန်တိုင်းကြောင့် တက်လာသည့် ဒီရေလှိုင်များသည်လည်း တဖြည်းဖြည်း ပြန်လည်ကျဆင်းသွားသည်။
“ စိတ်ချလောက်တဲ့အခြေအနေရောက်မှ ကျနော်အရင် အောက်ပြန်ဆင်းတယ်။ အဲဒီမှာ ကျနော်ပထမဆုံး သတိရမိတာက ဒီမနက်မှ မွေးထားတဲ့ ကလေးနှစ်ယောက် အခြေအနေကိုပါ။ ဒါနဲ့ ထုပ်တန်းပေါ်မှာ ရောက်နေတဲ့ မိခင်တွေကနေတဆင့် ကလေးအခြေအနေကို မေးကြည့်တော့ ကလေး၂ ယောက်စလုံးက မိုးရေကြောင့် ရေမွန်းပြီး ပြာနေပြီ။ လှုပ်ရှားမှုလည်း သိပ်မရှိဘူးလို့ ပြန်ပြောသံလည်းကြားရော ကျနော် တော်တော်စိတ်ပူသွားတယ်။ ကလေးတွေကို ချက်ချင်း ယူပြီး ကြည့် လိုက်တော့ ၂ ယောက်စလုံး အသက်မရှုတော့ဘူး။ အဲဒီအချိန်မှာ ကျနော်ကပဲ ထူပူနေလို့လားမသိဘူး။ ကလေးနှလုံးခုန်သံ နားထောင်တာ တယောက်က လုံး၀ မကြားရဘူး။ နောက်တယောက်ကတော့ ဒိတ်၊ ဒိတ်၊ ဒိတ်နဲ့ တချက်တချက် ကြား ရတယ်။ ဒါနဲ့ ကျနော်လည်း သေချာတဲ့ ကလေးကို အရင် ကျနော်နားလည်သလောက် ပြုစုတယ်။ ပါးစပ်ထဲက အကျိ အချွဲတွေကို ပါးစပ်နဲ့ စုပ်ထုတ်၊ မိုးရေကြောင့် တကိုယ်လုံး အေးစက်နေတဲ့ ခန္ခာကိုယ်သေးသေးလေးကို နွေးလာအောင် ပြန်လုပ်နဲ့ တော်တော်ကြာတော့မှ ကလေးက နည်းနည်း ပုံမှန် ပြန်ဖြစ်လာတယ်။ အဲဒါနဲ့ မိုးလွတ်ရာ ခိုနေတဲ့ ကျနော်တို့နဲ့ နည်းနည်း လှမ်းတဲ့ တာဝန်ကျ ဆရာဝန်ဆီကို သွားပေးလိုက်တယ်” ဟု ကိုစနိုင်နိုင်ထွန်းက ဆိုသည်။
ဆရာဝန်ဆီ ရောက်သွားသည့် ကလေး စိတ်ချရသည့် အခြေအနေရောက်မှသာ ကိုစနိုင်နိုင်သည် သေဆုံးသွားပြီဟု ယူဆ ထားသည့် အခြားမွေးစ ကလေးငယ် အနားသို့ ပြန်လည်သွားရောက်ခဲ့ပြီး အဆိုပါကလေးငယ်ကို ထပ်မံ စစ်ဆေး ကြည့် သည်။
“ဒုတိယမြောက်ကလေးကို ကျနော်လည်း နောက်တခေါက်လောက် သူနာပြုနည်းတွေနည်း ပြုစုကြည့်တယ်။ ဒါပေမယ့် ကလေး က လုံး၀ လှုပ်ရှားမှုလည်း မရှိဘူး။ အသက်လည်း လုံးဝမရှုဘူး။ ဒါနဲ့ ကျနော်လည်း စိတ်ကိုလျော့လိုက်ပြီး ကလေး ကို ကျောပေးအလှည့်မှာ ကလေးအပေါ်တင်ထားတဲ့ ကျနော့်လက်ချောင်းကို ကလေးရဲ့ လက်ချောင်းလေးတွေက ကွေးပြီး လာချိတ်တယ်လို့ ခံစားလိုက်ရတယ်။ ကျနော်အရမ်းပျော်သွားတယ်။ ကလေးမသေသေးဘူးဆိုပြီး ကျနော်အစွမ်းကုန် ကြိုးစား လိုက်တယ်။ အဲဒီကြိုးစားမှုက အရာထင်ပါတယ်။ ကလေးက အသက်ငွေ့ငွေ့လည်းနဲ့ ပြန်ရှင်လာတယ်” ဟု သူက ပြောဆိုသည်။
