ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ လောခီးလာတွင် ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး ခေါင်းဆောင်များ ထိပ်သီးညီလာခံ၌် အစိုးရတပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် မဟာမိတ် ၃ ဖွဲ့အရေး ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိပ်သီးညီလာခံကို လော်ခီးလာတွင် ဇွန်လ ၂ ရက်နေ့မှ ၆ ရက်နေ့ထိ ကျင်းပမည်ဖြစ်ပြီး ယင်းအစည်းအဝေး၌ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)၊ တအောင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရကိ္ခုင့်တပ်မတော် (AA) တို့အရေးကို ဆွေးနွေးမည်ဟု ဆိုသည်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ၏ ခေါင်းဆောင်တဦးဖြစ်သည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ဒီ ၃ ဖွဲ့ အရေး ဘယ်လို ဖြေရှင်းကြမလဲဆိုတာကို အဲဒီမှာ ဆွေးနွေးမှာပေါ့။ သို့သော်လည်းပဲ အစိုးရဘက်က သဘောထားက ပိုအရေးကြီးလာတယ်။ အစိုးရဘက်က အားလုံးပါဝင်ရေးကို လက်ခံတယ် ဆိုလို့ရှိရင်တော့ ကျနော်တို့ အလုပ်လုပ်လို့ ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အစိုးရဘက်က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၎င်းတို့နှင့် ယခင်ဆွေးနွေးထားသည့် ၁၆ ဖွဲ့နှင့်သာ ကနဦး သဘောတူ စာချုပ်ချုပ်လိုပြီး MNDAA နှင့် AA ကဲ့သို့သော အဖွဲ့များကို နိုင်ငံရေးဆွေးနွေးပွဲ အဆင့်၌ ပါဝင်လာနိုင်ရေး စဉ်းစားထားကြောင်း သတင်းမီဒီယာများကို ထုတ်ဖော်ပြောဆိုထားသည်။
တိုင်းရင်းသား ခေါင်းဆောင်များက လာမည့် လော်ခီးလာညီလာခံ၌ ၎င်းတို့နှင့် အစိုးရအကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ရာတွင် အားလုံးပါဝင်နိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ပြီး အစိုးရ တပ်မတော်နှင့် တိုက်ပွဲဖြစ်နေသည့် မဟာမိတ်အဖွဲ့များကို ပထမအဆင့်၌ ပါဝင်နိုင်ခြင်း မရှိပါက ဒုတိယ အသုတ်အနေဖြင့် သတ်မှတ်ကာလ တခုအတွင်း၌ အပစ်ရပ် ဆွေးနွေး နိုင်ရေး အာမခံချက်တခု ရရှိရန် ရည်ရွယ်လျက်ရှိသည်။
“တပြိုင်နက်တည်း မပါသေးရင်တောင်မှ အသုတ်နဲ့ အသုတ်နဲ့ပါဖို့ အာမခံချက် ပေးဖို့လိုတယ်။ အဲသလို အာမခံချက်တွေ ပေါ်လာရင်တော့ အဲဒီ အာမခံချက်အပေါ်မှာ နည်းနာ ရှာသွားတာပေါ့ဗျာ။ ချန်တော့မချန်ဘူး။ သို့သော်လည်း တပြိုင်နက် တည်းဖြစ်ချင်မှ ဖြစ်မယ်၊ အဲဒီ ချွင်းချက်လေးတော့ ရှိရင် ရှိမှာပေါ့” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
လော်ခီးလာညီလာခံ၌ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ပေးအပ်လိုက်သည့် တာဝန်များကို တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) အနေဖြင့် ပြန်လည် တင်ပြသွားမည်ဖြစ်ပြီး အပစ်အခတ် ရပ်စဲရေးအတွက် အဓိကကျသည့် အချက်များကိုလည်း ဦးတည် ဆွေးနွေးသွားမည်ဖြစ်ကြောင်း NCCT ဒုဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းက ပြောသည်။
ပဒို ကွယ်ထူးဝင်းက “အဓိက ကတော့ ၂ ချက်ပေါ့လေ။ ၁ အချက်က NCA Final Draft ကိစ္စကို ပြန်တင်ပြမယ်။ သူတို့ သုံးသပ်ပြီး ဆုံးဖြတ် အတည်ပြုချက်တော့ ယူရမှာပေါ့။ ဒုတိယအချက်ကတော့ The Framework of Political Dialogue (နိုင်ငံရေးတွေ့ဆုံ ဆွေးနွေး ရေးဆိုင်ရာ မူဘောင်) ဆိုတဲ့ မူကြမ်းကို တင်ပြီးရင်တော့ သူတို့ရဲ့ အတည်ပြုချက်ကို ရယူဖို့ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
တိုင်းရင်းသား ထိပ်သီးညီလာခံကို လော်ခီးလာ၌ ကျင်းပလျင် လုံခြုံရေးအရ တက်ရောက်ရန် အခက်အခဲ ရှိကြောင်း MNDAA က ပြောဆိုထားသော်လည်း ညီလာခံကို ဦးဆောင်ကျင်းပမည့် KNU ကတော့ MNDAA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အားလုံးကို ဖိတ်ကြားထားပြီး ဖြစ်ကြောင်း ပဒို ကွယ်ထူးဝင်းက ပြောသည်။
ထို့ပြင် လောခီးလာတွင် ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ ထိပ်သီးညီလာခံကို လွတ်လပ်စွာ သတင်းဖော်ပြနိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများကို ဖိတ်ကြားသွားရန် ပြင်ဆင်ထားသည်ဟုလည်း ဆိုသည်။
လော်ခီးလာ၌ ယခုကျင်းပမည့် တိုင်းရင်းသား ထိပ်သီးညီလာခံသည် ၅ ကြိမ်မြောက် ညီလာခံဖြစ်လာမည်ဖြစ်ပြီး ယခင်က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေတွင် ၂ ကြိမ်၊ ဝပြည်သွေးစည်ညီညွှတ်ရေးပါတီ (UWSP) ထိန်းချုပ်နယ်မြေတွင် ၁ ကြိမ်နှင့် လော်ခီးလာတွင် ၁ ကြိမ် ကျင်းပခဲ့ဖူးသည်။