နာဂစ်မုန်တိုင်းတိုက်ခတ်ချိန်တွင် စွန့်စွန့်စားစား ကယ်ဆယ်မှုများပြုလုပ်ပြီးနောက် မုန်တိုင်းပြီးစအချိန်တွင်လည်း မွေးဖွား ရန် ခက်ခဲနေသော မိခင်တဦးထံသို သူ ခက်ခက်ခဲခဲသွားရောက်ပြုစု မီးဖွားပေးခဲ့ရပြန်သည်။
ဟိုင်းကြီးကျွန်းမြို့နယ်၊ အမှတ် ၁ ရပ်ကွက်အတွင်း မွေးလူနာတဦး မီးမဖွားနိုင်ဖြစ်နေသည်ကို အရေးပေါ် သွားရောက် ပြုစု မီးဖွားပေးခဲ့ရပြီး အရေးပေါ် သွားရောက်ရခြင်းဖြစ်၍ မွေးဖွားမှု အထောက်အကူပြု ဆေးဝါး၊ အကူပစ္စည်း ဘာတခုမျှ မရှိဘဲ သွား ရောက်မွေးဖွားပေးခဲ့ရခြင်းဖြစ်သည်။
“ ကျနော့်မှာ မွေးပေးဖို့ လက်အိတ်ကအစ ဘာမှ မရှိဘူး။ အရေးပေါ် လာခေါ်တာဆိုတော့ မုန်းတိုင်းပြီးစ အချိန်မှာ မွေးလူနာ အိမ်ကို တနာရီနီးပါးခန့် ကြာအောင် သွားရတယ်။ လက်အိတ်လဲမပါဘူး။ အဲဒီအိမ်ရောက်တော့လည်း နာဂစ် တိုက်လို့ အိမ်ပြိုတော့မယ့်အခြေအနေ။ အိမ်က ဝါးအိမ်၊ အမိုးတွေကလည်း မရှိတော့ဘူး။ မွေးလူနာအတွက် မိုးကာ အစုတ်လေး ကာထားတာပဲ ရှိတယ်။ အဲဒီအိမ်အခြေအနေကလည်း ကျနော် အိမ်ပေါ်တတ်တာနဲ့ ပြိုမှာ။ အဲဒါနဲ့ အိမ်အောက် မှာ မွေးလူနာရဲ့ခင်ပွန်း အမျိုးသားကျောပေါ် ကျနော် တက်ခွ ထိုင်ပြီး မွေးပေးရတယ်။ အဲဒီမှာ ရှိတာက မွေးလူနာ အမေရယ်၊ သူ့အမျိုးသားရယ်၊ လက်သည်တဦးရယ် ဒါပဲရှိတယ်” ဟု ကိုစနိုင်နိုင်ထွန်းက သူ၏ အတွေ့အကြုံကို ပြန်ပြောင်းပြောဆိုသည်။
မွေးလူနာသည် ကလေး မီးဖွားမှုကို အဆင်ပြေပြေ မီးဖွားနိုင်ခဲ့သော်လည်း မီးဖွားပြီးနောက် အချင်းမကျမှု၊ ကလေး ချက် ကြိုး ဖြတ်ရန် အသုံးအဆောင်ပစ္စည်းမရှိမှု အပါအဝင် အခက်အခဲများစွာ ကြုံတွေ့ရပြန်သည်။
“ လက်အိတ်တွေ ဘာတွေ ရှိရင်တောင် ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိဦးမယ်။ အခုက ဘာမှ မရှိဘူးဆိုတော့ ကျနော့်စိတ်ထဲ တမျိုး ကြီး ဖြစ်တာပေါ့။ ကျနော်ရောက်တော့ မွေးလူနာက တအားညှစ်နေပြီ။ အဲဒါနဲ့ မကြာဘူး။ မွေးတော့တာပဲ။ ဒါပေမယ့် မွေးလာတဲ့ကလေးကို ချက်ကြိုးဖြတ်ဖို့ ဘာမှ မရှိဘူး။ သူတို့ဆီမှာ ဖြတ်စရာ ဘာရှိလည်းလို့ မေးတော့ ကျနော့်ကို လာပေး တာက သံကြေးတက်နေတဲ့ ဓားကြီးလာပေးတယ်။ ကျနော်လည်း အဲဒီဓားနဲ့ပဲ ဖြတ်ခဲ့ရတယ်။ နောက်ပြီး ချက်ကြိုးချည်ဖို့ ကြိုးမရှိ လို့ ကျနော့်ပုဆိုးအနားစကို ဖြဲပြီး ချက်ကြိုးချည်ရတယ်” ဟု ဆိုသည်။
ကလေးမီးဖွားပြီးသော်လည်း ကလေးမိခင်မှာ အချင်းမကျဘဲ ဖြစ်နေရာ မိခင်အတွက် စိုးရိမ်ရသည့်အခြေအနေဖြစ်သည်။
“ ကလေးကိစ္စတွေ ပြီးလို့ အချင်းချတော့ အချင်းက ကျမလာဘူး။ ကျနော်တတ်သိနားလည်တာတွေနဲ့ ဘယ်လိုလုပ်လုပ် အချင်းမကျလာဘူး။ ဘယ်ဟုတ်မလဲ အချင်းက ကပ်နေတာကိုး။ အဲဒါနဲ့ ကျနော်လည်း ဖြစ်ချင်ရာ ဖြစ်ဆိုပြီး မွေးလမ်း ကြောင်း ထဲ လက်နှိုက်ပြီး အချင်းကို ဆွဲခွာခဲ့ရတယ်။ အချင်းခွာတဲ့အချိန်က ၄၅ မိနစ်လောက် ကြာတယ်။ အချင်းမကျလို့ ကျနော့်မှာ ဇောချွေးတွေပြန်ပြီး ခေါင်းတွေက မူးနောက်နောက် ဖြစ်နေပြီ။ နောက်ဆုံး အချင်းကျမှပဲ ကျနော် ဟင်းချ နိုင်တော့ တယ်” ဟု သူက ပြေသည်။
ဆေးဝါးမရှိ၊ ကိရိယာပစ္စည်း တခုမျှ မပါဘဲ သူနာပြု အတွေ့အကြုံ၊ သင်ခန်းစာများဖြင့် မွေးဖွားပေးခဲ့ရသည့်အတွက် ကလေး နှင့်မိခင် နောက်ဆက်တွဲ ရောဂါပိုးဝင်ရောက်မည်ကို သူ အလွန်စိုးရိမ်နေခဲ့ရသည်။
နောက်တနေ့ မိုးလင်းသည်နှင့် ကလေးနှင့်မိခင်ကို သူသွားရောက်စစ်ဆေးပြီး ဆေးရုံမှ လိုအပ်သော ဆေးဝါးများ ယူဆောင်သွားခဲ့သည်။ နေ့စဉ် ကလေးနှင့်မိခင်ကို သွားရောက်ကြည့်ရှုခဲ့ပြီး ကလေးရော၊ မိခင်ပါ ကျန်းကျန်းမာမာ ရှိခဲ့သည်။
“ ကျနော် မနက် အိပ်ယာ နိုးနိုးချင်း၊ မျက်နှာသစ် အားလုံး ပြီးတာနဲ့ အဲဒီ အိမ်ဘက်ကို ခြေဦးလှည့်ခဲ့တယ်။ ဒီတခါတော့ ကလေးအတွက်ရော အမေအတွက်ပါ မေးခိုင်ရောဂါပိုး မဝင်နိုင်မယ့် ဆေးဝါးတွေ ကျနော်ယူသွားမိတယ်။ နောက်ရက် တွေမှာလည်း ကျနော် တနေ့ အနည်းဆုံး တခေါက်လောက် ရောက်အောင်သွားကြည့်မိတယ်” ဟု သူက ရှင်းပြသည်။
နာဂစ်မုန်တိုင်းအတွင်း သူတွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်၊ ကူညီစောင့်ရှောက်မှုများကို ၇ နှစ်ကြာပြီးမှ နိုင်ငံတကာ အသိုင်း အဝိုင်းသိရှိစေရန် မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားအသင်း၏ တိုက်တွန်းမှုနှင့် ဖလောရင့်နိုက်တင်ဂေးလ်ဆု လျှောက်ထားခဲ့သည်။
ဆေးဝါးမရှိ၊ မွေးဖွားမှုဆိုင်ရာ အထောက်အကူပြု ကိရယာများမပါဘဲ တတ်မြောက်ထားသည့် သူနာပြု အတွေ့အကြုံ ၊ သင်ခန်းစာဖြင့် မီးဖွားပေးနိုင်ခဲ့သည့် သူ၏ ကိုယ်တွေ့မှတ်တမ်းဖြင့် တင်ပြမှုကြောင့် ၂၀၁၅ ခုနှစ် မေလ ၁၂ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီအသင်းတို့က ချီးမြှင့်သည့် သူနာပြု များအတွက် အမြင့်ဆုံးဖြစ်သော ဖလောရင့်နိုက်တင်ဂေးလ်ဆုကို ကိုစနိုင်နိုင်ထွန်း ဆွတ်ခူးနိုင်ခဲ့သည်။
၂၀၁၅ ခုနှစ် မေလ ၁၂ ရက်နေ့ (ကမ္ဘာ့သူနာပြုများနေ့)တွင် ထုတ်ပြန်ကြေညာသော ၄၅ ကြိမ်မြောက် ဖလောရင့် နိုက်တင်ဂေးလ် ဆုရှင်များစာရင်းတွင် မြန်မာနိုင်ငံမှ ကိုစနိုင်နိုင်ထွန်း ပါဝင်ခဲ့ပြီး နိုင်ငံပေါင်း ၁၈ နိုင်ငံမှ သူနာပြု ၃၅ ဦး လည်း ကိုစနိုင်နိုင်ထွန်းနှင့်အတူ ဆုရရှိခဲ့ကြသည်။
ဖလောရင့်နိုက်တင်ဂေးလ်ဆုသည် ၁၉၁၂ ခုနှစ်မှ စတင်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ကိုစနိုင်နိုင်ထွန်း အပါအဝင် ၄ ဦး သာ ဆုရရှိခဲ့ပြီးဖြစ်သည်။
မြန်မာနိုင်ငံမှ ဖလောရင့်နိုက်တင်ဂေးလ်ဆုရှင်များအဖြစ် ဒုတိယ ကမ္ဘာစစ်အတွင်း စစ်ပြေးဒုက္ခသည်များကို ဘေးကင်းရာ ပြောင်းရွှေ့ပြီး ဒဏ်ရာရ လူနာများကို လူမျိုးရေးမခွဲခြားဘဲ နေ့မအား ညမနား ပြုစု စောင့်ရှောက်ပေးခဲ့မှုကြောင့် ၁၉၆၃ ခုနှစ်တွင် သူနာပြု ဆရာမကြီး ဗိုလ်မှူး ဒေါ်ခင်အုန်းမြ၊ ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်တွင်းစစ်အတွင်း ဒဏ်ရာရ ရဲဘော် များနှင့် အရပ်သားများကို သက်စွန့်ဆံဖျား ပြုစုစောင့်ရှောက်မှုကြောင့် ၁၉၉၃ ခုနှစ်တွင် သူနာပြုဦးစီးအရာရှိ ဒေါ်အမ်ယော်နမ် ၊ စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့တွင် မီးလောင်နေသော နေအိမ်အတွင်းမှ အသက်၈ နှစ်အရွယ် ကလေး ငယ်ကို စွန့်စွန့်စားစား ကယ်တင်ပေးခဲ့သည့် အတွက်၂၀၀၁ ခုနှစ်တွင် သားဖွား ဆရာမ ဒေါ်သိန်းရီတို့က ဆုရရှိခဲ့ဖူးသည်။
နှစ်ပေါင်း ၁၄ နှစ်ကျော်အကြာ မြန်မာနိုင်ငံမှ ကိုစနိုင်နိုင်ထွန်းက ဖလောရင့်နိုက်တင်ဂေးလ်ဆုကို ထပ်မံ ရရှိခဲ့ပြန်ရာ လူ ပေါင်း တသိန်းကျော် သေဆုံးခဲ့ရသည့် နာဂစ်မုန်တိုင်းကြားမှ တိုင်းပြည်ဂုဏ်ဆောင် သူရဲကောင်းတဦး ထွက်ပေါ်လာ ခြင်း ဟု ဆိုရ ပေမည်ဖြစ်သည်။